close

ဓာတ်ငွေ့သယ်ယာဉ်

close

April 3, 2022

ထီးခီး- မေတ္တာ- ထားဝယ်လမ်း၌ ဓာတ်ငွေ့သယ်ယာဉ် ၂ စီး မီးရှို့ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဧပြီ ၁ ရက် နေ့လယ်ပိုင်းလောက်က AwRa Trading ကုမ္ပဏီပိုင် ဓာတ်ငွေ့သယ်ယာဉ် ၂ စီးကို အမည်မသိလက်နက်ကိုင်တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့  ကုမ္ပဏီပိုင်ရှင်က ပြောပါတယ်။

ထိုင်းနယ်စပ် ထီးခီး- မေတ္တာ- ထားဝယ်လမ်းကြောင်းကနေ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်းက အများပြည်သူအသုံးပြုဖို့အတွက် ထမင်းချက်ဂက်စ်တွေကို ကစယ်ဒိုထူးကုမ္ပဏီက  AwRa Trading ကုမ္ပဏီပိုင်ဂက်စ်သယ်ယာဉ် ၂ စီးကိုငှားရမ်းပြီး  တင်သွင်းလာတဲ့ယာဉ်တွေလို့ ဆိုပါတယ်။

AwRa Trading ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ”ကျမတို့ ကုမ္ပဏီပိုင်ယာဉ် ၂ စီး မီးရှို့ခံလိုက်ရတာပါ။ မြဝတီလမ်းကြောင်းပိတ်တော့ ကားတွေနားထားရတော့  ကစယ်ဒိုထူးကုမ္ပဏီက ထီးခီးလမ်းကြောင်းကနေ ဂက်စ်တင်ဖို့ ခဏငှားပေးထားတာပါ။ ခါတိုင်းလည်း သွားနေကြ။ လမ်းကြောင်းမှာ အစစ်အဆေးခံတော့ လေယာဉ်ဆီမဟုတ်ဘူးလို့ ရှင်းပြနေတုန်း မီးရှို့ခံလိုက်ရတယ်”လို့ ဆိုပါတယ်။

အဆိုပါယာဉ်တွေဟာ ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ၊ ထီးခီး-မေတ္တာလမ်းကြောင်းတလျှောက် ကေအန်ယူတပ်ဖွဲ့တွေရဲ့ အဆင့်ဆင့်စစ်ဆေးခံယူပြီး ဖြတ်သန်းခွင့်ရခဲ့တာဖြစ်ပြီး ထားဝယ်မြို့အနီးအရောက်မှာ အခုလို  မီးရှို့ဖျက်ဆီးခံလိုက်ရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လောင်စာဆီဈေးကြီးမြင့်လာတာ၊ လျှပ်စစ်မီးပျက်တောက်တာတွေကြောင့် စွမ်းအင်အစားထိုး ထိုင်းနိုင်ငံထုတ် မီးဖိုချောင်သုံးဓာတ်ငွေ့ရည်(LPGas)ကိုသာ စားသောက်ဆိုင်နဲ့ အိမ်တွေမှာ အဓိကအားထားအသုံးပြုနေရတဲ့အတွက်  ဓာတ်ငွေ့ရည်ပြတ်တောက်ပြီး ဈေးနှုန်းမြင့်မားလာမှာကို စိုးရိမ်နေကြတယ်လို့ ဘားအံမြို့ စာသောက်ဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ဓာတ်ငွေ့ရည်(LPGas)တွေကို ထိုင်းနယ်စပ်၊ မဲဆောက်- မြဝတီလမ်းကြောင်းကနေ အဓိကတင်သွင်ပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ချိရောင်းချပေးနေတာပါ။

အခုအခါ မြဝတီကုန်သွယ်ရေးလမ်းကြောင်းကို ယာယီပိတ်ထားတဲ့အတွက်  မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွေရပ်နားထားရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ ကွမ်းခြံကွေ့(အာရှလမ်းမကြီး)အနီးမှာ ဂတ်စ်တင်ကား ၂ စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ယာဉ်မောင်း ၁ ဦး သေဆုံးပြီး ယာဉ် ၁ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၇  ရက်က ကော့ကရိတ်မြို့ ကျိုက်ဒုံလမ်းခွဲအနီး အာရှလမ်းမပေါ်မှာ ကုမ္ပဏီပိုင် ဓာတ်ငွေ့ရည်(LPGas) တင်ဆောင်လာတဲ့တွဲကား ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း ယာဉ် ၄ စီးထိ မီးလောင်ပျက်စီးခဲ့တာပါ။

1 min Ago

December 4, 2019

ဆူဒန် ကြွေထည်စက်ရုံတွင် ဓာတ်ငွေ့သယ်ယာဉ် မီးလောင်ပေါက်ကွဲ၊ ၂၃ ဦးသေဆုံး

ဆူဒန်နိုင်ငံ မြို့တော်ခါတွန်က ကြွေထည်စက်ရုံတခုမှာ ဒီဇင်ဘာလ ၃ ရက်နေ့က  ဓာတ်ငွေ့သယ်ယာဉ်တစီး ပေါက်ကွဲတာကြောင့် ၂၃ ယောက် သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။  သေဆုံးဒဏ်ရာရသူတွေထဲမှာ  လူမျိုးပေါင်းစုံပါဝင်ပြီး သူတို့တွေထဲက တချို့ဟာ အာရှနိုင်ငံတွေက ဖြစ်တယ်လို့ ဆေးဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ နောက်ပြီး ဒဏ်ရာရသူတချို့ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဒေသခံရဲတပ်ဖွဲ့  အကြီးအကဲက ပြောပါတယ်။ ပေါက်ကွဲရှိန်က အားပြင်းလွန်းတာကြောင့် ဓာတ်ငွေ့သယ်ယာဉ်ဟာ အနီးဝန်းကျင်ကို လွင့်စဉ်ခဲ့တယ်လို့ မျက်မြင်တွေနဲ့ အရပ်ဘက် ကာကွယ်ရေးအရာရှိတဦးက ပြောပါတယ်။   ပေါက်ကွဲမှုကြောင့် စက်ရုံဟာ လုံးလုံးလျားလျား ပျက်စီးခဲ့တယ်လို့ ဆူဒန်အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူတွေအတွက် သွေးလှူဒါန်းပေးဖို့ နိုင်ငံသားတွေကို အစိုးရက တိုက်တွန်းခဲ့ပါတယ်။ ကနဦးလေ့လာချက်အရ စက်ရုံမှာလိုအပ်တဲ့ ဘေးကင်းရေးအစီအမံတွေ၊ ပစ္စည်းကိရိယာတွေ မရှိတာနဲ့ မီးလောင်လွယ်တဲ့ပစ္စည်းတွေ သိုလှောင်တာကြောင့် ပေါက်ကွဲမှု ဖြစ်ရတာလို့  အစိုးရထုတ်ပြန်ချက်က ဆိုပါတယ်။
2 years Ago
Up