close

ဒေးဗစ်ထန်း

close

March 15, 2023

အနောက်ရိုးမပေါ်က ခေတ်သစ်နွားမောင်းသမများ

ပီနံအိတ်အဖြူရောင်ကို ပုဆိုးစုတ်နှင့် ကျောကိုင်းကြိုးတပ် လက်လုပ်ကျောပိုးအိတ်ကို လွယ်ထားသည်။ အိတ်ထဲမှာ ဒန်အိုးငယ်တလုံး၊ ဆန်အနည်းငယ်၊ ဆီ ၂၅ ကျပ်သားခန့်ကို ရေသန့်ဘူးအသေးနှင့် ထည့်ထားသည်။ ဟင်းချို့မှုန့်အနည်းငယ်နှင့် ဆားတထုပ်လည်း အိတ်ထဲတွင်ရှိနေသည်။ ညစ်ပတ်ပေရေနေသည့် သောက်ရေဘူးတဘူးတို့ကို ကျောမှာလွယ်ထားပြီး ဝါးခြမ်းပြားကိုင်ထားသည့် အမျိုးသမီးတချို့ကို ယခုရက်ပိုင်း ခပ်စိပ်စိပ် တွေ့မြင်ရသည်။ တချို့အမျိုးသမီးများက ခါးမှာ ဓားမြှောင်တချောင်းကို စစ်ခါးပတ်နှင့်တွဲလျက် ပတ်ထားသည်။ သူတို့ကတော့ အိမ်ထောင်ရှင်အမျိုးသမီး ၁၀ ဦးပါသည့် အနောက်ရိုးမကို ဖြတ်ကျော်မည့် နွားမောင်းသူ ၂၅ ယောက်အဖွဲ့ ဖြစ်သည်။

ဘောင်းဘီတိုပွပွအောက်ခံက အပေါ်က ထပ်ဝတ်ထားတဲ့ထဘီထက် ရှည်ထွက်လို့နေသည်။ နွားတကောင်ကို ရှေ့ကထားကာ တကောင်ကို နောက်ကဆွဲလို့ နွားကို ဝါးခြမ်းပြားဖြင့် တဖြန်းဖြန်းရိုက်ကာ ရှေ့ဆုံးကဦးဆောင်သူ နွားမောင်းသမားကို လူရော နွားပါ အမီလိုက်မောင်းနေကြသည်ကို တွေ့ရသည်။

ရိုးမကျော်မည့် နွားမောင်းသမများသည် မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်ထဲက ကျေးရွာတချို့မှာ နေထိုင်သူများဖြစ်သည်ဟု သိရသည်။ ခေတ်အဆက်အဆက် ရခိုင်ရိုးမကို ဖြတ်ကျော်သည့် နွားမောင်းသမား အမျိုးသားများသာရှိခဲ့ပြီး စစ်အာဏာသိမ်းပြီး ၂ နှစ်ခန့်အကြာတွင် ယခင်က မရှိဘူးသည့် ရိုးမကျော် အမျိုးသမီးနွားမောင်းသမများ ရှိလာခြင်းဖြစ်သည်။

အမျိုးသမီး နွားမောင်းသမားများသည် ပေအားဖြင့် ခန့်မှန်းရန်ခက်သည့် ဒူးနှင့် မျက်နှာထိလုမတတ် နေ့ဝက်ခန့်တက်ရသည့် တောင်တန်းတွေရှိတဲ့ အနောက်ရိုးမကို ၆ ညအိပ် ၇ ရက်အကြာ သွားပြီးမှ  ရခိုင်ပြည်နယ် တောင်ကုတ် လမူးရွာကို ရောက်သည်ဟု သိရသည်။

စုရပ်ဖြစ်တဲ့ရွာကနေ မနက်စောစော လမ်းမြင်ချိန်မှ စထွက်ရသည့် ခရီးသည် မှောင်ရီပျိုးသည့် အချိန်ကြမှ စခန်းချ ချက်ပြုတ်ရန် နားရသည်။ နောက်တနေ့ မိုးမလင်းခင် ဆက်လက်မောင်းကြသည်မှာ တခါတလေ ၇ ညအိပ်ရပြီး ၈ ရက်ကြာ မိုးစုန်းစုန်းချုပ်အချိန်မှ လိုရာပန်းတိုင်ဖြစ်တဲ့ ရခိုင်ပြည် လမူးရွာကိုရောက်သည်။

လမ်းကျဥ်းလမ်းကျပ် ကမ်းပါးယံများနှင့် တတောင်တက် တတောင်ဆင်း ဒူးနှင့်နဖူးထိအောင် မတ်တဲ့ တောင်မြင့်မြင့်တွေမှာ တချို့နွားတွေ လဲကျ မထနိုင်ဘဲ သေဆုံးကြသည်။ ထိုရခိုင်ရိုးမဖြတ်ကျော်လမ်းကို အမျိုးသားများနှင့် ရင်ဘောင်တန်းကာ လုပ်ရသည့် နွားမှောင်ခိုလမ်းကြောင်းက ခေတ်သစ် အမျိုးသမီးနွားမောင်းသမများသည် ကလေးငယ်နှင့် အိမ် မီးဖိုချောင်ကို စွန့်ကာ ရခိုင်ရိုးမကို ဆင်မကြောက်၊ ကျားမကြောက်၊ မြွေမကြောက်ဘဲ ဓားမြှောင်တချောင်းနှင့် သွားလာနေကြခြင်း ဖြစ်သည်။

