close

ဓာတုစက်ရုံ

close

August 28, 2021

ပါကစ္စတန်တွင် ဓာတုစက်ရုံ မီးလောင်မှု ၁၆ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့တော် ဘဏ္ဍာရေးအချက်အချာကျတဲ့ ကရာချိမြို့မှာ သြဂုတ် ၂၇ ရက်က စက်ရုံမီးလောင်မှုကြောင့် အနည်းဆုံးလူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

မြို့အရှေ့ဘက်ရှိ အထပ်မြင့် ဓာတုပစ္စည်းစက်ရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး စက်ရုံရဲ့ ပြတင်းပေါက်အများစုကို ပိတ်ထားတယ်လို့ ရဲနဲ့ မီးသတ်အရာရှိတွေက ပြောပါတယ်။ 

မီးဟာ သုံးထပ်စက်ရုံရဲ့ မြေညီထပ်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး စက်ရုံ  အလုပ်သမားတွေဟာ ဒုတိယထပ်မှာ မီးထဲပိတ်မိရင်း အတော်များများ သေဆုံးခဲ့တာပါ။

ဒီလို မတော်တဆမှုမျိုး ကြုံရတာ အသစ်အဆန်းမဟုတ်တော့တဲ့ ပါကစ္စတန်နိုင်ငံမှာ စက်မှုလုပ်ငန်း ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။ 

၂၀၁၂ ခုနှစ် စက်တင်ဘာလတုန်းက အထပ်မြင့် အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်သမား ၂၆၀ ကျော် အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ ပါကစ္စတန်နိုင်ငံသမိုင်းမှာ အသေအပျောက်အများဆုံး စက်ရုံမီးလောင်မှု ဖြစ်ပါတယ်။

တောင်အာရှက စက်ရုံအတော်များများဟာ သင့်တင့်တဲ့ မီးဘေးလုံခြုံရေးအစီအမံတွေ မရှိဘဲ တရားမ၀င် လည်ပတ်လုပ်ကိုင်နေကြတာဖြစ်ပြီး မီးလောင်ကျွမ်းမှုနဲ့ မတော်တဆမှုတွေ အဖြစ်များကြပါတယ်။

11 mins Ago

May 16, 2020

ဗင်းနစ်မြို့အနီး ဓာတုစက်ရုံပေါက်ကွဲ၊ ဒေသခံများ အိမ်ထဲတခါးပိတ်နေရန် ညွှန်ကြား

အီတလီနိုင်ငံ ဗင်းနစ်မြို့နားက ဓာတုပစ္စည်းစက်ရုံမှာ မေလ ၁၅  ရက်က  ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ဒေသခံတွေ  အိမ်ထဲမှာ တံခါးပိတ်နေဖို့  တာဝန်ရှိသူတွေက ညွှန်ကြားခဲ့ရပါတယ်။   စက်ရုံပေါက်ကွဲမှုမှာ အလုပ်သမား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းစာ ကိုရီယာဒယ်ဗန်နက်တိုက ဖော်ပြပါတယ်။  စက်မှုဇုန်တခုအတွင်း‌ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးသတ်သမား ဒါဇင်နဲ့ချီ သွားရောက် ငြှိမ်းသတ်ခဲ့ပါတယ်။   ဓာတုစက်ရုံပေါက်ကွဲမှုက ထွက်လာတဲ့ မီးခိုးမည်းမည်းတွေကို ဗင်းနစ်မြို့ ပင်လယ်ထုံးအိုင်ကနေ မြင်တွေ့ရပါတယ်။  ဒီပေါက်ကွဲမှုဟာ ဗင်းနစ်မြို့က ကီလိုမီတာ အနည်းငယ်ဝေးတဲ့ ပေါ်တိုမာဂယ်တာ  အရပ်မှာ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up