ပြည်တွင်းရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတချို့က လေယာဉ်လက်မှတ်နှုန်းခအတွက် အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၃,၀၀၀ ကျပ်နှုန်းနဲ့ သတ်မှတ်ထားပေမဲ့ အဲဒီနှုန်းထားနဲ့ ရောင်းဖို့ အဆင်မပြေဘူးလို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ပြောပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ပုဂ္ဂလိကပိုင် Air Kanbawza လေကြောင်းလိုင်းတို့က ပြည်ပခရီးစဉ်အတွက် လေယာဉ်လက်မှတ်တွေကို ရောင်းချရာမှာ သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ ပေးသွင်းနိုင်ကြောင်း သြဂုတ် ၃၀ ရက် နေ့စွဲနဲ့ အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ပါ ဖော်ပြချက်အရ မြန်မာအမျိုးသားလေကြောင်းလိုင်းက သူတို့လက်အောက်ရှိ ခွင့်ပြုထားတဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေအနေနဲ့ လေယာဉ်လက်မှတ် ရောင်းချမှုအတွက် အမေရိကန်ဒေါ်လာ Deposit ပေးသွင်းတဲ့အခါ Exchange Rate နှုန်းထား အမေရိကန်ငွေ ၁ ဒေါ်လာကို မြန်မာငွေ ၃,၀၀၀ ကျပ်နဲ့ ညီမျှတဲ့ ငွေသား (သို့မဟုတ်) Mobile Banking နဲ့ သြဂုတ် ၃၀ ရက်ကစပြီး ပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။
အလားတူ ပုဂ္ဂလိကပိုင် Air Kanbawza လေကြောင်းလိုင်းကလည်း လက်မှတ်အရောင်းကိုယ်စားလှယ်တွေအနေနဲ့ လေယာဉ်လက်မှတ် ရောင်းချမှုတွေအတွက် အမေရိကန်ဒေါ်လာ Deposit ပေးသွင်းတဲ့အခါ Exchange Rate နှုန်းထား အမေရိကန်ငွေ ၁ ဒေါ်လာကို မြန်မာငွေ ၃,၀၅၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ သူတို့သတ်မှတ်ထားတဲ့ Exchange Rate နှုန်းနဲ့ လေယာဉ်လက်မှတ်တွေကို ရောင်းပေးဖို့က အဆင်မပြေဘူးလို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ဆိုပါတယ်။
“ကျမတို့ ဒေါ်လာနဲ့ပဲ လက်ခံပါတော့တယ်ရှင့်။ သူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ မရပါဘူးရှင်။ ဘာလို့လဲဆို ညီမတို့က နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ပေးထားတဲ့ ဘဏ်တွေကနေ ဒေါ်လာဝယ်လို့မရဘူး။ အဲ့တော့ ဒေါ်လာလိုတဲ့အခါ အပြင်ကနေ ဝယ်ရတယ်။ ဝယ်ရတဲ့အတွက် အပြင်ပေါက်ဈေးနဲ့ပဲ လက်ခံပေးပါတော့တယ်။ ကျမတို့လည်း အခုဆိုရင် ရောင်းရှုံး ဖြစ်နေရတယ်။ ဘာလို့ဆို မနက်ခင်းဈေးက တမျိုး၊ ညနေခင်းရောက်တဲ့အခါ ဈေးက တဈေးဖြစ်နေလို့ပါ။ အဲ့ဒါကြောင့် ဒီနေ့ကစပြီး ဒေါ်လာနဲ့ပဲ လက်ခံတော့တာပါ။ တကယ်လို့ ဒေါ်လာမပေးနိုင်ရင် အပြင်ပေါက်ဈေးနဲ့ ပေးမှပဲ ရပါမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
တဖက်မှာလည်း နိုင်ငံခြားငွေနဲ့ အသုံးပြုနိုင်တဲ့ Visa နဲ့ Master တို့မှ credit card တွေကိုသုံးပြီး လေယာဉ်လက်မှတ် ဖြတ်ရာမှာလည်း ဗဟိုဘဏ်က ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက်ထားရှိဖို့ လိုတယ်လို့ အသုံးပြုသူတယောက်က ထောက်ပြပြောပါတယ်။