လူအလွတ်ပင် သွားရန် ခက်ခဲကြမ်းတမ်းသည့် ရခိုင်ရိုးမလမ်းခရီးကို သူတို့ ဖြတ်သန်းနေကြခြင်းသည် ငွေကြေးချမ်းသာလိုမှုထက် အိမ်ရဲ့ မိသားစုစားဝတ်နေရေး ကြပ်တည်းမှုကို ဖြေရှင်းသည့် နည်းလမ်းတခုအဖြစ် ရွေးချယ်လာရခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာကိုင်းလုပ်ခင်းများက မိုးခေါင်ခြင်း၊ သွင်းအားစု မတတ်နိုင်ခြင်းတို့ကြောင့် သူတို့၏ အိမ်ထောင်ဦးစီးများ အနောက်ပြည်သို့ နွားမောင်းအငှားလိုက်ကြသည်။ အိမ်ထောင်ဦးစီးများသည်  ခက်ခဲပင်ပန်းခြင်းနှင့် မောပန်းခြင်းကို အကြောင်းပြ အရက်သေစာ အလွန်အကျွံသောက်ကြ၍ ရသင့်ရထိုက်သည့် ငွေကြေး မိသားစုထံ အပြည့်ပြန်မပါလာကြသဖြင့် ကိုယ်တိုင် နွားမောင်းထွက်ကြရခြင်းလည်း ဖြစ်သည်။ ရေရှည်တွင် အရက်သောက်ကြသည့် နောက်ဆက်တွဲ ဝေဒနာပေါင်းစုံကို ကုသရပြီး ရိုးမပေါ်တွင် ထိမိခိုက်မိလျှင် နာတာရှည်အဖြစ် ဆေးကုရကြပြန်သည်။

ဒါကြောင့် စိတ်ထက်သည့် မိန်းမများက အောက်ခံဘောင်းဘီပွပွဝတ်၊ အပေါ်က ထဘီကို တိုတိုဝတ်ကာ ပီနံအိတ်ကို ကျောလွယ်ပြီး ရိုးမကိုကျော်ကာ ဖြတ်ကြရတဲ့ နွားမောင်းသမများ ဖြစ်လာကြရသည်ဟု ဆိုသည်။

လမ်းခရီး ခက်ခဲကြမ်းတမ်းသည်ထက် အသက်အန္တရာယ်က ခြေလှမ်းတိုင်းမှာ ကပ်ပါနေပြီး နွားနှင့်လူပါ ချောက်ကမ်းပါးထဲကျ ‌သေဆုံးခဲ့ရသည့် ဖြစ်စဉ်တချို့ ရှိလာနေသည်ဟု ဆိုသည်။ ခိုင်းနွားအထီးတကောင်ကို ၆ ညအိပ် ၇ ရက်ခရီးအတွက် ကျပ် ၆၀,၀၀၀၊ နှစ်ကောင်မောင်းသည့်အတွက် ၁၂၀,၀၀၀ ရသည်။ လည်လည်ဝယ်ဝယ်ရှိသူ ဦးဆောင်တဲ့ လူ ၁၀ ယောက်တဖွဲ့ကို နွား ၃ ကောင် အပိုဆောင်းယူ မောင်းလျှင် အဖွဲ့စရိတ်တောင့်ကာ ၁၂၀,၀၀၀ အတင်ကျန်သည်ဟု ဆိုသည်။

သာမန်အားဖြင့် အပြန်ခရီးအတွက် ကားခ ၂၅၀၀၀ နှင့် စားစရိတ်အပါ ၉၀,၀၀၀ ခန့်တော့ အသားတင်ကျန်တတ်ပြီး ယောကျ်ားသားများက ၇၀,၀၀၀ ပင် မနည်းကျန်တတ်သည်ဟု ဆိုသည်။ ယောကျ်ားသားများက တလ သုံးကြိမ် လိုက်နိုင်သော်လည်း အမျိုးသမီးများက တလ နှစ်ကြိမ် လိုက်နိုင်ကြသည်ဟု သိရသည်။

ရခိုင်းရိုးမလမ်း၏ ကမ်းပါးတချို့တွင် နွားများက ကြောက်လန့်၍ နဖားကြိုးထိန်းရခက်ပြီး နွားရောလူပါ ချောက်ထဲကျ သေတာတွေ ရှိခဲ့ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် နှစ်ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

“မိန်းကလေးဆိုတော့ နွားကြိုးကို မြဲအောင် လက်မှာပတ်ကိုင်ပြီး မောင်းတာ၊ ကမ်းပါးတွေမှာ တချို့နွားတွေက ကြောက်ပြီး ကိုးရိုးကားယားဖြစ်ပြီး နွားနဲ့လူ ရောပါပြီးကျတာ” ဟု အသက် ၃၀ အရွယ် နွားမောင်းသမတဦးက ပြောသည်။ မင်းတုန်းမြို့နယ်အဆုံး ကံမမြို့နယ်ထဲက အမျိုးသမီးတဦးနှင့် မင်းတုန်းမြို့နယ်ထဲက အမျိုးသမီးတဦး စုစုပေါင်း နှစ်ဦး ချောက်ထဲကျ သေဆုံးသည်ဟု စုံစမ်းသိရသည်။

နွားမောင်းကြရာတွင် ရှေ့တကောင်ကို တွန်းထိုးမောင်းနှင်ရပြီး နောက်ကနွားကို ဆွဲရသည်ဟု ဆိုသည်။ ခိုင်းနွားများသည်  နဖားဖောက်စဉ်ကတည်းက ရှေ့ကထား ရှေ့ကသွား၊ နောက်ထား နောက်ကလိုက်ဟု ဆိုကာ နဖားကြိုးထိုးရန် နှာပေါက်အတွင်းပိုင်းနှစ်ခုကို ထိုးဖောက်ရသည်ဟု ဆိုသည်။

