မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ၂၈၆၅ ကျပ်အထိ မြင့်တက်လာသလို အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားစျေးနှုန်းကလည်း ကျပ် သိန်း ၃၀ အထက်ကို ပြန်လည်မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ရွှေဈေးမြင့်တက်လာလို့ YGEA ဦးဆောင်ပြီး ရွှေဈေးနှုန်းတည်ငြိမ်ရေး ဖိအားပေးလုပ်ဆောင်ခဲ့လို့ ဈေးအတန်အသင့် ပြန်ကျဆင်းလာပြီး အခုအခါ ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးတို့နဲ့အတူ ဈေးပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာရွှေဈေးက မေလ အစောပိုင်းမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၂၀၀၀ အောက်မှာပဲ ရှိခဲ့ပါတယ်။ မေ ၅ ရက်နေ့မှာတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၂၀၄၀ အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်း ဈေးကွက်မှာလည်း ရွှေဈေးနှုန်း လိုက်ပါမြင့်တက်လာပါတယ်။
အခု မေလ ၁၁ ရက် နေ့လယ်ပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၂၀၂၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ပြီး ဈေးပြန်လည်ကျဆင်းလာပေမယ့် ပြည်တွင်းဈေးကတော့ တစ်ကျပ်သားကို ကျပ် သိန်း ၃၀ အထက်မှာပဲ ဆက်ရှိနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကဒီနေ့ နေ့လည်ပိုင်းမှာ ရွှေတကျပ်သားကို ၂,၃၉၃,၉၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ရွှေစျေးအတက်ဘက်ကို ဦးတည်နေပေမယ့် ဈေးကွက်ထဲမှာတော့ အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
ဒေါ်လာဈေးကလည်း တစ်ဒေါ်လာကို ရောင်းဈေး ၂၈၆၀ ကျပ်၊ ဝယ်ဈေး ၂၈၄၅ ကျပ်နဲ့ ဈေးငြိမ်နေရာကနေ အခုရက်ပိုင်းမှာ ပြန်လည် မြင့်တက်လာတာဖြစ်တယ်လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေထံက သိရပါတယ်။
“ဒေါ်လာဈေးက ဒီရက်ပိုင်း တဖြည်းဖြည်းပြန်တက်တယ်။ အရင်ရက်က ဝယ်ဈေး ၂၈၄၀ ကျပ်ပဲရှိတယ်”လို့ နိုင်ငံခြား ငွေကြေးရောင်းဝယ်သူ တစ်ဦးက ပြောပါတယ်။
ပြည်တွင်းရွှေဈေး အတက်အကျက ပြည်တွင်းဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျအပေါ် မူတည်နေပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မှာလူထုရဲ့ ကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လနှောင်းပိုင်းက အမေရိကန် တစ်ဒေါ်လာ ကို ၄၅၀၀ ကျပ်အထိ စံချိန်တင် ထိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ရောင်းဝယ်တဲ့ ပြည်တွင်းရွှေဈေးလည်း တစ်ကျပ်သားကို ကျပ် ၃၅ သိန်းကျော်ထိ ရောက်ရှိခဲ့ပါတယ်။
အခုနှစ် စက်တင်ဘာလဆန်းပိုင်းကစလို့ တရိပ်ရိပ် ပြန်ကျဆင်းလာခဲ့တဲ့ အမေရိကန် ဒေါ်လာ နဲ့ မြန်မာကျပ်ငွေလဲနှုန်းဟာ အခုရက်ပိုင်းအတွင်းမှာ တဒေါ်လာကို ကျပ် ၂၉၀၀ နီးပါးအထိ ပြန်လည်တက်ရိပ်ပြလာပါတယ်။
ရန်ကုန်နိုင်ငံခြားငွေဈေးကွက်မှာ ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းက အမေရိကန် တဒေါ်လာကို ဝယ်ဈေး ၂,၈၇၅ ကျပ်၊ ရောင်းဈေး ၂,၈၉၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေထံက သိရပါတယ်။
ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတဦးက “အရင်ရက်တွေက တောက်လျှောက်ဆင်းနေပြီးတော့ မနေ့က နည်းနည်းပြန်တက်လာတယ်။ ဒီနေ့ကျတော့ ၂,၉၀၀ ဝန်းကျင်လောက်ထိ ထပ်တက်လာတာ” လို့ ပြောပါတယ်။
ပြင်ပစျေးကွက်မှာ ဒေါ်လာငွေလဲနှုန်းနဲ့အတူ ရွှေစျေးနှုန်းလည်း လိုက်ပါမြင့်တက်ခဲ့ပြီး ဒီကနေ့ အခေါက်ရွှေ တကျပ်သားကို ၂,၆၉၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ စျေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။
ပြည်တွင်း နိုင်ငံခြားငွေစျေးကွက်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက အမေရိကန် တဒေါ်လာကို ကျပ် ၄,၀၀၀ ကျော်ထိ စံချိန်တင် အမြင့်ဆုံးစျေး ရောက်ခဲ့ဖူးပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၂,၁၀၀ ကျပ် တိုးမြှင့်သတ်မှတ်လိုက်ပြီးတဲ့ နောက်မှာ ကောလာဟလတွေနဲ့အတူ တဟုန်ထိုး မြင့်တက်သွားခဲ့တာဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းက စလို့ ဒေါ်လာစျေးရော ရွှေစျေးပါ တဖြည်းဖြည်း ပြန်ကျဆင်းလာခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ အမေရိကန် တဒေါ်လာကို ဝယ်စျေး ၂,၈၁၀ ကျပ် ရောင်းစျေး ၂,၈၅၀ ကျပ်နှုန်းနဲ့ အချိန်ကြာကြာ စျေးငြိမ်နေခဲ့ပါတယ်။