close

ဒေးဒရဲ

close

December 7, 2022

ဒေးဒရဲတွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ပစ်ခတ်ခံရ၊ စစ်တပ်က ဒေသခံလူငယ်များကို လိုက်လံဖမ်းဆီး

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရအပြီး စစ်ကောင်စီတပ်က ဒေသခံလူငယ် ၅ ဦးထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုးကျေးရွာအုပ်ချုပ်ရေးမှူး လှထွဋ်နဲ့အဖွဲ့ကို ဒီဇင်ဘာ ၅ ရက် ညက အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့တာကြောင့် အဖွဲ့ဝင်တဦး ဒဏ်ရာရအပြီး စစ်ကောင်စီက ဒေသခံ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတာလို့ ဆိုပါတယ်။

“အုပ်ကြီးနဲ့အဖွဲ့ သေနတ်နဲ့အပစ်ခံရပြီး ရွာက ကလေးတွေ အဖမ်းခံရတယ်။ ကျနော် သိသလောက်တော့ လူငယ် ၅ ဦးလောက်ကို ဒေးဒရဲ ရဲစခန်း ခေါ်သွားတယ်။ ဘယ်အဖွဲ့က ပစ်တာလဲတော့ မသိဘူး” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး လှထွဋ်နဲ့ အဖွဲ့ဝင်တဦး ကျည်ထိမှန်ဒဏ်ရာနှစ်ချက် ရရှိပြီး သေဆုံးသူ မရှိခဲ့ပါဘူး။

အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရအပြီးမှာ စစ်ကောင်စီတပ်က တိုးကျေးရွာအတွင်း ပိတ်ဆို့ စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

5 mins Ago

July 27, 2022

ဟင်္သာတနှင့် ဒေးဒရဲတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဇူလိုင် ၂၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟင်္သာတမြို့နယ်မှာ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဉ်းဦးစီးဂိတ်၊ ရဲစခန်းနဲ့ အကျဉ်းဦးစီးထောင့်ကြား နေရာတွေမှာ မိုင်း နှစ်လုံးစီ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။

ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက  “မိုင်းခွဲမှုတွေပြုလုပ်ပြီး ပြန်ထွက်လာချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာမျိုးတွေတော့ရှိတယ်၊ ထိခိုက်တာမျိုးတော့မရှိဘူး။ သူတို့က ဆက်လိုက်လာတော့ ကြိုမိုင်းထောင်ထားတဲ့နေရာ ဝင်လာလို့ ခွဲလိုက်ချိန်မှာ စစ်သားနဲ့ ရဲတွေ ထိခိုက်တာမျိုးရှိမယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး ဘေးကင်းလုံခြုံတဲ့နေရာ ပြန်ရောက်နေပြီဖြစ်ပေမဲ့ ညပိုင်းက ပစ်ခတ်မှုတွေကြောင့် အထိတ်တလန့်ဖြစ်ခဲ့တဲ့ ပြည်သူတွေကိုလည်း တောင်းပန်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ နောက်ပိုင်း စစ်ကောင်စီနဲ့ ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေ၊ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ဝေးဝေးမှာနေပေးဖို့ သတိပေး မေတ္တာရပ်ခံထားပါတယ်။

အလားတူ ဇူလိုင် ၂၆ ရက်ညပိုင်း ၈ နာရီ ၂၀ လောက်မှာလည်း ဒေးဒရဲတံတားအဆင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ဗုံး နှစ်လုံးခွဲပြီး တိုက်ခိုက် ခဲ့ပါတယ်။

4 months Ago
Up