“နွားကို ညှပ်သွင်း မြက်ကြိုးနဲ့တုပ်ပေါ့။ ပြီးတော့ ရှားသားအနှစ်ကို ချွန်မြပြီး လုံးမွတ်နေအောင် ပြုပြင်ထားတဲ့ လက်ကိုင်ဘက်က ခပ်တုတ်တုတ် အဖျားရှူးအချွန်ပေါ့၊ ဆီသုတ်ထား လက်တဖက်က နှာခေါင်းနှစ်ပေါက်အတွင်းပိုင်းကို နေရာမမှားအောင် ညှစ်ကိုင်ထားပြီး ရှေ့ထား ရှေ့သွား နောက်ထား နောက်ကလိုက်လို့ဆိုပြီး အဲဒါနဲ့ ထိုးဖောက်ရတာ သူလည်း နှာနုပဲ နာတာပေါ့။ ညှပ်မခိုင်ရင် လူအန္တရာယ်ရှိတယ်” ဟု နွားဆေးကုဆရာ နွားပြုပြင်သူတဦးက ပြောပြသည်။

လူသေဆုံးရသည့်ဖြစ်စဉ်တွင် အမျိုးသမီးတဦး၏ နောက်ဆွဲနွားကို အခြားသူတဦးရဲ့ ရှေ့နွားက ကုန်းပိုးစဉ် ကုန်းပိုးခံနွားက အပြေးမှာ လူကိုတိုးမိပြီး နွားနှင့်လူပါ ချောက်ထဲကျ ဝါးငုတ်ထိုးမိ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

လမ်းခရီးတလျှောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေသည့် နွားသေတချို့ကိုလည်း တွေ့ရသည်ဟု ဆိုသည်။ လမ်းကြောင်းတခါလျှင် နွားရာဂဏန်းအထိ ပါဝင်ပြီး အမျိုးသမီးများက ၂ ကောင် တယောက်၊ ယောကျ်ားလေး ကျွမ်းကျင်သူအဖွဲ့က ၂ ယောက် ၅ ကောင် မောင်းကြပြီး တကောင်ဖိုးရရှိငွေကို လမ်းစရိတ် အသုံးပြုသည်ဟု သိရသည်။

”ပန်းတောင်းနယ် ကံမနယ် စတဲ့နေရာက နွားတွေကို မင်းတုန်းမှာ စုတာ၊ မင်းတုန်းနွားကုန်သည်က အချုပ်ပဲ၊ လက်ကြီး ၃ ယောက် ရှိတယ်၊ မောင်းသွားတဲ့သူတွေကို ကုန်သည်တွေက အပြန်ခရီးအတွက် ကားခယူပြီး ကြိုပေးတယ်” ဟု အသက် ၄၀ အရွယ် မင်းတုန်းနယ်ခံတဦးက ပြောသည်။

အသွားခက်ခဲပင်ပန်းသလောက် အပြန်ခရီးကတော့ နွားကုန်သည်လာကြိုတဲ့ ဒိုင်နာကားနဲ့ တောင်ကုတ်မြို့နယ် လမူးရွာကနေ တယောက် ၂ သောင်းခွဲနှုန်းပေးကာ တစုတဝေးတည်း ပြန်ကြသည်ဟု ဆိုသည်။

အမျိုးသား နွားမောင်းသမားများသည် အသွားခရီးစဉ်တွင် အရက်တစွပ်စွပ်သောက်ပြီး မောင်းသည့်သူပါသလို အပြန်ခရီးမှာ လူမှန်းမသိအောင်မူးပြီး ပြန်လာကြသူလည်း ရှိသည်ဟု သိရသည်။

ပန်းတောင်း-တောင်ကုတ်ကားလမ်းရဲ့ မြွေလိမ်မြွေကောက်လမ်းမှာ အန်ကြသည်။ အရက်နံ့နှင့် အန်ဖတ် ရောထွေးနံသည့် ပြဿနာ၊ ဆေးပြင်းလိပ်နံ့၊ ဆေးလိပ်နံ့ ပြဿနာတို့ကို ထွက်ပြေးစရာမရှိသည့် ကားပေါ်မှာ အိမ်ပါငွေကို ကျစ်ကျစ်ဆုပ်ရင်း စိတ်ကိုတင်းရသည်ဟု ဆိုသည်။ ကားပေါ်တွင် အရက်မူးသည့်ယောကျ်ားနှင့် သူ့ဇနီးတို့ ရန်ဖြစ်ကြရာမှ ယောကျ်ားဖြစ်သူက ဓားနှင့်ထိုးမည်လုပ်သဖြင့် တကားလုံး ဆူညံသွားတာကြောင့် ကားရပ်ပြီး ဖြေရှင်းနေစဥ် ကံဆိုးသည်က စစ်ဆေးရေးဂိတ်အနီးတွင် ဖြစ်မိသဖြင့် ကားတစီးလုံး တပတ်နီးပါး အဖမ်းခံရခြင်းမျိုးလည်း ရှိသည်ဟု အသက် ၃၅ နှစ်အရွယ် နွားမောင်းသမဖြစ်သူ ကလေး ၃ ဦးမိခင်က ပြောသည်။

“မနှစ်ကလည်း အပြန်ကားပေါ်မှာ လင်မယားနှစ်ယောက် စကားများကြတာ။ မူးနေတဲ့ယောကျ်ားက ဓားနဲ့ထိုးဖို့လုပ်လို့ အော်ကြ ဟစ်ကြနဲ့ ဖြစ်နေတာ၊ ကံဆိုးချင်တော့ စစ်ဆေးရေးဂိတ်နားမှာ ဖြစ်နေတာ” ဟု သူကပြောသည်။

နွားကုန်သည်က ငွေသိန်း ၅၀ နဲ့ လာညှိပေးတယ်။ လက်နက်ကိုင်ဆောင်မှုကနေ မှောင်ခိုဖြစ်၊ ရှုပ်ကုန်တာ၊ ပေးရငွေကို မောင်းသမားတွေဆီက အချိုးနဲ့ ပြန်ဖြတ်ယူတယ်ဟု သိရသည်။

