close

ဒေါ်လာ ၆ သန်း

close

May 27, 2022

စစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ်ရောင်းချမှု ဒေါ်လာ ၆ သန်းရရှိထား

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက  ရောင်းချ နေရာမှာ ၃ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၆ သန်းဖိုးထိ ရှယ်ယာရောင်းချထားရပြီးဖြစ်ကာ ဝယ် ယူသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန် ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ် ရေးထိုးထုတ်ပြန်ထားပါတယ်။

“စစ်အာဏာရှင် မင်းအောင်လှိုင် မတရား ပိုင်ဆိုင်ရယူထားတဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄  ရှယ်ယာများကို ရောင်းချခဲ့တဲ့  ၃ ပတ်မြောက်မှာပဲ ဒေါ်လာ ၆ သန်း ဖိုးအထိ ရောင်းချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ပြောခဲ့သလို ဒီ ငွေများဟာ အားလုံးသိတဲ့ အရေးအကြီးဆုံးဆိုတဲ့ နေရာများမှာ တိုက်ရိုက် အသုံးပြုနေတာဖြစ်လို့ တော်လှန်ရေးအတွက် အရေးအပါဆုံး ဘဏ္ဍာရန်ပုံငွေများဖြစ်နေပါတယ်။ တော်လှန် ရေး သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တဲ့ ရှယ်ယာများ ရောင်းချတဲ့ လုပ်ငန်းစဥ်မှာ ပါဝင်ကြတဲ့ ရဲဘော်ရဲဘက်ပြည်သူများနဲ့ ကိုယ်စားလှယ်များကိုကျေးဇူးတင်လေးစား ဂုဏ်ပြုလိုက်ပါတယ်။” The End of Dictatorship-EOD က ပြောပါတယ်။

လတ်တလောအချိန်ထိ ဝယ်ယူသူတွေထဲမှာ ဒေါ်လာ တစ်သောင်းဖိုးအထက် ဝယ်ယူခဲ့သူ အယောက် ၂၀၀ ကျော် ရှိနေပြီး အများဆုံး ဝယ်ယူသူက အစောင် ၂၀၀၀ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄  ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

15 mins Ago

June 24, 2021

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာ ၆ သန်း ထပ်မံရောင်းချ

စစ်ကောင်စီသိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ ဇွန် ၂၄ ရက်က နိုင်ငံခြားငွေ အမေရိကန်  ဒေါ်လာ ၆ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁၅၉၀ ကျပ်နဲ့ စျေးပြိုင်လေလံ  ရောင်းချခဲ့ပါတယ်။ 

ဇွန် ၇ ရက်ကလည်း နိုင်ငံခြားငွေဈေးပြိုင် လေလံနဲ့ ဒေါ်လာ ၃ သန်းကို ဗဟိုဘဏ်က ရောင်းချခဲ့ပါတယ်။ 

မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်တဲ့စာရင်းတွေအရ အခု ဇွန်လလက်ရှိအချိန်အထိအတွင်း မှာဗဟိုဘဏ်ဟာ ဒေါ်လာ ၉ သန်း ရောင်းချထားပြီး ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာပြီး အမေရိကန်ဒေါ်လာဈေးက ၁ ဒေါ်လာကိုကျပ် ၁၇၀၀ကျော် အထိ မေလအတွင်းက စံချိန်တင်ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက် ဗဟိုဘဏ်က ဒေါ်လာစျေး မတက်အောင် ထိန်းချုပ်ဖို့  နိုင်ငံငွေ စျေးပြိုင်လေလံစနစ်နဲ့    စျေးကွက်အတွင်း ဒေါ်လာရောင်းချမှုကို ခပ်စိပ်စိပ်ဆောင်ရွက်လာသလို ငွေလဲ ကောင်တာတွေက တစ်ဆင့်  ဒေါ်လာ ရောင်းချတာမျိုးလည်း လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်ကထုတ်ပြန်တဲ့စာရင်းတွေအရ မေလအတွင်း ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံနဲ့ ဒေါ်လာ ၂၄ သန်းထိ ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။

ဇွန် ၂၄ ရက်မှာ ကန်ဒေါ်လာ ငွေလဲနှုန်း ပြင်ပပေါက်စျေးဟာ  တစ်ဒေါ်လာကို ကျပ် ၁၆၂၀ စျေးပေါက်ပြီး အနည်းငယ်ပြန်လည်တက် ရိပ်ပြနေပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်မှာ ကန်ဒေါ်လာငွေလဲနှုန်းက ကျပ် ၁၆၀၀ ၀န်းကျင်မှာပဲ ရှိခဲ့တာဖြစ် ပါတယ်။

ကျပ်ငွေတန်ဖိုးကျတာအပြင် လတ်တလောမှာ ငွေစက္ကူရှားပါးနေတာကြောင့် ဘဏ်တွေ ဟာ ပြည်သူတွေရဲ့ အပ်ငွေတွေကို လိုသလောက် ထုတ်မပေးနိုင်ဖြစ်နေဆဲဖြစ်ပါတယ်။

  အဲဒီပြဿနာကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဖြေရှင်းဖို့ ကြိုးစားပေမဲ့ အခုချိန်ထိ ပြေလည် ခြင်း မရှိသေးပါဘူး။

11 months Ago
Up