အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ မိုဘိုင်းအက်ပလီကေးရှင်းမှတဆင့် ငွေလွှဲခွင့်ပြုတဲ့ Cash App တည်ထောင်သူ ဘော့ဘ်လီကို ဓားနဲ့ထိုးသတ်ခဲ့သူ တစ်ဦးကို ဧပြီ ၁၃ ရက်က ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဧပြီ ၄ ရက်နေ့ ပစိဖိတ်စံတော်ချိန် မနက် ၂ နာရီခွဲ လောက်မှာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ လမ်းမတွေပေါ်မှာ ဓားဒဏ်ရာကနေ သွေးထွက်ပြီး လဲကျနေတဲ့ သက် ၄၃ နှစ်အရွယ် ဘော့ဘ်လီကို တွေ့ရှိခဲ့ရပြီး နောက်ပိုင်း ဆေးရုံမှာပဲ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
ဘေး-ဧရိယာရှိ အမ်မရီဗေးလ်မြို့မှာ ကုမ္ပဏီရုံးခန်းတွေ ဖွင့်ထားတဲ့ Expand IT ဆော့ဖ်ဝဲကုမ္ပဏီ တည်ထောင်သူ အသက် ၃၈ နှစ်အရွယ် နီမာမိုမီနီကို လူသတ်မှုသံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း ဆန်ဖရန်စစ္စကိုရဲချုပ် ဝီလျံမ်စကော့တ်က တင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
တရားခံနဲ့သေဆုံးသူတို့ဟာ သူတို့အချင်းချင်း သိရှိကြတဲ့ ဆက်ဆံရေးဖြစ်ကြောင်း အတည်ပြုနိုင်ပေမယ့် မှုခင်းဖြစ်သွားရလောက်တဲ့ အကြောင်းရင်းကို ဆွေးနွေးဖို့ ငြင်းဆိုထားကြောင်းလည်းပြောဆိုပါတယ်။
မိုမီနီကို တရားရုံးထုတ်စစ်ဆေးဖို့ရှိနေပြီး သူဟာ ရှေ့နေ ခေါ်ထားခြင်း ရှိ၊ မရှိ မသိရသေပါဘူး။
ရန်ကုန်၊ သာကေတမြို့နယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာ နိုဝင်ဘာ ၂၁ ရက် ဒီနေ့မနက်ပိုင်းက ကုန်စုံဆိုင်တဆိုင်ကို အမျိုးသားသုံးယောက်က ဝင်ရောက်လုယက်ခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ထိုးသတ်ကာ ရွှေတွေယူသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီက ၄/တောင်ရပ်ကွက် အောင်မေတ္တာလမ်းရှိ ချောရတနာကုန်စုံဆိုင်ကို ဓားတွေကိုင်ဆောင်ထားတဲ့ အမည်မသိ အမျိုးသားသုံးယောက်က ဓားပြတိုက်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူ့သမီးနှစ်ယောက်နဲ့ သူ့အမေကို မီးဖိုချောင်ထဲခေါ်ပြီး ရိုက်နှက်တယ်။ ဆွဲကြိုးတွေ၊ နားကပ်တွေ ချွတ်ခိုင်းတယ်။ သူ့အမေကို ဓားနဲ့ထိုးသွားတယ်။”
လုယက်သူတွေဟာ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ချောချောရဲ့ လည်ပင်းနဲ့ရင်ဘတ်တွေကို ဓားနဲ့ထိုးခဲ့ပြီး ပြန်အထွက်မှာ ကောင်တာက ငွေတွေကိုလည်း ယူသွားတယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒေါ်ချောချောက ဓားနဲ့ထိုးတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံကိုပို့ဖို့လုပ်နေတဲ့အချိန်မှာ သေသွားတယ်။ ခေတ်ကပျက်နေပါပြီဗျာ။ ကုန်စုံဆိုင်တောင် ဝင်လုယက်တယ်ဆိုတော့ မပြောချင်တော့ဘူး။”
လတ်တလောမှာ သေဆုံးသူ ဒေါ်ချောချောရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွင်ရုံ ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်က မြို့နယ်တချို့မှာ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ခဲ့ပြီး တချို့မှာ လုယက်သူတွေရဲ့ လက်ချက်ကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။