ခရီးစဥ်အနေဖြင့် မင်းတုန်းမြို့နယ် ရွာတွေရဲ့ အဆုံးက စတင်ကာ လမ်းကြမ်းလာပြီး ရခိုင်ရိုးမပေါ် မရောက်ခင်အထိ ရွက်ကြွေကာလဖြစ်သည့်အလျောက် နေပူထဲမှာ မောင်းနှင်ရပြီး ရေရှိနိုင်သည့် နေရာအရောက် အမီမောင်းကြရသည်ဟု ဆိုသည်။

ရခိုင်ဘက်ခြမ်းရောက်တော့ သစ်ပင်ကြီး နည်းသွားပြီး ခရင်ဝါးတောကို ဖြတ်သန်းကြစဉ်မှာ ထိမိခိုက်မိတွေ ရှိတတ်ကြသလို တကြောင်းလျှင် အနည်းဆုံး နွား ၇၀ ကနေ ၁၀၀ ကျော်အထိ ရှိတတ်ပြီး သရက်ခရိုင်ထဲမှာ နွားဝယ်လိုအားကောင်းမှုကြောင့် နွားဈေး အနည်းငယ်ပြန်တက်ကာ ဝယ်သူ၏ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်မှ ဆင်းလာသည့် ကုန်သည်များ ခြေချင်းလိမ်နေသည်ဟု ဒေသခံများက ပြောကြသည်။

ဝယ်ယူသူများ ပြောစကားအရ ဟိုယခင်က ခိုင်းနွားတကောင်ကို ၈ သိန်း၊ ၁၀ သိန်းအထိ ရှိခဲ့ပြီး ယခုအခါမှာတော့ နွားတကောင်ရဲ့တန်ဖိုးကို တပိသာ ၁၀,၀၀၀ နှုန်းနှင့် နွားပိသာချိန်ကို ခန့်မှန်းပြီး ဝယ်ယူမှုကို စီးပွားရေး မပြေလည်မှုကြောင့် အသားစျေးအတိုင်း ရောင်းရသည်ဟု ဆိုသည်။

ရခိုင်ရောက်ရင်တော့ နွားတွေကို ကုန်သည်က ဘင်္ဂလားကို မှောင်ခိုပြန်ထွက်သည်ဟု ဆိုသည်။ အသောက်အစားနည်းပြီး ကျန်းမာရေးကောင်းတဲ့ ယောကျ်ားသားတွေက တလ ၄ ခေါက် မောင်းနိုင်သူ ရှိသော်လည်း အမျိုးသမီးအများစုက ၂ ခေါက်သာ လိုက်နိုင်ကြပြီး အိမ်မှုကိစ္စစီစဥ်ရင်း အားပြန်မွေးရသည်ဟု ဆိုသည်။ တပတ် ၁၀ ရက် အနားယူပြီးချိန်တွင် နွားကုန်သည်၏ နွားစုပြီးချိန်ကို စောင့်ရင်း လမ်းခရီး ဗွေဖောက်တတ်သည့်သူကို အဖွဲ့ထဲ မပါဝင်ရေး တယောက်နှင့်တယောက် လက်တို့ကာ နင်က ဒန်အိုးယူ၊ ဘယ်သူက ဒယ်အိုး စသဖြင့် တယောက်တမျိုး မီးဖိုချောင်သုံးပစ္စည်းကအစ ခွဲတမ်းချနှင့်ကာ ပီနံအိတ်သစ်ကို ကျောပိုးအိတ်အဖြစ် ပြောင်းရင်း မိသားစု ချက်ပြုတ်စားရင်း တောင်သူ အလုပ်မရှိချိန်မှာ ဝင်ငွေမပြတ်ရေးအတွက် တွေးကာ အိမ်မှုကိစ္စနှင့် အလုပ်ရှုပ်နေကြရင်း ဘဝကို ကြမ်းတမ်း ရိုးရှင်းစွာ ဖြတ်သန်းနေကြသူများအဖြစ် မြင်ရသည်။

သာမန်အားဖြင့် ယခုကဲ့သို့ အလုပ်မျိုးကို လုပ်ကြသည့် အလေ့အထ မရှိသော်လည်း စစ်တပ် အာဏာသိမ်းပြီးချိန်တွင် ကုန်ဈေးနှုန်းဒဏ်၊ မိုးခေါင်သည့်ဒဏ်၊ ကိုဗစ်ကာလကဒဏ်တွေ စုပေါင်းခံကြရကာ ယခုကဲ့သို့ လုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“အရင်က ပိုက်ဆံအခံရှိသူတွေကတော့ ထိုင်းနဲ့ မလေးကို သွားကြတော့ ဒီလောက်မပင်ပန်းဘဲ ပြောင်ပြောင်ရောင်ရောင် ရှိကြတယ်။ အဓိက အရက်ပဲ၊ မသောက်နဲ့ မဆိုဘူး၊ ဦးမှန်း ပဲ့မှန်း မသိ မူးနေ၊ အိမ်စားဝတ်နေရေး အလေးမထားလို့ ထလိုက်လာတာ ဖတ်ဖတ်မော ဆိုတာမျိုးပေါ့ အဟင်းဟင်း” ဟု အသက် ၃၀ အရွယ် အိမ်ထောင်ရှင်မက မချိသွားဖြဲရယ်မောကာ ပီနံအိတ်ကို ကျောပိုးအိတ်ချုပ်ရင်း ခံစားမှုနှင့်ပြောသည့် ခေတ်သစ်နွားမောင်းသမတဦးရဲ့ မိသားစုအပေါ် ထားသည့် မေတ္တာနှင့် ယုံကြည်ချက်ကို မြင်နေရသည်။

