close

ဒေါ်လာ ၆၂၀၀

close

March 19, 2023

တက္ကဆက်ပြည်နယ် ရောင်နီလာရာလမ်းရုပ်ရှင်ပွဲကနေ ဒေါ်လာ ၆၂၀၀ ကျော် ရန်ပုံငွေရရှိ

ဒါရိုက်တာကိုပေါက်ရဲ့ ရောင်နီလာရာလမ်း တော်လှန်ရေးရုပ်ရှင်အထူးပွဲကို ဒေသစံတော်ချိန် မတ် ၁၈ ရက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ လူးဝစ္စဗေးလ်မြို့၊ Bethel Baptist Church မှာ ပြသခဲ့ပြီး စုစုပေါင်းရန်ပုံငွေ ဒေါ်လာ ၆၂၆၀ (ငွေကျပ် ၁၇၅ သိန်းကျော်) ရရှိခဲ့တယ်လို့ DFW Myanmar Ethnic Community က ပြောပါတယ်။

ရောင်နီလာရာလမ်းရုပ်ရှင်အထူးပွဲနဲ့ ရန်ပုံငွေဈေးရောင်းပွဲကနေရလာတဲ့ အကျိုးအမြတ်အားလုံးကို စစ်ဘေးသင့်နေတဲ့ မြန်မာပြည်သူတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

DFW Myanmar Ethnic Community အဖွဲ့ဝင်ကို ဇာနည်ဝင်းက "ကျနော်တို့ တက္ကဆက်ပြည်နယ် DFW လူးဝစ္စဗေးလ်မြို့မှာ ဒီနေ့ရောင်နီလာရာလမ်းရုပ်ရှင်ကို အောင်မြင်စွာပြနိုင်ပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျနော်တို့ ရန်ပုံငွေရှာဖွေရေး အစားအသောက်ရောင်းချတာနဲ့ လက်ဆောင်ပစ္စည်းရောင်းချတာအားလုံး စုစုပေါင်း ဒေါ်လာ ၆၂၆၀ ရန်ပုံငွေရရှိခဲ့ပါတယ်လို့ အောင်မြင်စွာနဲ့ကြေညာအပ်ပါတယ်။ အဘက်ဘက်က ဝိုင်းဝန်းကူညီကြတဲ့ ဘုရားကျောင်းကမိသားစု၊ ဗော်လန်တီယာတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်"လို့ ပြောပါတယ်။

သရုပ်ဆောင်ဒါရိုက်တာကိုပေါက်ရဲ့ ရောင်နီလာရာလမ်းရုပ်ရှင်ပြပွဲတွေ ပြုလုပ်ပြီး ကမ္ဘာတဝန်းရောက် မြန်မာတွေက တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေတာပါ။ 

ဒါရိုက်တာကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြပွဲတွေတုန်းကလည်း ကမ္ဘာတဝန်း နိုင်ငံတွေက မြန်မာအသိုက်အဝန်းမှာပြသခဲ့ပြီး ရန်ပုံငွေအများအပြားရရှိခဲ့ပါတယ်။

11 mins Ago
Up