နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အမိန့်ကြောင့် ငြင်းဆန်နိုင်စွမ်းမရှိတော့ဘဲ မန်ယူအသင်းကို တာဝန်ယူခဲ့ရကြောင်း မိုယက်စ်က ပြောသွားပါတယ်။
နည်းပြကြီး ဖာဂူဆန်ဟာ မိုယက်စ်ကို သူ့အိမ်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အင်တာဗျူးလုပ်တာမျိုး၊ ယူနိုက်တက်ကို ကိုင်တွယ်ချင်သလား မေးတာမျိုး ဘာမှမရှိခဲ့ကြောင်း မိုယက်စ်က ပြန်လည်ပြောပြခဲ့တာပါ။
“ကျနော် သူနဲ့တွေ့တော့ ငါအနားယူတော့မှာမလို့ မင်းက မန်ချက်စတာယူနိုက်တက် အသင်းကို တာဝန်ယူလိုက်ပါဆိုပြီး ပြောတယ်။ အင်တာဗျူးတာလည်း မရှိသလို ကိုင်တွယ်ချင်တဲ့ဆန္ဒကော ရှိသလားလို့လည်း ဘာမှမမေးခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ဆာအဲလက်စ် အနားယူတော့မယ်ဆိုတာ ဘယ်သူမှတောင် မသိသေးတဲ့အချိန်ဖြစ်လို့ ကျနော် အတော်အံ့အားသင့်ခဲ့ရတယ်” လို့ မိုယက်စ်က ပြောပါတယ်။
အဲဒီအချိန်မှာ တခြားအသင်း ၃ သင်းလောက်ရဲ့ ကမ်းလှမ်းမှုတွေလည်း ရှိခဲ့ပေမဲ့ ဖာဂူဆန်ရဲ့ တာဝန်ပေးမှုကို လွန်ဆန်နိုင်ခြင်း မရှိခဲ့ကြောင်း မိုယက်စ်က ပြန်လည်ပြောပြသွားပါတယ်။