ဒေးဗစ်ထန်း

6 mins Ago

November 29, 2022

မှိုက်ကျေးရွာက ငရဲခန်း

မင်းတုန်းချောင်းက ရေစီးသန်သန်နှင့် ရွာအရှေ့ဘက်ကနေ ရွာကို ကွေ့ဝိုက်စီးဆင်းနေသည်။ ချောင်းဘေးက မြေနုကိုင်းလုပ်ကွက်များတွင် စိုက်ပျိုးထားသော ပဲတီစိမ်း၊ ဘိုကိတ်ပဲတို့ ခူးဆွတ်ရန် ရင့်မှဲ့နေကြသည်ကို တွေ့ရသည်။ ပဲတီစိမ်းပြီးရင် ဆောင်းသီးနှံ မြေပဲ၊ စားတော်ပဲ၊ ကုလားပဲစိုက်ဖို့ ထွန်ယက်ရဦးမည့် အချိန်နှင့် လယ်ရိတ်ချိန်တို့ကြား ရွာသူရွာသားတွေ အလုပ်များနေကြသည်ကို မြင်ရသည်။ လယ်ယာလုပ်ငန်းခွင် မဝင်ရသည့် အဘိုး အဘွားများက ကလေးထိန်းရင်း ထမင်း ဟင်းချက်ကာ နေကြသည်။

တချက်ချက်မှာ ရွာထိပ် မင်းတုန်းချောင်းကမ်းအထက်က (ခွဲ)အ.ထ.က ရဲ့ စာသင် စာကျက်သံတို့နှင့်အတူ ကြက်တွန်သံ၊ ဘုန်းကြီးကျောင်းက နာရီမောင်းသံတို့နှင့် ကျေးလက်သဘာဝ အရသာ ခံစားနားနေနိုင်သည့် အေးချမ်းသည့်အရပ် ဖြစ်သည်။

ထိုရွာကလေးသည် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မင်းတုန်းချောင်းဘေးက မှိုက်ကျေးရွာလေးပင်ဖြစ်သည်ကို မြင်ရသည်။ ထိုရွာလေးသို့ မကြာမီ စစ်သားများ ရောက်ရှိလာပြီး ရွာသူရွာသားတွေနှိပ်စက်၊ ရှိသမျှပစ္စည်း အကုန်ယူမည့် ကြမ္မာဆိုး ကျရောက်လာမည်ကို မသိကြသေးပေ။

မြင်ကွင်း (၁)

မှိုက်ကျေးရွာရဲ့ အလယ်ကောင်မှာ ဘော်လီဘောကွင်းနှင့် ဝိုင်းခြင်းခတ်သည့်နေရာ ကွက်လပ်သည် ရွာတွင်းလမ်းတို့ရဲ့ အဆုံးဖြစ်ပြီး လူနေအိမ်များ ဝိုင်းရံထားသဖြင့် အားကစားကွင်းကြီးတခုအဖြစ် မြင်တွေ့ရသည်။ ထိုကစားကွင်းသဖွယ် ကွက်လပ်သည် ယခုတော့ မှိုက်ကျေးရွာက လူငယ် လူလတ် လူကြီး ၄၈ ယောက်တို့၏ ငရဲဘုံဖြစ်ခဲ့ရသည်။

ထိုအားကစားကွင်းတွင် မျက်လုံးနှစ်ဖက်ကို ကြိုးသေးတစနှင့် ဖြတ်ပိတ်ကာ နောက်စေ့ဘက်က ချည်ထားသည်။ လက်နှစ်ဖက်ကို နောက်ပြန်တုပ်နှောင်ထားသလို ခြေနှစ်ဖက်ကိုလည်း ပူးချည်ထားပြီး လည်ပင်းတွင် ကြိုးကွင်းစွပ်လျက် နွားများကဲ့သို့ ခြံစည်းရိုးတလျှောက် ချည်နှောင်ထားခံရသည့် လူတချို့၊ ကွင်းလယ်မှာ လည်ပင်းကြိုးမပါဘဲ ထိုနည်းအတိုင်း ချည်နှောင်ပြီး ခြေဆင်းထိုင်နေရသူတချို့၊ ထိုခြေဆင်းထိုင်နေရသည့် ခြေသလုံးရိုးပေါ်ကို ရိုက်နှက်လိုက်သဖြင့် အော်ဟစ်ညည်းညူသံ နာကျင်လွန်းလို့ ထွက်ပေါ်လာသည်။ “မအော်နဲ့ ေ---က်သံမထွက်နဲ့” ဆိုသည့် သတိပေးရိုက်နှက်သံများနှင့်အတူ ခန္ဓာကိုယ်ပေါ်ကို ကျလာသည့် တုတ်ချက်မြည်သံ ထွက်ပေါ်နေခဲ့သည်ဟု သိရသည်။ ခြေနဲ့ကန်ကျောက် လက်သီးနဲ့ထိုးခံရလို့ သွားကျွတ်သူကျွတ်၊ မျက်လုံးကို ပိတ်ဆို့စည်းထားသည့်အတွက် ထွက်လာသည့် မျက်ရည်နှင့် နာကျင်လွန်းလို့ ထွက်ကျလာသည့် မျက်ရည်တို့ဟာ မူးရူးပြီး လူစိတ်ပျောက်နေသည့် စစ်သားများရဲ့ ကြိမ်းဝါးဆဲဆိုသံတွေရဲ့ အသံစုံမှာ မျောပါသွားသည်ဟု ဆိုသည်။

လင်ယောကျ်ား၊ သား၊ တူတော်မောင်တို့ အရှင်လတ်လတ် လောကငရဲ ကျရာက်နေသည်ကို မိသားစုဝင်များ မမြင်ရ မကြားရသော်လည်း စစ်တပ်က ဖမ်းပြီဆိုသည်နှင့် စိုးရိမ်စိတ်များစွာနဲ့ ဘုန်းကြီးကျောင်းထဲမှာ ထိတ်လန့်နေကြရသည်ဟု ဆိုသည်။

