close

ဓားစားခံ

close

April 23, 2022

မိုးကုတ်မြို့တွင် တူမအား မတွေ့သဖြင့် အဒေါ်ဖြစ်သူကို ဓားစားခံအဖြစ် စစ်ကောင်စီဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်က မထက်ထက်နိုင်ကို စစ်ကောင်စီ တပ်က  ဧပြီ ၂၂ ရက်နေ့ နေ့ခင်းပိုင်း နေအိမ်မှာဝင်ရောက်ရှာဖွေခဲ့ပြီး မတွေ့တာကြောင့် အဒေါ်ဖြစ်သူ CDM ကျောင်းဆရာမ ဒေါ်အုန်းကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းရဲစခန်းမှာ မထက်ထက်နိုင် သွားရောက်အဖမ်းခံမှ ဆရာမဒေါ်အုန်းကို ပြန်လွှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။  

“ဆရာမဒေါ်အုန်းအိမ်ကို သူတို့ကလာရှာကြတယ်။ ကလေးတွေမရှိတော့ ဆရာမကိုဖမ်းသွားတယ်။ နောက်တော့ ဆရာမ တူမကို သူတို့မိသားစုက စခန်းကို လိုက်ပို့လိုက်တဲ့အချိန်မှာ ဆရာမဒေါ်အုန်းကိုပြန်လွှတ်ပေးတယ်။” 

မထက်ထက်နိုင်ဟာ PDF တွေကို ဆက်သွယ်ကာ ​ထောက်ပံ့မှုတွေပြုလုပ်နေတယ်ဆိုပြီး  ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဆရာမဒေါ်အုန်းက CDM ဝင်ထားပေမယ့် စစ်ကောင်စီတပ်က အရေးယူတာမျိုး မရှိဘူးလို့ ပြောပါတယ်။ 

မိုးကုတ်မြို့က Online shop ပြုလုပ်တဲ့အမျိုးသမီးတစ်ဦးကိုလည်း လွန်ခဲ့တဲ့သုံးလဝန်းကျင်က Kpay အကောင့်ကနေ PDF ကို ထောက်ပံ့တဲ့ အထောက်ထားတွေ့တယ်လို့ဆိုကာ အမေးမမြန်းမရှိဘဲ ထောင်ဒဏ် ၇ နှစ် ချခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ 

မိုးကုတ်မြို့မှာ Red wolf of mogok အဖွဲ့က ဧပြီ ၂၀ ရက်နေ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မှာဖြစ်လို့ ပြည်သူတွေပြင်ဆင်ထားကြဖို့ စာထုတ်ပြန်ခဲ့တာကြောင့် မြို့တွင်းမှာ လုံခြုံရေးတွေတင်းကြပ်နေတယ်လို့ သိရပါတယ်။

13 hours Ago

December 8, 2021

သထုံ NLD လူငယ်တွဲဖက်တာဝန်ခံကို မမိသဖြင့် မိသားစု ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး


မွန်ပြည်နယ်၊ သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွဲဘက်တာဝန်ခံ ကိုဇင်ကိုကိုအား ဖမ်းမမိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်က မိသားစုဝင် ၃ ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်က သထုံမြို့နယ် ဒေးဗရိန်ကျေးရွာမှာ ကိုဇင်ကိုကိုအား လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူကို ဖမ်းမမိလို့ မိသားစုဝင် ၃ ဦးကို ဖမ်းသွားခဲ့တာလို့ ဆိုပါတယ်။

ဓားစာခံအဖြစ် ဖမ်းခံရသူတွေမှာ ကိုဇင်ကိုကိုရဲ့ မိခင်ဖြစ်သူ ဒေါ် နွယ်နွယ်သန်း၊ အစ်ကိုဖြစ်သူ ကိုလွင်ကိုကို၊ ညီဖြစ်သူ မောင်ထွန်းကိုကိုတို့ကို ဖမ်းသွားခဲ့တာပါ။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ မိသားစုဝင် ၃ ဦးကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။

ဖမ်းဆီးသွားတဲ့ ကိုဇင်ကိုကိုရဲ့ ညီဖြစ်သူ မောင်ထွန်းကိုကိုဟာ အသက် ၁၄ နှစ်သာ ရှိပြီး အသက်မပြည့်သေးဘူးလို့လည်း သိရပါတယ်။

မိသားစုဝင် ၃ ဦး ဖမ်းဆီးခံရပြီနောက် ကိုဇင်ကိုကိုမှာလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကိုဇင်ကိုကိုဟာ စစ်အာဏာရှင် ဆန္ဒပြပွဲမှာ ပါဝင်လှုပ်ရှားခဲ့သလို နောက်ပိုင်းမှာ ပရဟိတလုပ်ငန်းတွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း‌တွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

5 months Ago
Up