“မနေ့တနေ့ကပဲ အသိမိတ်ဆွေ တယောက်အတွက် CB Bank ကထုတ်တဲ့ Master credit card ကိုသုံးပြီး Air Asia လေယာဉ်လက်မှတ် တစောင်ကို ဝယ်တာ ၁၅၄ ဒေါ်လာပေးရတယ်။ ဒါပေမဲ့ သူတို့ဖြတ်သွားတာက ၅ သိန်းကျော် ဖြတ်သွားတယ်။ (အတိအကျဆိုရင် ၅၂၅,၄၀၄ ကျပ်ပေါ့)။ သူတို့ဖြတ်သွားတဲ့နှုန်းကို ကိုယ့်ဘာသာ တွက်ကြည့်လိုက်တာ တဒေါ်လာ ကို ၃,၄၁၁ ကျပ်ကျတယ်။ ပြောချင်တာက ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်း (၂,၁၀၀ ကျပ်) နဲ့ယှဉ်ရင် ရာခိုင်နှုန်း ၆၂ ရာခိုင်နှုန်းတောင် ပိုများနေတာ။ ဆိုတော့ ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းဘဏ်တွေက ထုတ်ဝေတဲ့ Visa တို့ Master တို့သုံးပြီး Credit card နဲ့ Debit card တွေ ခွင့်မပြုခင်မှာ ငွေရေးကြေးရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းသူ အာဏာပိုင် (regulator) ဖြစ်တဲ့ ဗဟိုဘဏ်က အဲ့လိုမျိုး processing fee ကို ဘယ်လောက်အထိ အများဆုံး ကောက်ခံရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိ မရှိ မေးချင်တယ်။ ပြီးတော့ အခုလို ၆၂ ရာခိုင်နှုန်းအထိ ကောက်တာမျိုးကို regulator ဖြစ်တဲ့ ဗဟိုဘဏ်က တခုခုပြောဖို့ အစီအစဉ် ရှိ မရှိ ဆိုတာလည်း သိချင်တယ်” လို့ ပြောပါတယ်။
ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးက စစ်တပ် အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်က ၁ ဒေါ်လာကို မြန်မာငွေ ၁,၃၀၀ နဲ့ ၁,၄၀၀ အကြားမှာ အရောင်းအဝယ်ရှိနေတာပါ။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ လူထုက အဏာသိမ်းစစ်ကောင်စီအပေါ် ယုံကြည်မှု ကင်းမဲ့လာတာနဲ့အမျှ မြန်မာကျပ်ငွေတန်ဖိုးကလည်း တစတစနဲ့ ဆက်တိုက်ကျဆင်းလာပါတယ်။
ဒါကြောင့် ဒီကနေ့ သြဂုတ် ၃၁ ရက် အရောင်းအဝယ် ဖြစ်နေတဲ့ အပြင်ဈေးနှုန်းက ၁ ဒေါ်လာကို မြန်မာငွေ ၄,၃၀၀ နဲ့ ၄,၄၀၀ ကျပ်အကြားမှာ ရှိနေပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းကတော့ ၁ ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နှုန်း သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
ဒီနေ့ သြဂုတ် ၃၁ ရက် ညနေပိုင်းမှာ အခေါက်ရွှေ တကျပ်သားကို မြန်မာငွေ ၃၅ သိန်းထိ စံချိန်သစ် ထပ်တင်ခဲ့ပါတယ်။
အချိန်နဲ့အမျှ တရိပ်ရိပ်မြင့်တက်နေပြီး စျေးမတည်ငြိမ်တာကြောင့် ရွှေအတုံးအခဲစျေးကွက်မှာ လတ်တလော အရောင်းရပ်တန့်နေတယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ရွှေစျေးကွက်အတွင်း မနေ့က အခေါက်ရွှေတကျပ်သားကို ကျပ် ၃၂ သိန်းဝန်းကျင်နဲ့ စျေးပိတ်ခဲ့ပြီး ဒီနေ့ညနေပိုင်းမှာတော့ ကျပ် ၃၅ သိန်းကျော်ထိ စျေးထပ်မံမြင့်တက်လာခဲ့တာပါ။