မြင်ကွင်း၂

ထိုနေ့ မှတ်မှတ်ရရ သြဂုတ်လ ၂၇ ရက်နေ့၊ စနေနေ့ ညဦးပိုင်း ၇ နာရီခန့်မှာ စတင်ပြီး ငရဲခန်း ပုံဖော်ခဲ့သည်ဟုဆိုသည်။ စစ်သားများသည် သြဂုတ်လ ၂၃ ရက်နေ့က မှိုက်ကျေးရွာသို့ စစ်ကား ၃ စီးဖြင့် ရောက်ရှိလာပြီး ရွာဝင်လမ်းထွက်လမ်း အားလုံးကို ပိတ်ဆို့လိုက်ကာ ရွာအပြင် ယာခင်းလယ်ကွင်းတို့မှာ လုပ်ငန်းခွင်ဝင်နေသူအားလုံး ထမင်းစားအပြန်ကို စောင့်ပြီး ပြန်ထွက်ခွင့်မပေးတော့ဘဲ ပိတ်လှောင်ထားပြီး ရွာထိပ်မှနေပြီး တောထဲသို့ လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်ခဲ့ကာ အနီးနားရွာများနှင့် လူအဝင်အထွက်ကို ပိတ်ဆို့ထားသည်ဟု ဆိုသည်။ ထိုနေ့ သြဂုတ် ၂၃ နေ့လယ် ၂ နာရီခန့်အချိန်တွင် နွားလိုက်ထွက်ပြီး ပြန်လာသည့် အသက် ၃၆ နှစ်အရွယ် ကိုသန်းထိုက်ကို ဒေသအခေါ် မထုံးချောင်း (မင်းတုန်းချောင်း) ရဲ့ ရေလယ်ကောင် အရောက် သေနတ်နှင့် အချက်ပေါင်းများစွာ ပစ်သတ်လိုက်ကြသည်ကို ရွာသူရွာသားတချို့ ထိတ်လန့်စွာ တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။

“သန်းထိုက်က နေ့လယ် ၁၂ ကျော်ရင် ရွာပြင်မထွက်ရဘူးဆိုတာ နွားစိတ်မချလို့ ခိုးထွက်သွားပြီး ချောင်းထဲက ရေကူးပြန်လာတာ။ သူတို့က ဖမ်းပြီး သန်းထိုက်ရဲ့ဖုန်းကို သိမ်းလိုက်ပြီး ဝိုင်းရိုက်တာ။ ပြီးတော့ ချောင်းဟိုဘက်ကမ်း ပြန်ကူးခိုင်းပြီး ရေလယ်မှာ ဝိုင်းပစ်ကြတာ။ ရေစီးနဲ့ပါသွားပြီး အလောင်းလည်း ပြန်မရဘူး။ တွေ့တဲ့ရွာတွေကလည်း တင်နေရင် ရေလယ်တွန်းပစ်မှာပဲ။ အဲဒီက စတာပဲ” ဟု မျက်မြင်တွေ့ရှိသူ၊ ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးလာသူ အသက် ၅၀ အရွယ် အမျိုးသမီးတဦးက ပြောပြသည်။

ထိုကဲ့သို့ ပစ်သတ်ပြီး PDF တံဆိပ်ကပ်ကာ အထက်ကို သတင်းပို့လိုက်ကြသည်ဟု ဆိုသည်။ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရွာရှိလူအကုန်ကို ဘုန်းကြီးကျောင်းထဲသို့ စုခိုင်းလိုက်သည်။ ထိုမှတဆင့် စာရွက်နှင့် အမည်စာရင်းခေါ်ပြီး ရွာလယ်ကောင်က ငရဲခန်းဆီပို့ကာ နှိပ်စက်ကြသည်ဟု ဆိုသည်။ ခေါင်းစဉ်က PDF များ ဖမ်းဆီးစစ်ကြောနေသည်ဟု ဆိုသည်။ ငရဲခန်းက အော်ဟစ်ညည်းညူသံကို တချက်တချက် ကြားရသည်ဟု ဆိုကြသည်။

မှိုက်ကျေးရွာရဲ့ ဘုန်းတော်ကြီးကျောင်းသည် မှိုက်ကျေးရွာ၏ ပတ်လမ်း သို့မဟုတ် လယ်ရဲကျေးရွာသို့သွားသည့် လမ်း၏တဖက်တွင်ရှိပြီး ရွာလယ်မြေကွက်လပ်နှင့် အနည်းငယ်လှမ်းသည်ဟု ဆိုနိုင်သည်။

တရွာလုံးနေ အသက်ကြီးသူနှင့် အမျိုးသမီးများ၊ ကလေးသူငယ်များက ဘုန်းကြီးကျောင်းပေါ်နှင့် ကျောင်းအောက်တွင် အစားအသောက် ပုံမှန်မစားရဘဲ သြဂုတ် ၂၇၊ ၂၈၊ ၂၉ ရက်တွေမှာ ၃ ရက်လုံးလုံး ပိတ်လှောင်ခံထားရသည်ဟု ဆိုသည်။

ထိုအဖြစ်ဆိုး စတင်ပေါ်ပေါက်လာပုံသည် သြဂုတ်လ ၂၇ ရက်နေ့က အစပြုခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်ခံစားရသူများက ပြောဆိုကြသည်။

တက်ညီလက်ညီစစ်ကြောသည့် စစ်သားက စစ်ကြောနေပြီး တအိမ်တက်ဆင်း လက်နက်ရှာသည်ဟု အကြောင်းပြကာ ကျေးရွာသူ ကျေးရွာသားတွေ၏ ဆန်အိတ်၊ ဆီ၊ အထည်ဆိုင်၊ စက်ချုပ်ဆိုင်တို့မှ အထည်စများ၊ ကုန်စုံဆိုင်တို့မှ အချိုရည်ဘူး၊ အရက်အမျိုးမျိုး၊ ဆိုင်တင်ရောင်းချသည့် နွားကိုင်ကြိုး၊ နားဖားကြိုးတို့ကလည်း ရွာသားတွေအတွက် ချည်စရာကြိုး ဖြစ်ခဲ့ရသလို ပုဆိုးအသစ်၊ ခရီးဆောင်အိတ်ကအစ အကုန်ယူသည်ဟု ဆိုသည်။ ရွှေနှင့်ငွေ သိန်းဂဏန်းပါသွားသူတွေ ရှိသလို ဈေးဆိုင်အားလုံး ငရုတ်တတောင့် ကြက်သွန်တတက် မကျန်အောင် ယူကြသည်ဟု ဆိုသည်။

