ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၅)ကို ဇန်နဝါရီ ၁၇ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်ကိုင် အမျိုးသား တယောက် ဓားပြတိုက်ရာမှာ ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက် ၁၁ နာရီခွဲက ကမ္ဘောဇဘဏ်ခွဲကို အမည်မသိ အမျိုးသားဟာ ဘဏ်အတွင်းသို့ဝင် ကာ သေနတ်နဲ့ဓားမြှောင်ပြပြီး ငွေကျပ် သိန်း ၂၀၀ နီးပါး ဓားပြတိုက်ခဲ့တာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"သူ့ကို ဘဏ်လုံခြုံရေးက မဝင်ခိုင်းဘူး။ သူက ပိုက်ဆံအပ်ဖို့ ဆိုပြီး ပါလာတဲ့ပိုက်ဆံပြတော့ ဝင်ခွင့်ပြုလိုက်တာ။ အထဲရောက်မှ သေနတ်နဲ့ ဓားမြောင်ပြပြီး လုတာ သိန်း ၁၉၀ လောက် ပါသွားတယ်"
အဲဒီနောက် ဓားပြဟာ ငွေတွေကို ယူဆောင်ကာ ဘဏ်မှ ထွက်ပြေးစဥ် ဘဏ်ဝန်ထမ်းတွေနဲ့ အနီး ပတ်ဝန်းကျင်က လူတွေလိုက်ဖမ်းခဲ့ရာ ဘဏ်နဲ့ မနီးမဝေးမှာ ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
"ဘဏ်ကလုံခြုံရေးတွေလည်းလိုက်၊ တရားရုံးကို တရားခံ လာပို့တဲ့ အချုပ်ကားက ရဲတွေ ပါလိုက်လို့ မိသွားတာ ငွေတွေ အကုန်ပြန်ရတယ်"
ပြစ်မှုကျူးလွန်သူမှာ ကိုသက်ပိုင်ကျော်ဖြစ်ပြီး ဂျာနယ်လိုက်လံပို့ဆောင်သူ တယောက်ဖြစ်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က လမ်းမတော်မြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ ၃၇ ကို ဓားပြ တိုက်ခိုက်ခဲ့သူဖြစ်တယ်လို့လည်း ရဲအရာရှိ တဦးက ပြောပါတယ်။
"သူက ဂျာနယ်ပို့တာ။ ပြီးခဲ့တဲ့လကလည်း လမ်းမတော် ဧရာဝတီဘဏ်ခွဲက သိန်း တရာ လုတဲ့ အမှုလည်းရှိသေးတယ်"
လတ်တလောမှာ ပြစ်ကျူးလွန်သူကို ကျောက်တံတားမြို့မရဲစခန်းမှာ စစ်ဆေး နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
ရန်ကုန်၊ လှိုင်မြို့နယ်၊ ပြည်လမ်းရှိ AYA ဘဏ်ခွဲကို ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ အမျိုးသားတယောက်ကို စက်တင်ဘာ ၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လှိုင်မြို့နယ် အမှတ် ၁၀ ရပ်ကွက်၊ ပြည်လမ်းရှိ AYA ဘဏ်ခွဲ ၂၆ ကို စက်တင်ဘာ ၂ ရက် နေ့လယ် ၂ နာရီလောက်မှာ Mask တပ်ထားတဲ့ အမျိုးသား တယောက်ကဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်းကို ဓားထောက်လုယက် ဓားပြတိုက်ခဲ့ရာ ဘဏ်လုံခြုံရေးနဲ့ ငွေလာထုတ်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာမှာ ငွေမပါသွားဘဲ လူလွတ်ထွက်ပြေးသွားခဲ့ပြီး ညနေပိုင်းမှာ စစ်တပ်က ဖမ်းဆီးမိခဲ့တာလို့ဆိုပါတယ်။
လှိုင်မြို့နယ်မှာ နေထိုင်သူတဦးက "ဘဏ်ကို ဓားပြတိုက်တဲ့သူလား၊ ဘာလားတော့ မသိဘူး။ မြကန်သာ ၂ လမ်းမှာ စစ်တပ်က လူတဦးကို ရိုက်နှက် ဖမ်းသွားတယ်။ ရပ်ကွက်က ပြောတာတော့ ဧရာဝတီဘဏ်ကို ဓားပြတိုက်တဲ့ သူတဲ့။”လို့ပြောပါတယ်။
ဖမ်းဆီးရမိသူဟာ လှိုင်မြို့နယ် အမှတ် ၁၃ ရပ်ကွက် သီရိမြိုင် ၈ လမ်းနေ အသက် ၂၉ အရွယ် ကိုစိုးသီဟဖြစ်ပြီး သူ့ကို လှိုင်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သူက ဘဏ်ဓားပြတိုက်လား မတိုက်လားတော့ မသိဘူး။ ကျနော်တို့သိတာတော့ သူက အနေ အေးတယ်။ ညနေလေးနာရီကျော်က စစ်တပ်က လာဖမ်းသွားတာ။”
ဖမ်းဆီးရမိသူကို နယ်မြေရဲစခန်းက အမှုဖွင့်ပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့က ဘဏ် ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ ၁၀ ကြိမ်ထက် မနည်းရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင်းမှာ ကျပ်ငွေတန်ဖိုး အဆမတန်ဖောင်းပွ ပြည်သူတွေ စီးပွားရေးခက်ခဲကျပ်တည်းပြီး အလုပ်ကိုင်ရှားပါးလာမှုနဲ့ အတူ ဓားပြမှု၊ လုယက်မှုနဲ့ ခိုးမှုတွေလည်း တိုးပွားလာနေတာဖြစ်ပါတယ်။