ရွှေဝယ်ရောင်းလုပ်ကိုင်သူတယောက်က “စျေးမငြိမ်တော့ အရောင်းရပ်ထားတယ်။ ပစ္စည်းမရှိဘူးပဲ ပြောကြတယ်။ စျေးကွက်ပျက်နေတဲ့သဘောပဲ။ အတုံးအခဲပိုင်းမှာ အဝယ်များပြီး အရောင်းနည်းနေတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာကြောင့် ဒေါ်လာနဲ့ ရွှေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာပြီး အခုလို ဈေးနှုန်းတွေ ထိုးတက်နေတာပါ။
မနေ့က အမေရိကန်တဒေါ်လာကို ကျပ်ငွေ ၃,၇၀၀ နဲ့ စျေးပိတ်ခဲ့ပြီး ဒီနေ့ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်းမှာ ၄,၄၀၀ ကျပ်ထိ စံချိန်တင် မြင့်တက်နေပါတယ်။
အခုလို အမြင့်စျေးရောက်နေပေမဲ့ ဒေါ်လာလက်ဝယ်ရှိသူတွေက ထုတ်ရောင်းချမှု မရှိတာကြောင့် အဝယ်သာရှိပြီး အရောင်းမရှိ ဖြစ်နေတယ်လို့လည်း စျေးကွက်အတွင်းက သိရပါတယ်။
ဒေါ်လာဝယ်ရောင်းသမားတယောက်က “စျေးက အတက်ပဲဦးတည်ြပီး ဝယ်လိုအားများနေတယ်။ အရောင်းသိပ်မရှိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံအတွင်းမှာရှိတဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်း ပိုင်ဆိုင်တဲ့ ဒေါ်လာငွေတွေအပေါ် ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်လာပြီးနောက် ပြည်တွင်းမှာ ဒေါ်လာဈေး တရှိန်ထိုး ထပ်မံမြင့်တက်လာပြီး ပြင်ပဒေါ်လာနဲ့ တွက်ချက်ရောင်းဝယ်တဲ့ မြန်မာ့ရွှေဈေးလည်း တပါတည်း လိုက်ပါမြင့်တက်လာတာ ဖြစ်ပါတယ်။
ဒေါ်လာနဲ့ရွှေ စျေးမြင့်တက်မှုနဲ့အတူ လောင်စာဆီစျေးနှုန်း၊ စားသောက်ကုန်စျေးနှုန်း၊ လူကုန်သုံးစျေးနှုန်းတွေလည်း အမြန်ဆုံးနှုန်းထားနဲ့ တရိပ်ရိပ် တက်လာနေပါတယ်။ ဒီလို ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ဝင်ငွေနည်း၊ အခြေခံလူတန်းစားတွေ နာလံမထူနိုင် ဖြစ်နေရပါတယ်။
စီးပွားရေးမူဝါဒအလွဲတွေ ချမှတ်နေတဲ့ စစ်ကောင်စီကတော့ နိုင်ငံစီးပွားရေးကို ဦးမော့လာအောင် လုပ်မယ်လို့ ကြွေးကြော်ထားပါတယ်။ နိုင်ငံ့စီးပွားရေးကို ခြောက်လအတွင်း ဦးမော့လာအောင် လုပ်မယ်၊ အလုပ်လုပ်သူတိုင်း ဝင်ငွေရရှိစေရမယ်လို့ စစ်အုပ်စု ခေါင်းဆောင်က ကြုံးဝါးထားတာပါ။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ မကြာသေးမီက အစီရင်ခံစာမှာတော့ လာမယ့်နှစ် မြန်မာနိုင်ငံမှာ နိုင်ငံလူဉီးရေ ထက်ဝက်နီးပါး ဆင်းရဲသွားနိုင်တယ်လို့ သတိပေးထားပြီး မြို့ပြနေလူတန်းစားရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၃ ဆ မြင့်တက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာပြည်တွင်းမှာ ဒေါ်လာဈေးတက်တဲ့ ဂယက်ကြောင့် ဆန်ဈေးနှုန်း အမြင့်ဆုံး ရောက်ရှိနေချိန် အခုထက် စျေးမြင့်တက်လာမှာ၊ ဆန်ပြတ်လပ်မှာကို စိုးရိမ်ပြီး မလိုအပ်ဘဲ ကြိုတင်ဝယ်ယူ စုဆောင်းမှုတွေကြောင့် ပြည်တွင်းဆန်စျေးတွေ ထပ်မံ မြင့်တက်လာပါတယ်။
