ယူကရိန်းတပ်တွေက ရုရှားသိမ်းပိုက်ဖို့ကြိုးစားတဲ့ ကိယက်ဗ်မြို့ကို အောင်မြင်စွာ တန်ပြန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ တိုင်းပြည် အရှေ့တောင်ဘက်မှာ အရေးကြီးတဲ့တိုက်ပွဲတွေ ဆက်ဖြစ်နိုင်ကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ် မိုက်မယ်လီက ပြောပါတယ်။
လွှတ်တော်ကြားနာမှုမှာ ဆီနိတ်တာ မိုက်ရောင်းစ်က “ရုရှားရဲ့ကျူးကျော်မှုကို ပြန်တွန်းလှန်ရာမှာ ယူကရိန်းတပ်တွေအတွက် ငါတို့ရဲ့ မဟာဗျူဟာက လုံလောက်မှု ရှိတယ်လို့ မင်း ထင်သလား၊ ဘာအပြောင်းအလဲတွေ မင်းအကြံပြုလိုသလဲ” လို့ မေးမြန်းခဲ့ပါတယ်။
အမေရိကန်ပူးတွဲစစ်ဦးချုပ်များ ဥက္ကဋ္ဌ မိုက်မယ်လက “ပြီးခဲ့တဲ့ ၆ ပတ်မှာ အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ကိယက်ဗ်မြို့မှာ ရုရှားတို့ကို အနိုင်ယူခဲ့တယ်၊ ဒါပေမဲ့ အရှေ့တောင်ဘက် ဒွန်းဘက်စ်ဒေသမှာ ကြီးမားတဲ့စစ်ပွဲ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အဲဒီမှာ ရုရှားတပ်တွေ ပုံအောပြီး ထိုးစစ်ဆင်မှာပါ။ ဒီမှာ အဓိကမေးခွန်းက ဒီစစ်ပွဲ ဘယ်လို အဆုံးသတ်ကြမလဲ ဆိုတာပါ။ ပူတင်က အပစ်အခတ်ရပ်စဲမယ်၊ သူ့ကျူးကျော်မှုရပ်ပြီး သံတမန်ဆက်ဆံရေး ပြန်လုပ်လာဖို့ ဆုံးဖြတ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီ ဒွန်းဘက်စ်ဒေသတော့ မပါဘူး၊ မကြာခင် ထိုးစစ်ကြီးကြီး အဲဒီဒေသမှာ ပြန်စတော့မှာပါ” လို့ ဖြေပါတယ်။
ဒါ့အပြင် ယူကရိန်းတပ်တွေက ရန်သူရုရှားတပ်တွေကို ခုခံကာကွယ်ရာမှာ မြေမြှုပ်မိုင်းကို ကောင်းကောင်း အသုံးချခဲ့ကြတယ်လို့ ဆိုပါတယ်။
“ရုရှားတင့်ကား ၆ သောင်းလောက်ဟာ ယူကရိန်းထောင်တဲ့ မိုင်းတွေမိပြီး ပျက်စီးခဲ့ပါတယ်။ အဲဒီမိုင်းတွေကြောင့်ပဲ တက်လာတဲ့ ရုရှားစစ်ကြောင်း တခုပြီးတခု ပျက်စီးသွားတယ်။ တင့်ကားဖျက်မိုင်းတွေကို ယူကရိန်းတို့ ကောင်းကောင်း အသုံးပြုခဲ့ပါတယ်” လို့ ဗိုလ်ချုပ်ကြီးမိုက်မယ်လီက ဖြေကြားခဲ့ပါတယ်။