close

ဒေးဒရဲမြို့

close

October 16, 2022

ဒေးဒရဲတွင် လေပြင်းတိုက်ပြီး နေအိမ်ပေါ် သစ်ပင်ပိသဖြင့် ၃ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ဘုရားချောင်းကျေးရွာမှာ စက်တင်ဘာ ၁၅ ရက်နေ့ညက မိုးရွာသွန်း လေပြင်းတိုက်ခတ်ပြီး နေအိမ်ပေါ် သစ်ပင်ပိတာကြောင့် ကိုးလသားအရွယ် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ကိုးနာရီခွဲက မိုးရွာသွန်း လေပြင်းတိုက်တာကြောင့် ဘုရားချောင်းကျေးရွာ တဲအိမ်ပေါ် သစ်ပင်ပိပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ငါးဦးအနက်  သုံးဦးသေဆုံးခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူတို့က အရမ်းဆင်းရဲတာ၊ ဝါးအိမ်လေးနဲ့နေတာ၊ ဓနီမိုးထရံကာ ဝါးခင်းပေါ့။ အိမ်ဘေးက သစ်ပင်ကြီးပိတာ။ အိပ်နေတဲ့ အချိန်ဆိုတော့ ဘယ်သူမှမသိလိုက်ဘူး။ အဖေဖြစ်သူနဲ့ နောက်တစ်ယောက်ပဲ လွတ်တယ်။ ကိုးလသားရယ်၊ ရှစ်နှစ်အရွယ် သမီးရယ်၊ သူ့အမေရယ် သေသွားတယ်။" 

သေဆုံးသူတွေက အသက် ၃၂ နှစ်အရွယ် ဒေါ်တင်ဇာမော်၊ ၈နှစ်အရွယ် မဇူးဇူးမောင်နဲ့ ၉ လအရွယ် သားလေးဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အခု သူတို့သုံးဦးကို ဒေးဒရဲဆေးရုံက ရင်ခွဲရုံပို့ထားတယ်၊ မြိုနယ်ကလူတွေလည်း ရောက်နေတယ်၊ ကယ်ဆယ်ရေးတွေရော။" 

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဖခင်ဖြစ်သူနဲ့ ကလေးငယ်ကတော့ နီးစပ်ရာဆွေမျိုးတွေ နေအိမ်မှာ သွားရောက်နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က လေပြင်းတိုက်ခတ်တာကြောင့် သာပေါင်းမြို့နယ်  ဘုရားနီကျေးရွာနဲ့ ဇလွန်မြို့နယ် တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုတို့မှာ လူနေအိမ် ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါသေးတယ်။

6 mins Ago

October 5, 2021

ဒေးဒရဲမြို့အဝင် ဆိုင်းဘုတ်အနီး ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီး

ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက မြို့အဝင် ဆိုင်းဘုတ်နားမှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်အုပ်စုက ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ဗုံးပေါက်ကွဲတဲ့ ညနေပိုင်းမှာ ဒေသခံပြည်သူ ၁၅ ဦးကျော်ကို စွပ်စွဲဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာ ၂၀ ကျော်ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“မဆိုင်တဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းသွားတာ စဖြစ်တဲ့နေ့က၊ နောက်နေ့ဖမ်းတာလည်း အဲ့လို မဆိုင်တဲ့သူတွေကို ဖမ်းတာ။ မဟုတ်ရင်လည်း ပိုက်ဆံတောင်းပြီးမှ ပြန်လွှတ်ပေးတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူတွေကတော့ ခုချိန်ထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒေးဒရဲမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၅၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။

1 year Ago
Up