close

ဓားပြမှုနှင့် လုယက်မှု

close

December 3, 2022

မွန်ပြည်နယ်တွင် ဓားပြမှုနှင့် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

မွန်​ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်စျေးဘုရားနားက ရွှေအုန်းပင်ရွှေဆိုင်ကို ဒီဇင်ဘာ ၂ရက် မွန်းလွဲပိုင်းက အမည်မသိသေနတ်သမား တယောက်က သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၂ နာရီ ​လောက်က သေနတ်သမားဟာ ဆိုင်ကယ်ကို သီရိမင်္ဂလာအိမ်ရာဘက်မှာရပ်ပြီး ရွှေဆိုင်ရှိတဲ့နေရာကို လျှောက်လာကာ ရွှေမလိုချင်ဘူး ပိုက်ဆံပဲလိုချင်တယ်လို့ ပြောကာ ဓားပြတိုက်သွားတာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

ရပ်ကွက်တာဝန်ရှိသူ တဦးက “ဆိုင်ရှင်လည်း ပထမပိုက်ဆံမရှိဘူး ပြောပေမဲ့ သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်တာကြောင့် အခြေအနေအရ ထုတ်ပေးလိုက်ရတယ်။ သိန်း ၂၀ လောက် ပါသွားတယ်”လို့ ဆိုပါတယ်။

ဓားပြတိုက်သွားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက ရောက်လာပြီး လိုက်လံပိတ်ဆို့ စစ်ဆေးပေမယ့် သေနတ်သမားကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ရေးဘီးလူးအမည်ခံ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ် လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ရေးကျုံးဘေး  မီးလင်းရေးရုံးနားမှာ Wave I ဆိုင်ကယ်တစီးနဲ့ စကားပြောနေတဲ့ လူငယ် နှစ်ယောက်ထံကနေ အမည်မသိ သေနတ်သမား နှစ်ယောက်ဟာ  ငါရေးဘီးလူးပဲလို့ ဆိုကာ လက်နက်ပြ ခြိမ်းခြောက်ပြီး  ဆိုင်ကယ်လုသွားတာလို့ လုယက်ခံရတဲ့ မိသားစုနဲ့နီးစပ်သူ က ပြောပါတယ်။

မြို့ခံတယောက်က “အခုလို မြို့လယ် အထင်ကရလူတွေ အသွားလာရှိတဲ့နေရာမျိုး နေ့ခင်းဘက်မှာတောင် ကျုံးနေရာမှာ သေနတ်ပြ ခြိမ်းခြောက် ဆိုင်ကယ်လုယက်နေတာဟာ အခုတခါနဲ့ဆိုရင် နှစ်ကြိမ်မြောက်ဖြစ်တယ်”လို့  ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ  လူငယ်တချို့ကို လက်သပ်မွေးပြီး တော်လှန်ရေးအင်အားစုတွေရဲ့ သတင်း တွေကို ရယူခိုင်းတာ၊ သူတို့ ပစ်မှတ်ထားသူတွေကို နောက်ယောင်ခံလိုက်ခိုင်းတာ  သတင်းပေး အဖြစ် စေခိုင်းတာအပြင် ခိုးဆိုးလုနှိုက်တွေကိုပါ  မသိသလို ခွင့်ပြုထားတယ်လို့ ရဲတပ်ဖွဲ့ဝင် နဲ့နီးစပ်တဲ့သူက ဆိုပါတယ်။

အခုဖြစ်စဥ်တွေနဲ့ပတ်သက်လို့ ရေးဘီးလူးနာမည် သုံးပြီး ဆိုင်ကယ်လုယက်တာကို စုံစမ်း ဖော်ထုတ်ကာ စစ်ကောင်စီလက်အောက်ခံ​တွေလိုပဲ ရှင်းလင်းသွားမယ်လို့ ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

မွန်ပြည်နယ်မှာ အခုနှစ်အတွင်း ခိုးဆိုး၊ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဥ်တွေကြောင့် သေဆုံးခဲ့သူ  ၅ ယောက်ထက်မနည်းရှိခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့  ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ခိုးဆိုး၊ လုယက်၊ ဓားပြတိုက်တာတွေ နေရာအနှံ့ဖြစ်ပွားလာသလို အလုပ်လက်မဲ့တွေ၊ စားဝတ်နေရေး ကျပ်တည်းသူတွေလည်း ပိုများလာပါတယ်။

1 hour Ago
Up