close

ဒေါ်လာယူမှု

close

May 10, 2022

စီးပွားရေးသမား ဦးမောင်ဝိတ်ဆီက ဒေါ်လာယူမှုဖြင့် နိုင်ငံခေါင်းဆောင်ကို စွပ်စွဲထားသည့်အမှု စစ်ဆေး

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီက ဒေါ်လာ ယူခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို   စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အမှု အဂတိ ၂ မှု အတွက် မေလ ၁၀ ရက်က ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

လုပ်ငန်းတွေ အဆင်ပြေစေဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာပေးခဲ့ရတယ်လို့ မောင်ဝိတ်က ထွက်ဆိုထားပြီး စစ်ကောင်စီက အဂတိမှုတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ အမှုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးရဲထက်ဆိုသူကို စစ်မေးခဲ့ကာ ၃/ ၂၀၂၂ အမှုအတွက် အဓိကစစ်ဆေးချက်ပြီးသွားပြီး နောက်ရုံးချိန်းမှာ အပြန်လှန်စစ်မေးသွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါအပြင် ဒီနေ့ရုံးချိန်းမှာပဲ ၄/၂၀၂၂ အမှုအတွက် ဆက်လက်စစ်ဆေးတာမှာ အဓိက စစ်မေးချက်မပြီးသေးဘဲ စာရွက်စာတမ်းတခုနဲ့ပတ်သက်ပြီး အမိန့်ချဖို့ကျန်နေတဲ့အတွက် အဲဒါကို အမိန့်ချပြီးမှ ဆက်စစ်မယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ရုံးချိန်မှာ အဓိကတိုင်ကြားသူ တရားလိုကိုပဲ စစ်ဆေးတာဖြစ်တဲ့အတွက် ဦးမောင်ဝိတ်ကို ခေါ်မထားသေးဘူးလို့လည်း သိရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အဂတိမှုတွေနဲ့ပတ်သက်ပြီး သက်သေတဦးဖြစ်တဲ့ ဒေါက်တာသန့်သော်ကောင်း ရုံးချိန်းမလာရောက်တဲ့အတွက် ပယ်ဖျက်လိုက်တယ်လို့လည်း သိရပါတယ်။

1 hour Ago
Up