ရန်ကုန်မြို့က ဆန်လက်လီရောင်းချသူတဦးက “စျေးကတော့ တပတ်တစျေးပဲ၊ တောက်လျှောက် တပြည်ကို ကျပ် ၁၀၀၊ ၂၀၀ တက်နေတာ။ ဆန် order ကလည်း ဒီရက်ပိုင်းတွေမှာ အတော်တက်လာတယ်။ တချို့အိမ်တွေဆို သုံးအိတ်လောက်ထိ ဝယ်တယ်” လို့ ပြောပါတယ်။
မလိုအပ်ဘဲ ဆန်ကြိုတင်ဝယ်ယူစုဆောင်းမှုတွေက ဈေးကွက်ကို မတည်မငြိမ်ဖြစ်စေပြီး စျေးနှုန်းကို ထပ်မံမြင့်တက်လာစေတယ်လို့ စျေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
စျေးကွက်စောင့်ကြည့်သူတဦးက “ရွှေဘိုအတင်းစွတ်ဝယ်တော့ ရွှေဘိုတက်တဲ့နောက် ဧရာဝတီ ပေါ်ဆန်းတွေလည်း လိုက်တက်၊ စားသုံးသူတွေက လုဝယ်၊ ဒိုင်တွေက လုသိမ်း၊ ဈေးတွေက စွတ်တက်၊ ပစ္စည်းကမထွက်၊ လုံးလည်ချာလည်လိုက်နေတာပဲ။ ဒိုင်တွေက တက်မှာသိတော့ ကြိုဝယ်ပြီး လှောင်တာပေါ့။ အဲ့ဒီမှာတင် ပစ္စည်းကပြတ်၊ အိမ်စားတွေ အများကြီးဝယ်ပြီး သိမ်းထားရင်တော့ ပိုတက်ပြီး ပစ်ရတာပဲဖြစ်မယ်။ အတင်းစွတ်ဝယ်တော့ ဒိုင်တွေက အကြိုက်တွေ့ပြီး ဈေးတွေ အော်ပျံကုန်ရော။ ဆန်မပြတ်ဘူး။ အတင်းစွတ်ဝယ်ရင် တက်ရမယ့် ဈေးထက် ပိုတက်လိမ့်မယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့၊ ဝါးတန်းဆန်ကုန်စည်ဒိုင်ရဲ့ စျေးနှုန်းစာရင်းအရ သြဂုတ် ၁၅ ရက်မှာ ရွှေဘိုပေါ်ဆန်း တအိတ်ကို အနိမ့်ဆုံး ၇၈,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၉၀,၀၀၀ ကျပ်ထိ စျေးပေါက်ပြီး မြောင်းမြပေါ်ဆန်း တအိတ်ကို ၆၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တအိတ်ကို ငွေကျပ် ၆၀,၀၀၀ ကနေ ၆၂,၀၀၀ အကြား၊ ရက် ၉၀ ဆန်တအိတ်ကို ကျပ် ၄၅,၀၀၀ ကနေ ၄၈,၀၀၀ ကြား အသီးသီးရှိပါတယ်။
အမျိုးအစားအလိုက် ဆန်တအိတ်ကို ငွေကျပ် ၁,၀၀၀ ကနေ ၇,၀၀၀ အထိ ရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခဲ့ပြီး ရွှေဘိုပေါ်ဆန်း အမျိုးအစား ဆန်ဈေးနှုန်းတွေက တအိတ်ကို ငွေကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ အကြားအထိ စျေးထပ်မံ မြင့်တက်လာပါတယ်။
တလအတွင်း ပေါ်ဆန်းဆန်တအိတ်ကို ပျမ်းမျှ ကျပ် ၁၀,၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်ခဲ့ပြီး ရွှေဘိုပေါ်ဆန်းကတော့ တအိတ်ကို ကျပ်၂၀,၀၀၀ ကျော် ထပ်မံမြင့်တက်လာပါတယ်။
ရန်ကုန်မြို့နေ ပြည်သူတဦးက “ဆန်က တက်ပြီးရင်း တက်ရင်းပဲ။ အစစအရာရာ ကုန်စျေးနှုန်းတက်နေချိန်မှာ ဆန်စျေးထပ်တက်တော့ ဝင်ငွေနည်းတဲ့သူတွေ ပိုခက်ခဲစေတယ်” လို့ ပြောပါတယ်။
အခုလို ဆန်စျေးတွေ မြင့်တက်လာရတာက စျေးကွက်ရဲ့ ဝယ်လိုအားအပြင် ဒေါ်လာဈေး ဂယက်ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ သွင်းအားစုဈေးနှုန်း မြင့်တက်လာမှု၊ အထွက်နှုန်းလျော့ကျမှု စတဲ့အချက်တွေနဲ့လည်း သက်ဆိုင်နေတယ်လို့ သုံးသပ်ထားကြပါတယ်။
ဆန်စပါးအသင်း တာဝန်ရှိသူကတော့ ဆန်ဈေးနှုန်း မြင့်တက်နေပေမဲ့ ပြည်တွင်းမှာ ဆန်လုံလောက်မှု ရှိတဲ့အတွက် စိုးရိမ်စရာမလိုဘူးလို့ ပြည်တွင်းမီဒီယာတခုကို ပြောကြားထားပါတယ်။