“ရွာထဲမှာ ကြက်တွန်သံတောင် မကြားရတော့ဘူး။ ကြက်သားအုပ်မက အစ ယူစားကြတယ်။ ပိုက်ဆံချမ်းသာတဲ့အိမ်ဆို မြေပါ တူးဆွရှာထားတာ။ ကတုတ်ကျင်းလား အောက်မေ့ရတယ်” ဟု အသက် ၆၅ နှစ်အရွယ် လူကြီးတဦးက ပြောသည်။

စစ်ကြောခံလူငယ်များကို ဦးဆောင်စစ်ဆေးသူသည် ဗိုလ်မှူးဟု ခေါ်ဆိုသံသာ ကြားရပြီး မျက်စိကို ကြိုးစည်းထားသဖြင့် မမြင်ရဘဲ သူ ရိုက်စေချင်ရင် “ဘူးတဲ့ကွာ” ဟု မြည်တွန်လိုက်သည်နှင့် ကြုံရာရိုက်ချက်က ကျောပေါ် ခေါင်းပေါ် ခြေသလုံးပေါ် ကျရောက်လာသည်ဟု ဆိုသည်။

“ရုပ်မမြင်ရဘူး။ အဲ ဗိုလ်မှူးလို့ ခေါ်သံပဲ ကြားတာ။ သူက သေနတ်ရှိလား၊ ပီဒီအက်တွေစခန်း ပြောလို့ မေးတော့ သိမှမသိတာ။ ကျနော်တို့ တကယ်မသိပါဘူး ဖြေလိုက်တာနဲ့ သူက ‘ဘူးတဲ့ကွာ’ ဆို အရိုက်ခံရပြန်တယ်။ အခု ရွာမှာ အဲဒီစကား ကျန်ခဲ့တယ်” ဟု ကိုယ်တိုင် အရိုက်ခံခဲ့ရပြီး ရွာမှာမနေရဲတော့သူ အသက် ၃၅ နှစ်အရွယ် လူငယ်တဦးက ပြောသည်။

ထိုငရဲခန်းရဲ့ အစသည် မှိုက်ကျေးရွာအနီး နတ်မောက်တောင်ဘုရားနှင့် သရက်မြို့နယ် မဲအိုးတောင်တို့၏ကြား တောတောင်လျှိုမြောင် ထူထပ်နေသော တောထဲတွင် ဝန်ထမ်းအလွှာစုံ စီဒီအမ်တချို့နဲ့ ပီဒီအက်သင်တန်းဆင်းတချို့ ခိုအောင်းနေထိုင်ကြစဉ်က နီးစပ်ရာ ကျေးရွာများတွင် စားသောက်ကုန် ဆင်းဝယ်ခြင်းနှင့် အသားပေါ်ကြခြင်းတို့သာ ရှိခဲ့ပြီး စခန်းကို ရောက်ဖူးသူမရှိဟု ဆိုသည်။ တခါတရံ သရက်၊ ကံမ ပီဒီအက်များက မစ်ရှင်အမျိုးမျိုးကို သရက်နယ် ကံမနယ်တို့မှာ ဖော်ဆောင်ကြသည်ဟု ဆိုသည်။

သြဂုတ် ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ တွင် စစ်တပ်စစ်ကြောင်းများက သရက်နယ်၊ ကံမနယ်၊ မင်းတုန်းနယ်ကနေ ပိတ်ဆို့စစ်ကြောင်းထိုးစဉ် အသက် ၁၇၊ ၁၈ အရွယ် ကံမမြို့သား ၂ ဦးကို တူမီး ၂ လက်၊ မှတ်ပုံတင်တွေနဲ့အတူ အသေမိခဲ့ကာ သိမ်းဆည်းရမိသည့် ဆန်အိတ် ၇ လုံးတွင် ပွဲရုံက ရေးထိုးထားသည့် လူအမည်နှင့် လိုင်းကားအမည်အရ မှိုက်ကျေးရွာ၊ လက်ပွကျေးရွာတို့ ဖြစ်နေသဖြင့် ခြေရာခံလိုက်လာပြီး PDF များကို ထောက်ပံ့သည့် သံသယစာရင်းသွင်းကာ ငရဲခန်းကဲ့သို့ လူမဆန် ရိုက်နှက်ကြခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

ဖမ်းဆီးရိုက်နှက်ခံရသည့် လူငယ် လူကြီး ၄၅ ယောက်ဖြစ်ပြီး သရက် စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၁၈ ယောက်ရှိကာ ကျန်သူများကို ရွာမှာတင် ပြန်လွှတ်ပေးခဲ့ပြီး အသားများ ပုပ်စပြုနေတဲ့ သေရာပါဒဏ်ရာကုသခွင့်ကို ၃ ရက်ခန့် စောင့်ဆိုင်းနေရပြီး လုပ်ငန်းခွင် ထိခိုက်မိ ဒဏ်ရာအဖြစ် ပြောဆိုကုသရန် ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

အလားတူ လက်ပွကျေးရွာတွင်လည်း လူတယောက် ပစ်သတ်ခံရပြီး လူပေါင်း ၄၀ ကျော် ဖမ်းဆီးခံရသည်ဟု စုံစမ်းရရှိသော်လည်း အတည်ပြုနိုင်ရန် ကြိုးစားဆဲ ဖြစ်သည်။

မှိုက်ကျေးရွာတွင် အမျိုးသမီးငယ် ၄ ဦးနှင့် ၅၀ ပိုင်းအရွယ် အမျိုးသမီးကြီး ၄ ဦးတို့လည်း ရိုက်နှက်ခံရသည်ဟု ဆိုသည်။

