close

ဒေါ်လဲ့လဲ့မော်

close

November 17, 2022

တနင်္သာရီတိုင်းအကျဉ်းထောင်များမှ ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အပါအဝင် အကျဉ်းသား ၁၀၅ ဦး ပြန်လွတ်

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသားတွေ ဒီနေ့ ပြန်လွှတ်ပေးတဲ့အထဲမှာ တနင်္သာရီတိုင်း အကျဉ်းထောင်တွေကနေ  ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အပါအဝင်  အကျဉ်းသား ၁၀၅ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။ 

စစ်ကောင်စီက‌ နိုင်ငံတဝန်းအကျဉ်းသား ၅၇၀၀  ကျော်ကို  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ခွင့်နဲ့ ပြန်လွှတ်ပေးမယ်လို့ ဒီကနေ့ ကြေညာထားခဲ့ပြီး တနင်္သာရီတိုင်းမှာရှိတဲ့ အကျဉ်းထောင် ၃ ခုနဲ့ ရဲဘက်စခန်းတခုကနေ အကျဉ်းသားစုစုပေါင်း ၁၀၅ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။

ဒီအထဲမှာ အဂတိလိုက်စားမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်ကောင်စီခန့် ဝန်ကြီးတစ်ယောက်က အတည်ပြု ပြောပါတယ်။ 

ထားဝယ်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅ (က) နဲ့အကျဉ်းကျခံနေရသူ ၄ ဦးနဲ့ တခြားအမှု ၂၈ ဦး ၊ မြိတ်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ်ကျနေသူ ၃ ဦးနဲ့ တခြားအမှု ၃၇ ဦး၊ ကော့သောင်း အကျဉ်းထောင်ကနေ ပုဒ်မ၅၀၅(က) အကျဉ်းသား ၅ ဦးနဲ့ တခြားအမှုနဲ့  ၁၅ ဦး၊ ရှင်ဖြူရှင်ရဲဘက်စခန်းကနေ တခြားအမှုနဲ့ ၁၃ ဦးတို့ လွတ်မြောက်လာတယ်လို့ စစ်ကောင်စီခန့် ဝန်ကြီးတစ်ဦးက ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ ကျောင်းသားကျောင်းသူတွေ၊ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက မတရားပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့တဲ့အတွက် ထောင်ချခံနေရသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့အထိ  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးအချုပ်အနှောင်ခံခဲ့ရတဲ့ အရပ်သားပြည်သူ  ၁၃၀၀၀ ကျော်ရှိခဲ့တယ်လို့လည်း   AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

5 mins Ago

January 9, 2020

တနင်္သာရီတိုင်း၀န်ကြီချုပ်ဟောင်းအား စွဲချက်တင်သင့်၊မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

အဂတိလိုက်စားမှုဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၀န်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီမှ တာ၀န်ရှိသူ ၃ ဦးအမှုအား စွဲချက်တင်သင့်၊မသင့် လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက “နောက်ရုံးချိန်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်၊ တရားခံတွေအပေါ် စွဲချက်တင်သင့် မသင့်အမိန့်ချဖို့ ချိန်းဆိုထားခြင်းဖြစ်တယ်”လို့ ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်က ရာဇ၀တ်ကြီး အမှု (၁/၂၀၁၉)(၂/၂၀၁၉)(၃/၂၀၁၉)(၄/၂၀၁၉) မှုတို့နဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်အား ကြားနာခဲ့တယ်လို့ ဆိုပါတယ်။ တရာလိုဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရာရှိတွေက ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ အရနဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအောင်တို့ကိုတော့ အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅/၆၃ အရ စွဲချက်တင်ဖြေရှင်းစေသင့်ကြောင်း လျှောက်လဲတင်ပြခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေများက တရားခံတွေအပေါ် စွဲချက်ဖြေရှင်းဖို့ အထောက်အထားပေါ်ပေါက်ခြင်း မရှိတဲ့အတွက်ကြောင့် စွဲချက်မတင်မီ အမှုက ပြန်လွှတ်ပေးသင့်ကြောင်း လျှောက်လဲတင်ပြကြပါတယ်။ အဆိုပါအမှု ၄ မှုအတွက် တရာလိုပြသက်သေ ၉၉ ဦးကို စစ် ဆေးဖို့ တင်ပြထားပေမဲ့ တရာလိုပြသက်သေ ၈၄ ဦးအား စစ်ဆေးပြီး ကျန်တဲ့ ၁၅ ဦးကိုဆက်ပြီး မစစ်ဆေးတော့ဘဲ ပယ်လိုက်တာကြောင့် တရာလိုဘက်သက်သေစစ်ဆေးမှုမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပြီးစီးခဲ့ပါတယ်။ အမှုနဲ့ပတ်သက်ပြီး တရာလိုဘက်က အမှု ၄ မှုအတွက် သက်သေခံစာရွက်စာတမ်း ၁၄၄ စောင်ကို တရားရုံးကိုတင်ပြခဲ့ပြီး စွပ်စွဲခံရသူဘက်က သက်သေခံစာရွက်စာတမ်း အစောင် ၄၀ တင်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ GGSကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နဲ့ဦးသူရအောင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထား၀ယ်မြို့မရဲစခန်းမှာ အမှု ၄ မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေကော်မရှင်က အမှုဖွင့်ပြီးနောက် ထား၀ယ်အကျဉ်း ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒီနောက် မတ်လ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ကို ရုံးထုတ်ပြီး တရားစွဲတင်ခဲ့ပါတယ်။ တရားစွဲဆိုခံရပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်က အာမခံ ၂ ကြိမ်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်နဲ့ ဦးသူရအောင်တို့က အာမခံ ၁ ကြိမ်စီ လျှောက်ခဲ့ရာ တရားရုံးက ပယ်ချခဲ့ပါတယ်။ တင့်လွင်
3 years Ago
Up