ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၂၀ ရပ်ကွက်၊ တမ္ပဝတီလမ်း၊ အမှတ် ၃၂ ရှိ လူနေအိမ်အောက်မှာ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် မီးလန့်မှုတခု မတ်လ ၃၀ ရက် နေ့လယ် ၁၁ နာရီ ၄၃ မိနစ်လောက်က ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းဟာ ၈ လက်မရှိပြီး တောင်ဒဂုံမြို့နယ်ကနေ ရွှေပြည်သာမြို့နယ် လှော်ကားအထိ ၅ မြို့နယ် ဖြတ်သန်းသွယ်တန်းထားတဲ့ ပိုက်လိုင်းဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနေရာမှာ အရင်က လူနေထိုင်ခြင်းမရှိတဲ့ ကွင်းပြင်သာဖြစ်ပေမဲ့ ၂၀၁၀ ခုနှစ်ကစလို့ ရပ်ကွက်ရုံးအဖွဲ့က မြေကွက်ရိုက် ရောင်းစားတာတွေကြောင့် အိမ်တွေများပြားလာတယ်လို့ သိရပါတယ်။
ယိုစိမ့်မှုဖြစ်ပေါ်ခဲ့တဲ့အိမ်က မိသားစုဝင်တွေကို လတ်တလော ရွှေ့ပြောင်းခိုင်းထားတယ်လို့ သိရပြီး ဓာတ်ငွေ့ပိုက်လိုင်းတောက်လျှောက်က လူနေအိမ်တွေမှာ မီးဘေးအန္တရာယ် အချိန်မရွေး ရှိနေနိုင်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ဒီနေရာ အရင်က မီးတားကွင်း ပလပ်မြေပါ။ ဒီပိုက်လိုင်းတွေပေါ်မှာ ခွပြီး ဆောက်ထားတာ ဒီတလမ်းလုံးပါပဲ။ အရင်က လူကြီးတွေ အကွက်ရိုက်ပြီး ရောင်းစားထားတာ။ အခု အိမ်တွေများလာပြီ။ ဒီမှာတော့ ပထမဆုံးအကြိမ်ဖြစ်တာပါ။ ရှေ့လျှောက် နေပူမှာနဲ့ ဒီလို ပိုက်လိုင်းထပ်ပေါက်မှာနဲ့ဆို တရပ်ကွက်လုံးအတွက်ပါ အန္တရာယ်ရှိတယ်။”
ပိုက်လိုင်းပေါက်တဲ့နေအိမ်ရဲ့ အနောက်ဘက် မီးဖိုချောင်ကနေ ဓာတ်ငွေ့တွေ ထွက်ပေါ်လာလို့ မီးတောက်အနည်းငယ်ရှိနေတဲ့အချိန်မှာ ရပ်ကွက်နဲ့ မီးသတ်ဌာနတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ပိုက်လိုင်းဖာတာနဲ့ ဓာတ်ငွေ့ရှင်းလင်းရေးကိုတော့ မီးသတ်ဌာနက နေ့လယ် ၁၂ နာရီ ၁၉ မိနစ်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ဇောတိက-ရန်ကုန် ပို့ဆောင်တဲ့ လက်မ ၂၀ ဓာတ်ငွေ့ပိုက်လိုင်းဟာ မတ်လ ၉ ရက် မနက် ၄ နာရီခွဲလောက်မှာ မိုင်းခွဲခံရလို့ ရန်ကုန်၊ လှော်ကား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်က ၅၅ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့တယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ကြေညာထားပါတယ်။
မတ်လ ၉ ရက်၊ မနက် ၄ နာရီ မိနစ် ၂၀ လောက်မှာပဲ ရန်ကုန်၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ သမိုင်းချောင်းနားမှာ မြေအောက်မြှုပ်ထားတဲ့ 66 KV ကေဘယ်ကြိုး ၁ ချောင်းလည်း ခိုးယူခံခဲ့ရပါသေးတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် ရန်ကုန်က လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ်တို့မှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး အဲ့ဒီမြို့နယ်တွေက 33 KV ဓာတ်အားခွဲ ၂ ရုံ၊ 66 KV ဓာတ်အားခွဲရုံတို့ကို 230 KV ရှိ သာကေတ ဓာတ်အားပေးစက်ရုံက ဓာတ်အား ယာယီဖြန့်ဖြူးပေးထားရတယ်လို့ သိရပါတယ်။
မရမ်းကုန်းမြို့နယ် EPC က “စာမေးပွဲကာလကို ညနေပိုင်း တနေ့ ၅ နာရီနှုန်းနဲ့ ရက် ၂၀ စာ မီးအား ထိန်းညှိပေးနေပါတယ်။ ဒီကာလမှာ အိမ်တွင်းအလုပ်ရုံတွေ၊ လျှပ်စစ်အဓိကသုံးတဲ့ လုပ်ငန်းတွေကို အဲ့အချိန်လေးကို မသုံးစွဲဖို့တော့ ပြောချင်တာပါ။ ကေဘယ်ကြိုး အစားထိုးတပ်ဆင်မှုတော့ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်ကို ပို့ဆောင်ပေးနေတဲ့ ဓာတ်အားပေး ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရလို့ မဂ္ဂဝပ်လျှော့ထုတ်ရတာနဲ့ လှိုင်မြို့နယ်က 66 KV ကေဘယ်ကြိုး ဖြတ်တောက်ခိုးယူ ခံရတာတွေကြောင့် ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ YESC ဘက်က ပြောပေမဲ့ ဒီဖြစ်စဉ်မတိုင်ခင်ကတည်းက လျှပ်စစ်မီး မကြာခဏပြတ်တာကြောင့် ဆိုလာစနစ် မီးတွေနဲ့ အင်ဗာတာကိုသာ ဝယ်ယူအသုံးပြုနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကိုယ်ပိုင်အထက်တန်းကျောင်းတခုရဲ့ တာဝန်ရှိသူက “ဆယ်တန်းမဖြေခင် တလလောက်ကတည်းက မြောက်ဒဂုံမှာ မီးပျက်တာ၊ တနေ့ ၄ နာရီပဲ မီးဖြတ်တယ်ဆိုတာ သူတို့ ကြားကောင်းအောင် ပြောနေတာ။ မနက် ၉ နာရီပြတ်ရင် နေ့လယ် ၁ နာရီလာရမှာ၊ အဲ့လိုမဟုတ်ဘူး၊ မနက်က စပြတ်လိုက်တာ၊ ညနေ ၅ နာရီမှ လာတယ်။ လာပြီး ၁ နာရီခွဲလောက်ကြာတော့ ဖျတ်ဆို ပြတ်ရော။ တညလုံး မလာတော့ဘူး။ ကျောင်းသားတွေလည်းရှိတော့ ချက်ပြုတ်ဖို့ ဂက်စ်ကိုသုံးရတယ်။ ညဆို မီးပျက်လွန်းလို့ မီးစက်နဲ့ မောင်းရတယ်။ မီးလာတုန်းလေး အင်ဗာတာနဲ့ သွင်းထားရတယ်။ ဆိုလာကလည်း မီးသီးလောက်ပဲခံတော့ မီးစက်ပဲ အသုံးများပါတယ်” လို့ ပြောပါတယ်။
မတ်လ ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပနေတဲ့ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် မတ်လ ၁ ရက်မှ ၂၀ ရက်အထိ ညနေ ၅ နာရီမှ ည ၁၀ နာရီအတွင်း စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အားသုံးပြီး ဆောင်ရွက်ခြင်းမပြုဖို့ YESC ဘက်က အသိပေးထားပါတယ်။