နတ်မောက်တောင် ဓမ္မာရုံမှာ ပြည်မြို့က ဘုန်းကြီးဖွင့်တဲ့ ယဉ်ကျေးလိမ္မာသင်တန်း တက်သည်ကို ပီဒီအက်သင်တန်းတက်သည်ဟု ဆိုကာ ရိုက်နှက်စစ်ဆေးခံရသည်ဟု ဆိုသည်။

”ဘာရယ် ညာရယ် မဟုတ်ဘူး။ သင်တန်းဆိုကတည်းက စွတ်ရိုက်တာ။ ဆိုင်က အရက်အဆီတွေ အကုန်ယူသောက်နေတာ။ မူးရူးနေကြတာ။ သူတို့ပါးစပ်က ပြောသေးတယ်။ ၅ ပါးသီလ မသိဘူးလားတဲ့” ဟု ရိုက်နှက်ခံက ပြန်ပြောင်းပြောပြသည်။

ထိုစစ်ကြောင်းကို ကပစ ၁၂၊ သရက်ကပစ ၁၀၊ မင်းလှ စစ်လက်နက်သိုလှောင်ထောက်ပို့တပ် မင်းလှနှင့် ခလရ ၄၄၊ သရက်နှင့် ခလရ ၇၁ အောင်လံတို့ ထုတ်နုတ်အင်အားများ စုဖွဲ့ထားကြောင်းကို မှိုက်ကျေးရွာအနီး အပြင်စည်း လုံခြုံရေးယူထားသော စစ်တပ် စစ်သားများက ပြောဆိုသဖြင့် သိရသည်ဟု ဆိုသည်။

အဆုံးသတ်တွင်တော့ သရက်ခရိုင် တရားရုံးတွင် အကြမ်းဖက်မှုပုဒ်မတပ် တရားစွဲရခံသူ၊ နှိပ်စက်ခံရသူ ၁၈ ဦးနှင့် နေအိမ် ၅ လုံး ချိပ်ပိတ်ခံရကာ ခိုင်းနွား ၁၂ ကောင်နှင့် ပြည်မြို့မှ သိန်း ၂၀ ဖိုး ဈေးကုန်ဝယ်ပြီးစ ကုန်ပစ္စည်းထုပ်များ၊ အရက်မျိုးစုံနှင့် တောင်သူများ နွားရောင်းထားသည့်ငွေများကို စစ်ကား ၁၂ စီးတိုက် ယူသွားသည်ကို တွေ့ရသည်ဟု လမ်းဘေးတလျှောက် ရွာများက ပြောကြသည်။

စစ်သားများလာစဥ်က စစ်ကားအသေး အပါအဝင် ၃ စီး ဖြစ်သော်လည်း ပြန်သည့်အခါ စစ်ကားအကြီး ၁၂ စီးနှင့် လာရောက်သယ်ယူသွားခြင်း ဖြစ်သည်ကို ခေါင်းငုံ့နေခဲ့ကြရသည်ဟု ဆိုသည်။

“နွားတွေကို ကားနဲ့တင်သွားပြီး ပုသိမ်-မုံရွာလမ်းပေါ်က နွားပွဲစားဆီမှာ ရောင်းစားသွားတယ်။ အိမ်ချိပ်ပိတ်ဖို့လာတဲ့ ရဲတွေကလည်း အမှုသည်တွေဆီက စုပေါင်းပြီး ရဲကို ၅ သိန်း၊ စစ်သားတွေကို ဘယ်လောက်လဲမသိဘူး ပေးလိုက်ရပြန်တယ်။ ပြီးတော့ သော့မပါလို့ဆိုပြီး ပြန်ကြပြန်တယ်။ နောက်တခါလာဖို့ ခွင်ဖန်တာနေမှာပေါ့” ဟု မှိုက်ရွာနဲ့နီးစပ်သူတဦးက ဆိုသည်။

မင်းတုန်းနယ်မြေတကြောမှာ အရင်က ခေတ်မီသည့်ရွာ၊ အပျိုတိုင်း ချောသည်ဟု ချီးမွမ်းခံရသည့် အိမ်ခြေ ၁၅၀ ခန့် ရွာကလေးသည် အခု ၃ လနီးပါးကြာသည်အထိ ကြက်တွန်သံတိတ်ဆိတ်ပြီး ဝါးထင်းမီးပေါက်သည်ကိုပင် လန့်ထပြေးရသည့် အကြောက်တရားများ ကျန်ရစ်ကာ ဘယ်အချိန် ဘယ်ကာလအထိ စိတ်ဒဏ်ရာများ ကျန်ခဲ့မည်ဆိုသည်ကို မသိရသေးပေ။

တဖက်သတ် စွပ်စွဲဖမ်းဆီးခံရသူ ၁၈ ယောက်တို့ အမြန်လွတ်မြောက်ရေးကို ကျိတ်ဆုတောင်း ကျိတ်ခံစားကြရင်း စပါးရိတ် ပဲစိုက်ရာသီ လုပ်ငန်းခွင်မှာ မျက်ရည်ခိုးကျနေရသည့် ကူရာမဲ့ ကယ်ရာမဲ့ ဘဝတွေ ဖြစ်နေကြရပြီး သတင်းဌာနတွေကိုပြောရင် ရွာမီးရှို့မည်ဟု ခြိမ်းခြောက်ထားသဖြင့် အေးအေးနေတတ်တဲ့ တောသူတောင်သား ရိုးရိုးအအတွေ ကျိတ်ခံစားရင်းနဲ့ ကျီးလန့်စာစားဘဝမှာ ရှိနေကြဆဲဖြစ်သည်။

ဒေးဗစ်ထန်း

မှတ်ချက် ။  ။ ရွာမှ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ် လုပ်နေသူ၏ ကိုယ်တွေ့ဖြစ်ရပ် ဖြစ်သည်။

4 months Ago
Up