ဒီကနေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ We Pledge CDM က ငွေကျပ်သိန်း ၂၀ ကို စစ်ရှောင်ဒေသ ၅ ခုဆီ လှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအလှူငွေတွေကိုတော့ လက်ခံရရှိထားတဲ့ နိုင်ငံတကာရန်ပုံငွေတွေထဲကနေ စစ်ဘေးရှောင်ပြည်သူတွေ ပုန်းရှောင်ခိုလှုံနေကြတဲ့ ဒေသ ၅ ခုကို ခွဲဝေလှူဒါန်းခဲ့တာလို့ ဆို ပါတယ်။
ဒီလှူဒါန်းမှုကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်တွေအားလုံး မျှော်မှန်းထားတဲ့ အေးချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ပြန်လည်တည်ဆောက်နိုင်စေဖို့လည်း We Pledge CDM က ဆုတောင်း ပေးထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာတော့ ပန်းပန်သပိတ်ဆင်နွှဲတာ၊ လှူဒါန်းမှုတွေ ပြုလုပ်တာတွေစတဲ့ လှုပ်ရှားမှုတွေကို နိုင် ငံတဝန်း ပြည်သူတွေက ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့်မွေးနေ့မှာ အကြမ်းဖက်သမားတွေရဲ့ အဖမ်းအဆီးတွေ အထပ်ထပ်ရှိနေတဲ့ကြားက အားမန်အပြည့်နဲ့ ထွက်ပေါ်လာတဲ့ ရန်ကုန်လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းမြင်ကွင်း။
Photo - MPA
ဇွန်လ ၁၉ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် အဖြစ် ပန်းသပိတ်လူထုလှုပ်ရှားမှုတွေနိုင်ငံတဝန်း ပြုလုပ်နေကြရာမှာ ဧရာဝတီတိုင်း ကြံခင်း မြို့နယ်မှာတော့ နှင်းဆီပန်းတွေ ဝယ်မရတော့တဲ့အထိ အခြေအနေဖြစ်ခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ကြံခင်းမြို့ခံတစ်ဦးက "ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ၇၆ နှစ်မြောက်မွေးနေ့မှာ ကြံခင်းမြို့မစျေးက စျေးသူစျေးသားတွေ၊ လူငယ်တွေက ပန်းသပိတ်လုပ်ပြီး အမေ့မွေးနေ့ကို ဂုဏ်ပြုကြပါတယ်။ ဘုရားပန်းကပ်ပြီး ဆုတောင်းတာတွေ အလှူအတန်းလုပ်တာတွေ၊ ဘုန်းကြီးကျောင်းတွေကို ဆွမ်းချိုင့်ပို့တာတွေ၊ ကုသိုလ်ကောင်းမှု လုပ်လာတာတွေ တွေ့ရပါတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ပြည်သူအားလုံးက တောင်းဆိုသလို သူ ပန်းပန်သလို ဒီနေ့ အားလုံး ထူးထူးခြားခြား ပန်းပန်တာတွေ့ရကြောင်းလည်း ဒေသခံက ပြောပါတယ်။
ဇွန် ၁၉ ရက် ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နိုင်ငံတဝန်းက မြို့တွေနယ်တွေအသီးသီးမှာ သူ့ကိုချစ်ခင်လေးစားတဲ့ ပြည်သူတွေက ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်နေကြပါတယ်။
ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နေအိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးပြီး ပါဝင်ကြသလို အမျိုးသမီးတွေ ပန်းပန်တာမျိုး၊ အမျိုးသားတွေရဲ့ ရင်ဘတ်မှာ ပန်းတွေထိုးတာမျိုး၊ နေအိမ်တွေရှေ့ ပန်းအိုးချထားတာ၊ ပန်းတွေချိတ်ထားတာစတဲ့ ပုံစံတွေနဲ့ လှုပ်ရှားမှုမှာ ပါဝင်လာကြတာတွေ့ရပါတယ်။
ဒီနေ့မနက်ခင်းက ရန်ကုန်မြောက်ဥက္ကလာပမြို့နယ်က ဈေးတခုမှာဆိုရင်လည်း ဈေးသည်တွေ ပန်းပန်ထားကြတာတွေ့ရသလို ဈေးဗန်းမှာလည်း ပန်းတွေဆင်ထားကြတာတွေ့ရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေ၊ တော်လှန်ရေးသူရဲကောင်းတွေအတွက် ရည်ရွယ်ပြီးတော့ ပြည်သူတွေက ပန်းသပိတ်ပြုလုပ်ကြတာဖြစ်ပါတယ်။