တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ကမ်းရိုးတန်းဒေသမှာ ငါးဖမ်းလှေတစ်စီး နစ်မြှုပ်ခဲ့တာ ကြောင့် ဖေဖော်ဝါရီ ၅ ရက်အထိ လူ ၉ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးကို အရှိန်မြှင့်လုပ်ဆောင်ကြဖို့ သမ္မတကလည်း တိုက်တွန်းထားပါတယ်။ ဒီငါးဖမ်းလှေဟာ ဖေဖော်ဝါရီ ၄ ရက် ညသန်းခေါင်အချိန်မတိုင်မီမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေက လှေလုပ်သား ၃ ဦးကိုတော့ ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဗီဒီယိုထဲမှာ တိမ်းမှောက်ခဲ့တဲ့ ငါးဖမ်းလှေနားကို ကယ်ဆယ်ရေးလှေ တစ်စီးက ချဉ်းကပ်လာခဲ့ပြီး အနီရောင် လှေကိုယ်ထည်နားမှာ လှေလုပ်သား ၃ ဦးကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ကမ်းခြေစောင့် တပ်ဖွဲ့က သင်္ဘောတွေဟာလည်း နောက်ထပ်ပျောက်ဆုံးနေတဲ့ လူ ၉ ဦးကို အခင်းဖြစ်ရာ ဧရိယာ တစ်ဝိုက်မှာ ပိုက်စိပ်တိုက် ရှာနေပါတယ်။
သမ္မတ ယွန်ဆွတ်ခ်ယိုလ်ကတော့ ရေတပ်အပါအဝင် အရပ်ဘက်အင်အားတွေအနေနဲ့လည်း ရှာဖွေကယ်ဆယ်ရေးမှာ အကူအညီပေးကြဖို့ အမိန့်ပေးခဲ့တယ်လို့ သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းတုန်းကလည်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ ကြားမှာ ကုန်တင်သင်္ဘော တစ်စင်း နှစ်မြှုပ်ခဲ့တဲ့အတွက် လူ ၈ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင်ရှိ ထိုင်းပင်လယ်အော်ထဲမှာ ဒီဇင်ဘာ ၁၈ ရက် ညက ဆုခိုထိုင်း အမည်ရှိ ထိုင်းရေတပ်ပိုင်သင်္ဘော တစီး နစ်မြှုပ်သွားခဲ့ပြီး ရေတပ်သားတွေကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ ၅ ဦးကတော့ ဒဏ်ရာရသွားတယ်လို့ Thairath သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါသင်္ဘောမှာ ရေတပ်သားပေါင်း ၁၀၆ ဦးလိုက်ပါလာကြောင်း ၊ သူတို့ဟာ ပင်လယ်ပြင်မှာ ကင်းလှည့်စစ်ရေးလေ့ကျင့်နေစဉ် လှိုင်းကြီးလေထန်တာနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ကြီးမားတဲ့လှိုင်းလုံးကြီးပုတ်ခတ်တာခံရပြီးတဲ့နောက် လျှပ်စစ်မီးပျက်သွားပြီး သင်္ဘောပေါ်က ယန္တယားရပ်တံ့သွားကြောင်း၊ စက်မထိန်းနိုင်တော့တဲ့အခါ သင်္ဘောဝမ်းထဲကိုရေတွေဝင်လာပြီး တိမ်းစောင်းစပြုချိန် မိခင်တပ်ရင်းနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားခဲ့တယ်လို့ အမှတ် ၁ ရေကြောင်းတပ် တာဝန်ရှိသူ ဗိုလ်မှူး ဖိချိုင်း လေ့ချုဆကွန်းက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီနောက်တော်ဝင်ရေတပ်မှ သင်္ဘောကြီး ၃ စီး ၊ ရဟတ်ယာဉ် ၂ စီး အပြင် ကယ်ဆယ် ရေးလှေငယ်တွေနဲ့ ပါသွားရောက်ကူညီခဲ့ကြောင်း၊ တပ်သားပေါင်း ၄၃ ဦးကို ကနဦး ကယ် တင်နိုင်ခဲ့ပြီး သင်္ဘောကြီးကတော့ မနေ့နေ့ ည ၁၁ နာရီခွဲလောက်မှာ စုံးစုံးမြှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရေထဲပြန့်ကြဲကူးခတ်နေတဲ့ တပ်မတော်သားတွေကို မုန်တိုင်းတွေကြားက တညလုံး ခက်ခက်ခဲခဲ ကူညီကယ်ဆယ်နေခဲ့ရာမှာ ဒီကနေ့မနက် ၄ နာရီ မိနစ် ၂၀ မှာ ၇၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး အဲဒီထဲက ဒဏ်ရာရသူ ၅ ဦးကို ဘန်ဆဖန်းမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ကနေ့မနက်မှာ ကျန်ရှိနေတဲ့ ၃၃ ဦးကို ဆက်လက်ရှာဖွေကယ်ဆယ်နေပြီး အားလုံး အသက်ဘေးမှကင်းလွတ်အောင် ဝိုင်းဝန်းကူညီကယ်ဆယ်ဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျ န်အိုးချားက ညွှန်ကြားထားပါတယ်။
တချို့သတင်းတွေမှာ ရေတပ်သားတွေအားလုံကိုကယ်ဆယ်နိုင်ခဲတယ်လို့ ရေးသားဖော်ပြပေမဲ့ ဒီမနက်ထပ်ထွက်လာတဲ့ သတင်းတွေမှာတော့ ရေတပ်သား ၁၀၆ ယောက်ထဲက ၇၈ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကာ ၂၈ ယောက် ပျောက်ဆုံးနေဆဲပဲလို့ ထိုင်းရေတပ်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး Khaosod သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ စစ်သင်္ဘောကြီးမှာ အရှည် ၇၆ ဒသမ ၈ မီတာ၊ အကျယ် ၉ ဒသမ ၆ မီတာ၊ အနက် ၄ ဒသမ ၅ မီတာနဲ့ ရှိပြီး အမေရိကန်နိုင်ငံထုတ်ဖြစ်ကာ သက်တမ်း ၃၈ နှစ်ရှိပြီလို့ ဆိုပါတယ်။
ကိုးကား- Thairath