close

ဓားပြတိုက်မှု

close

April 2, 2023

နေပြည်တော် ဓားပြတိုက်မှု ငွေကျပ် ၁၄ သိန်းကျော် ပါသွား

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ ပိတောက်လမ်းနဲ့ ဧရာဝတီလမ်းထောင့်က မိုးအိမ်ဆောက်ပစ္စည်းဆိုင်ကို ဧပြီ ၁ ရက်ညပိုင်းမှာ လက်နက်ကိုင် ၃ ယောက်က ဓားပြတိုက်ခဲ့ပြီး  ငွေကျပ် ၁၄ သိန်းကျော် ယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆိုင်ပိတ်ဖို့ ပစ္စည်းသိမ်းနေချိန် လက်နက်ကိုင်ထားသူ ၃ ယောက်  နံပတ်ပြားမပါတဲ့ ဆိုင်ကယ်နဲ့ ရောက်လာပြီး ဆိုင်ရှင် ဦးမြတ်မိုးအောင်ကို ဓားနဲ့ ထောက်ကာ ငွေကြေးတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။ 

ဆိုင်ရှင်မိသားစုနဲ့ ရင်းနှီးသူတဦးက "၉ နာရီမထိုးသေးဘူး ဆိုင်ပိတ်ခါနီး အချိန်စောင့်ပြီးမှ လုပ်တာ။ နှစ်ယောက်က ဓားအတိုနဲ့ တစ်ယောက်က ပစ္စတိုပါတယ်။ အဲဒီနားမှာ အသွားအလာက မပြတ်သေးဘူး။ သေနတ်ပါတော့ ဘယ်သူမှလည်း ဝင်မဆွဲရဲဘူး။ ပိုက်ဆံကိုင်ထားတဲ့သူကို အဓိက ထားလုပ်သွားတာ လူကိုတော့ ဘာလုပ်မသွားဘူး”လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နယ်မြေခံရဲစခန်းမှာ တိုင်ကြားထားပြီး ဒီနေ့ မနက်မှာတော့ လုံခြုံရေးအဖွဲ့တွေ လာစစ်ဆေးသွားတယ်လို့ သိရပါတယ်။

3 hours Ago

March 29, 2023

မန္တလေးတွင် ရွှေဆိုင် ဓားပြတိုက်ခံရ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ အေ လမ်း၊ ၃၁×၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေသန့်စင်ရောင်းဝယ်ရေးဆိုင်ကို မတ်လ ၂၇ ရက် ညနေပိုင်းက ကားတစီးနဲ့ လူ ၄ ယောက်က သေနတ်ပစ်ဖောက် ဓားပြတိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီညနေ ၅ နာရီလောက်က စိန်ကျော်မိုးရွှေဆိုင်က‌နေ စိန်သရဖူ ရွှေသန့်စင်ရောင်းဝယ်ရေးက ဝန်ထမ်းအမျိုးသား ၂ ဦးက ရွှေဖိုးငွေ လာ‌တောင်းတာဖြစ်ပြီး စိန်သရဖူ ဟိုက်ဂျက်ကား အနောက်ခန်းကို ရွှေရောင်းရငွေ ကျပ်သိန်း ၃၀၀ တန် ၅ ထုပ်ကို ကားပေါ်တင်နေတာပါ။

ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ ဓားပြ ၄ ဦးက အနက်ရောင် နစ်ဆန်မာ့ခ်ျ အိမ်စီးကား YGN 5D-2975 နဲ့ လာရောက်ကြတာဖြစ်ပြီး‌ ကားပေါ်က ၃ ယောက် ဆင်းလာကာ သေနတ် ၂ ချက်ပစ်ဖောက်ပြီး စိန်သရဖူဟိုက်ဂျက်ပေါ်က ကျပ်သိန်း ၃၀၀ တန် ၄ ထုပ် စုစုပေါင်း ကျပ်သိန်း ၁,၂၀၀ ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ရွှေဆိုင်နဲ့နီးစပ်သူတဦးက“ဖြစ်တာက စိန်သရဖူက ရွှေဖိုး သိန်း ၁,၅၀၀ လာယူတော့၊ ဆာလာအိတ်နဲ့ ၅ ထုပ်ချထားတာ၊ ကားရောက်‌တော့ တင်နေတုန်းပဲရှိသေးတယ်။ ဘေးမှာ ကားထိုးရပ်ပြီး အိတ်တွေဆွဲယူတာ။ ခြောက်လုံးပြူးတလက် ပစ္စတိုနှစ်လက် ပါတယ်၊ မိုး‌ပေါ် ၂ ချက်ပစ်သွားတာ။ လူထိခိုက်မိတာတော့ မရှိပါဘူး။ သူတို့ကားက ၃၁ လမ်းဘက် ပြန်ဆင်းသွားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

ဓားပြတွေက ၈၅ အေ လမ်းကနေ ၃၁ လမ်းဘက်ကို မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပြီး အဲဒီညနေ ၆ နာရီ မိနစ် ၅၀ လောက်မှာ ၄ ဦးပါ ဓားပြအဖွဲ့ကို စစ်ကောင်စီ မန္တလေးရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ပြောနေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းကလည်း စိန်ကျော်မိုး ရွှေသန့်စင်ရေးဆိုင်ကို ဆိုင်ကယ်စီးဓားပြအဖွဲ့က သေနတ်ထုတ်ပြီး လုယက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကျပ်သိန်း ၂၀၀ ခန့် ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက် ညနေပိုင်းက စိန်ကျော်မိုး ရွှေသန့်စင်ဆိုင်ကို ဓားပြတိုက်တဲ့အဖွဲ့ကို စစ်ကောင်စီဘက်က နာရီပိုင်းအတွင်း ဖမ်းမိခဲ့ပေမဲ့ မတ်လ ၁၂ ရက် ဒေါ်တောမုန့်တီဆိုင် ဓားပြမှုနဲ့ မတ်လ ၁၄ ရက်က မြရည်နန္ဒာရပ်ကွက်က ကုန်စုံဆိုင် အနုကြမ်းစီးမှု တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

4 days Ago
Up