close

ဓာတ်ဆီဈေးနှုန်း

close

June 3, 2022

ရန်ကုန်တွင် ဓာတ်ဆီဈေးတက်ပြီး ရှားပါးလာသဖြင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ

ရန်ကုန်မြို့က စက်သုံးဆီစျေးကွက်မှာ ဓာတ်ဆီတွေ ဈေးနှုန်းမြင့်တက် ရှားပါးလာတဲ့အတွက် ရောင်းချပေးနိုင်တဲ့ဆိုင်ကို ရှာဖွေပြီး ဖြေရှင်းနေရလို့ အခက်အခဲနဲ့ကြုံနေရတယ်လို့  ဓာတ်ဆီအမျိုးအစားသုံး ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

ရန်ကုန်မှာ ဓာတ်ဆီရောင်းချပေးနိုင်တဲ့ အရောင်းဆိုင်က ရှားပါးနေလို့ ခက်ခက်ခဲခဲ လိုက်လံရှာဖွေပြီး ဖြည့်နေရတယ်လို့လည်း အငှားယာဉ်မောင်းတယောက်က  ပြောပါတယ်။

“ကျနော့်ကားဆိုရင် ဓာတ်ဆီကားဗျာ။ သုံးတဲ့ဆီက ၉၅ ပါ။ ဆီဖိုး တရက် နှစ်သောင်းခွဲထည့်ပြီး သုံးရင် အလွန်ဆုံး ၇ နာရီလောက်ပဲ။ အဲ့ ၇ နာရီအတွင်းမှာ တရက် ငါးသောင်းရဖို့ မနည်းရှာနေရတယ်။ အဲဒီထဲက ဆီဖိုး နှစ်သောင်းခွဲနဲ့ အုံနာကြေး ရှစ်ထောင် နုတ်လိုက်ရင် တရက်ကို တသောင်းခွဲရဖို့ မနည်းရုန်းကန်နေရတယ်။ ဆီစျေးက အခု ၂,၂၀၀ စွန်းစွန်းရှိတယ်။ ဒါတောင် ဆိုင်တိုင်းမှာ မရဘူး။ ဆိုင်ကိုပတ်ရှာပြီး ထည့်နေရတဲ့အပြင် တန်းစီနေရတယ်။ အနည်းဆုံး နာရီဝက်လောက် စောင့်ရတယ်။ အခုဆိုရင် ၂,၀၀၀ နဲ့ ၃,၀၀၀ အကြား ခရီးအတိုလေးတွေပဲ လိုက်တော့တယ်။ ဒဂုံဧရာအဝေးပြေးကို အခု နှစ်သောင်းပေးတောင် ကျနော် မလိုက်တော့ဘူး။ ဒီကြားထဲ ဆီစျေးက ၂,၅၀၀ အထိ တက်မယ်လို့ ကြားနေရတယ်။ အဲဒီလောက် တက်လာရင်တော့ ကျနော်လည်း မမောင်းနိုင်တော့ဘူး။”

