close

ဒွန်းနက်စ်ခ်အကျဉ်းထောင်

close

July 29, 2022

ဒွန်းနက်စ်ခ်အကျဉ်းထောင်ကို ယူကရိန်းက ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းများ သေဆုံးဟု ရုရှားပြော

ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ခ်နယ်မြေရှိ  အကျဉ်းထောင်တခုကို ဇူလိုင် ၂၉ ရက်နေ့မှာ ယူကရိန်းက အမေရိကန်လုပ် HIMARS ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ယူကရိန်းစစ်သုံ့ပန်း အယောက် ၄၀ သေဆုံးပြီး ၇၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကို့ဗ်က “ကိယက်ဗ်အစိုးရဟာ နောက်ထပ် သွေးထွက်သံယို ရန်စမှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်” လို့ ပြောပါတယ်။

အာဇော့ဗ်တပ်ရင်းမှ တိုက်ခိုက်ရေးသမားတွေ အပါအဝင် ယူကရိန်းစစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အိုလီနိဗ်ကာနယ်မြေအနီးက တရားခွင် အကြိုထိန်းသိမ်းရေးစခန်းကို အမေရိကန်လုပ် HIMARS စနစ်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ ထိမှန်သွားတာဖြစ်ပြီး ထောင်ဝန်ထမ်း ၈ ယောက်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူကရိန်းစစ်တပ်ရဲ့ အရာရှိအများအပြားဟာ စစ်သုံ့ပန်းတွေအပေါ် ရုရှားဘက်က လူသားဆန်တဲ့ သဘောထားကို သတိပြုမိပြီးတော့ သူတို့ဆန္ဒအလျောက် လက်နက်ချခဲ့ကြတယ်လို့ လည်း ဆိုပါတယ်။

ဒွန်းနက်စ်ခ် ခွဲထွက်ရေးသတင်းအေဂျင်စီက နောက်ပိုင်းမှာ ဒီဖြစ်ရပ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၅၃ ယောက်အထိ ရှိလာခဲ့ကြောင်း သူတို့ရဲ့ ကာကွယ်ရေးဌာနချုပ်က ကိန်းဂဏန်းတွေကို ကိုးကားဖော်ပြခဲ့ကြပါတယ်။

1 min Ago
Up