တိုက်စစ်မှူး ဂတ်ပိုကို ရာသီကုန်တဲ့အထိ အသင်းမှာ ဆက်ရှိစေချင်ကြောင်း ပီအက်စ်ဗွီနည်းပြ နစ္စတယ်ရွိုင်းက ပြောပါတယ်။
ဂတ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သုံးဂိုးသွင်းယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့ပြီးနောက် ထိပ်တန်းအသင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့တာပါ။
ဂတ်ပိုဟာ ကလပ်အသင်းမှာလည်း ၁၂ ဂိုးသွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားသူပါ။
“ရွေးချယ်မှုသာရှိရင် ရာသီကုန်အထိ ဆက်ရှိစေချင်ပါတယ်။ ဒါပေမဲ့ အချိန်တခု ကျရောက်လာခဲ့ရင်တော့ အသင်းပြောင်းခွင့် မပေးဘူးလို့လည်း ပြောလို့မရနိုင်ပါဘူး” လို့ ပီအက်စ်ဗွီနည်းပြ နစ္စတယ်ရွိုင်းက ပြောပါတယ်။
ဂတ်ပိုကိုခေါ်ယူဖို့ မန်ယူအသင်းက ကြိုးပမ်းနေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းဖို့ရှိတယ်လို့ သိရပါတယ်။
ဟော်လန်ကလပ် PSV အသင်းကို အောင်မြင်မှုတွေရရှိအောင် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း နည်းပြသစ် နစ္စတယ်ရွိုင်းက ပြောပါတယ်။
ဟော်လန်တိုက်စစ်မှူးဟောင်းဟာ လာမယ့်ရာသီကစတင်ပြီး PSV နည်းပြချုပ်အဖြစ် စတင်တာဝန်ယူသွားမှာဖြစ်ပြီး စိန်ခေါ်မူတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီလိုဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတယ်။ ကျနော့်အသင်းမှာ ဦးဆောင်သူ နေရာကနေ တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီး အဲဒီအတွက် ဂုဏ်ယူမှုနဲ့ ယုံကြည်မှုတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းမှာ အသင်းရဲ့ အထွေထွေမန်နေဂျာအနေနဲ့ မာဆယ်ဘရန့်ကို ခန့်အပ်လိုက်တာက အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ သူက ဒီအဆင့်ကို တက်လှမ်းဖို့အတွက် ကျနော့်ကို ယုံကြည်စွာနဲ့ တွန်းအားပေးခဲ့ပါတယ်” လို့ နစ္စတယ်ရွိုင်းက ပြောပါတယ်။
နစ္စတယ်ရွိုင်းဟာ ၂၀၁၂ ခုနှစ်က ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နည်းပြတဦး ဖြစ်လာဖို့ လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဟော်လန် လက်ရွေးစင်အသင်းလက်ထောက်နည်းပြအနေနဲ့ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်တွေအတွင်း မှာ တကြိမ်တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ လက်ရှိအချိန်ထိ တာဝန်ယူနေဆဲ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ PSV ကစားသမားဟောင်းတဦးဖြစ်သလို ၂၀၀၁ ခုနှစ်က မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ၅ နှစ်ကြာကစားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်၊ ဟမ်းဘက်နဲ့ မာလာဂါအသင်းတွေမှာ ဆက်ကစားခဲ့ပြီး အနားယူခဲ့တာပါ။