ကိုယ်ပိုင်ယာဉ်မောင်းတဦးကတော့ “ဓာတ်ဆီရှာဖို့အတွက် အခု ဘယ်လိုလုပ်ရလဲဆိုရင် ဖေ့စ်ဘွတ်ခ် အရင်ဖွင့်ရတယ်။ ဘယ်နေရာတွေမှာ ဓာတ်ဆီရပါသလဲဆိုပြီး ကိုယ့်မိတ်ဆွေ အချင်းချင်း ပြန်မေးနေရတယ် (ရယ်ရင်းနဲ့)။ အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်း ထွက်ရှာရင် အချိန်ပိုကုန်လို့။ များသောအားဖြင့် မြို့ပြင်က ဆီဆိုင်တွေမှာ ရှိတာများတယ်။ မြို့တွင်းဆိုင်တွေကတော့ မရတဲ့ဆိုင်က ခပ်များများ၊ ရှိတဲ့ဆိုင်ကျတော့ တန်းစီပေါ့။ ဝယ်တာကတော့ ကိုယ် လိုအပ်သလောက်တော့ ဝယ်လို့ရပါသေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော်မှာ ဇွန် ၁ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆီသိုလှောင်ကန်တွေမှာ ဇွန် ၁၆ ရက်အထိ စက်သုံးဆီ အလုံအလောက်ရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့အနေနဲ့ ဇွန် ၁၆ ရက်အထိ ဓာတ်ဆီ၊ ဒီဇယ်ဆီ အလုံအလောက် ရှိပါတယ်။ တချို့ဟာတွေက လမ်းခရီးမှာ ကြန့်ကြာနေတာ ရှိပါတယ်။ ကုန်သည်တွေအနေနဲ့ကလည်း ဒီနေ့ပေါက်စျေးပေါ်မှာ မူတည်ပြီးတော့ တွက်တာ၊ သူ တင်သွင်းလာရတဲ့ စျေးတွေနဲ့ နောက်နေ့တွေမှာ စျေးတက်နိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ လမ်းခရီးမှာ ကြန့်ကြာနေတာတွေ ရှိပါတယ်။ ဒါတွေကတော့ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ သို့သော် ကုန်သည်တွေအနေနဲ့ မရှုံးပါဘူး။ သူတို့သွင်းလာတဲ့စျေးနဲ့ ဒီနေ့ပေါက်စျေးနဲ့ မကိုက်လို့ ရှုံးတာလည် းရှိတယ်။ အဲဒီအဟလေးကြားထဲမှာ တချို့နေရာတွေမှာ ရပ်တန့်နေတာတွေ ရှိပါတယ်။ အဲဒီလိုမျိုးမဖြစ်အောင် အစိုးရအနေနဲ့ ထိန်းညှိဆောင်ရွက်ပေးလျက် ရှိပါတယ်” လို့ ဆိုပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇွန် ၁ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတော်အနေနဲ့ စက်သုံဆီတင်သွင်း ရောင်းချသူတွေနဲ့ သုံးစွဲသူ‌တွေအကြား နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေရေးနဲ့ သင့်တင့်မျှတတဲ့ စျေးနှုန်းဖြစ်စေရေး ထိန်းကျောင်း ဆောင်ရွက်နေပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက သင့်တင့်သော စျေးနှုန်းတရပ်နဲ့ ဖြန့်ဖြူးနေတယ်လို့ ဆိုပါတယ်။

အဆိုပါကော်မတီရဲ့ အဆိုအရ မေ ၃၁ ရက်နေ့  ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေကို တရားဝင် ငွေလဲနှုန်း ၁,၈၅၀ ကျပ်နဲ့ တွက်ချက်ပါက ဓာတ်ဆီ ၁ လီတာ ၂,၂၄၀ ကျပ် (ကန်ဒေါ်လာ ၁ ဒသမ ၂၁)၊ ဒီဇယ် ၁ လီတာ ၂,၄၅၀ ကျပ် (ကန်ဒေါ်လာ ၁ ဒသမ ၃၂) ရှိပါတယ်။

