တရုတ်ကာကွယ်ဆေးတွေဟာ ဒဲလ်တာမျိုးကွဲအတွက် အလုပ်မဖြစ်ဘူးလို့ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးရုံး ညွှန်ကြားရေးမှူး ဂေါင်ဖုက ထုတ်ဖော်ပြောလိုက်ပါတယ်။ ဒါပေမဲ့ အန်တီဘော်ဒီ ပဋိပစ္စည်းကို ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ တတိယမြောက်ထိုးဆေးကို ရရှိထားပြီလို့လည်း သူက ပြောပါတယ်။
ဧပြီလတုန်းက ညွှန်ကြားရေးမှူး ဂေါင်ဖုဟာ လူနာတယောက်ထဲမှာ မတူညီတဲ့ ကာကွယ်ဆေးတွေကို ဘယ်လိုစီမံရမယ်ဆိုတာနဲ့ပတ်သက်ပြီး ရှုပ်ထွေးခဲ့ပါတယ်။ လေ့လာသူအများစုကတော့ တရုတ်ကာကွယ်ဆေးတွေရဲ့ အာနိသင်မထိရောက်မှုကို အများပြည်သူသိ ဝန်ခံခြင်းတရပ်အဖြစ် သူ့ရဲ့ထုတ်ပြန်မှုကို ဖတ်ရှုကြတာပါ။
Lancet Microbe မှာ ပုံနှိပ်ထုတ်ဝေတဲ့ ဟောင်ကောင်တက္ကသိုလ်ရဲ့လေ့လာမှုတစ်ခုအရ တရုတ် Sinovac ကာကွယ်ဆေး ဆိုတာဟာ Pfizer-BioNTech ကနေ ထုတ်လုပ်လိုက်တဲ့ အန်တီဘော်ဒီ ပဋိပစ္စည်းရဲ့ ဆယ်ပုံတပုံကိုသာ ထုတ်လုပ်ပေးတယ်လို့ အခိုင်အမာ ဖော်ထုတ်ထားပါတယ်။
ခုချိန်ထိ တရုတ်ဟာ ကာကွယ်ဆေး ၄ မျိုးကို ထုတ်လုပ်ခဲ့ပြီး ကာကွယ်ဆေးတင်ပို့မှုမှာလည်း ကမ္ဘာ့ထိပ်တန်းဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ အတော်များများက ကျန်းမာရေးအာဏာပိုင်တွေက တရုတ်ကာကွယ်ဆေးရဲ့ အရည်အသွေးပိုင်း အကန့်အသတ်ရှိနေတာကို စောဒက တက်ခဲ့ကြပြီး တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့ကြတဲ့ အစိုးရတွေနဲ့ တရုတ်ကနေ အခမဲ့ပေးပို့တာကို လက်ခံရရှိထားတဲ့ အစိုးရတွေအတွက် ပြဿနာတရပ် ဖြစ်ပါတယ်။
ဥပမာအားဖြင့် ရာနဲ့ချီတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှား ကျန်းမာရေးလုပ်သားတွေဟာ တရုတ်ဆေးဝါးတွေနဲ့ ကာကွယ်ဆေးထိုးနှံခံပြီးနောက်မှာ ကိုဗစ် ကူးစက်ခံခဲ့ရလို့ အင်ဒိုနီးရှား အယောက် ၃၀ နဲ့ ထိုင်း ၂ ယောက်တို့ သေဆုံးခဲ့ရတာကြောင့် တရုတ်သမ္မတရှီအတွက် ကာကွယ်ဆေးအကြောင်းပြု သံခင်းတမန်ခင်းအတွက် အကြီးအကျယ်ထိုးနှက်မှု ဖြစ်ခဲ့ပါတယ်။