အဆိုပါကာလအတွင်းမှာ အရှေ့တောင်အာရှနိုင်ငံများထဲက စင်ကာပူနိုင်ငံမှာ ဓာတ်ဆီ ၁ လီတာ ၄,၁၈၁ ကျပ် (ကန်ဒေါ်လာ ၂ ဒသမ ၂၆)၊ ဒီဇယ် ၁ လီတာ ၃,၈၉၈ ကျပ် (ကန်ဒေါ်လာ ၂ ဒသမ ၁၀) ရှိတဲ့အတွက် မြန်မာနိုင်ငံထက် ဓာတ်ဆီ ၇၉ ရာခိုင်နှုန်း၊ ဒီဇယ် ၅၇ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှ လိုအပ်တဲ့ စက်သုံးဆီတွေကို စင်္ကာပူနိုင်ငံမှ အဓိကတင်သွင်းပြီး အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းဓာတ်ဆီ ၁လီတာ (ကန်ဒေါ်လာ ၁ ဒသမ ၅၀)၊ ဒီဇယ် ၁ လီတာ (ကန်ဒေါ်လာ ၀ ဒသမ ၉၂)၊ လာအိုနိုင်ငံမှာ ဓာတ်ဆီ ၁ လီတာ (ကန်ဒေါ်လာ ၁ ဒသမ ၆၅)၊ ဒီဇယ် ၁ လီတာ (ကန်ဒေါ်လာ ၁ ဒသမ ၃၂) အသီးသီးရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အတွက် ၁၀ ရာခိုင်နှုန်းသာ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီး ကျန်ရှိတဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရတဲ့အတွက် ပြည်တွင်းမှာ ရောင်းချတဲ့ စက်သုံးဆီစျေးနှုန်းမှာလည်း နိုင်ငံတကာစျေးနှုန်းအပေါ် မူတည်ပြီး ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ဇွန် ၃ ရက်အတွက် ရည်ညွှန်းလက်လီစျေးနှုန်းက ဓာတ်ဆီ (၉၂) ၁ လီတာ ၂,၁၆၀ ကျပ်၊ ဓာတ်ဆီ (၉၅) ၁ လီတာ ၂,၂၁၀ ကျပ် ရှိပါတယ်။

4 mins Ago

October 8, 2019

အီကွေဒေါတွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကုန်တင်ကားသမားများ ဆန္ဒပြ

အီကွေဒေါနိုင်ငံ မြို့တော် ကွီတိုရဲ့ မြို့စွန်က လမ်းပေါ်မှာ ဆန္ဒပြနေတဲ့ ကုန်ကားမောင်းသူတွေနဲ့  ဒေသခံတိုင်းရင်းသားတွေဟာ လမ်းပေါ်က အရံအတားတွေကို အောက်တိုဘာ ၇ ရက်က မီးရှို့ခဲ့ပါတယ်။ လောင်စာဆီ အမတော်ကြေးကို ဖြတ်တောက်တဲ့ သမ္မတ လေနင် မိုရန်နိုရဲ့ ခြိုးခြံချွေတာရေး လုပ်ဆောင်ချက်အပေါ် အများပြည်သူတွေက ဒေါသထွက်နေလို့ ခုလို ဆန္ဒပြတာပါ။ မာချာချီမြို့နယ်က မီးလောင်နေတဲ့ အရံအတားတွေကြောင့် ကွီတိုမြို့တော်ဆီ ဝင်မယ့် ယာဉ်ကြောက ရပ်နေပြီး ဓာတ်ဆီဈေး ပြန်ချမပေးမချင်း ခုလို ဆက်နေမယ်လို့ ဆန္ဒပြသူတွေက ကတိပြုထားပါတယ်။ လောင်စာဆီ အမတော်ကြေး ပယ်ဖျက်မှုကြောင့် ကုန်ဈေးနှုန်း သိသိသာသာ တက်လာတယ်လို့ ပြည်သူတွေက မကျေမနပ် ပြောပါတယ်။  အီကွေဒေါမှာဆယ်စုနှစ် တခုကျော်အတွင်း အဆိုးရွားဆုံး မတည်ငြိမ်မှု ဖြစ်ခဲ့ပြီး လောင်စာဆီရေးရာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အထိနာမယ်လို့ ဒေသခံတွေက ပြောပါတယ်။  ရေနံထုတ်လုပ်တဲ့ အီကွေဒေါနိုင်ငံမှာ ၂၀၁၇ ရွေးကောက်ပွဲအတွင်း အလယ်အလတ် ဝါဒီ မိုရေနိုက အနိုင်ရခဲ့တာပါ။
3 years Ago
Up