close

နည်းပညာရယူခွင့်

close

February 17, 2023

ရုရှားအပေါ် အဆင့်မြင့်နည်းပညာရယူခွင့် တားမြစ်သည့် ပိတ်ဆို့အရေးယူမှု အီးယူ အဆိုပြု

ဥရောပကော်မရှင်ဟာ ရုရှားနိုင်ငံကို အဆင့်မြင့်နည်းပညာတွေ ရယူခွင့်ကနေ တားမြစ်ထားတဲ့ ၁၀ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကို အဆိုပြုထားကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဖွန်ဒယ်လေယန်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

ယူရိုငွေ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ အဆိုပြု ပို့ကုန်ပိတ်ပင်မှုဟာ ရုရှားစီးပွားရေးအတွက် အရေးကြီးတဲ့ နည်းပညာနဲ့ စက်မှုကုန်ပစ္စည်းတွေကို ပစ်မှတ်ထားမှာဖြစ်ပြီး အဲဒါတွေကို တတိယနိုင်ငံတွေကနေတဆင့် ပြန်လည်ဖြည့်တင်းမှုလုပ်လို့ မရနိုင်ဘူးလို့ သူကပြောပါတယ်။

တားမြစ်ချက်မှာ အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ အထူးပြုယာဉ်တွေ၊ စက်အစိတ်အပိုင်းတွေ၊ ထရပ်ကားတွေနဲ့ ဂျက်အင်ဂျင်တွေအတွက် အပိုပစ္စည်းတွေအပြင် အင်တာနာ သို့မဟုတ် ကရိန်းတွေလို ရုရှားစစ်တပ်ကို ညွှန်ကြားနိုင်တဲ့ ဆောက်လုပ်ရေးကဏ္ဍအတွက် ကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။

ရုရှားနိုင်ငံကို စစ်ဘက် အရပ်ဘက် ၂ မျိုးသုံးနဲ့ အဆင့်မြင့်နည်းပညာသုံး ကုန်ပစ္စည်းတွေ တင်ပို့တာကို တားမြစ်ခြင်းကလည်း ပိတ်ဆို့မှုအသစ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

ကော်မရှင်ဟာ ရုရှားလက်နက်စနစ်တွေမှာ အသုံးပြုနိုင်တဲ့ အီလက်ထရွန်းနစ် အစိတ်အပိုင်းအသစ် ၄၇ ခုအပြင် မြေရှားပစ္စည်းတွေနဲ့ အပူပေးကင်မရာတွေပေါ်မှာ ထိန်းချုပ်ဖို့ အဆိုပြုထားပါတယ်။

ရုရှားနိုင်ငံကို အဲဒီလိုကုန်ပစ္စည်းတွေ တင်သွင်းခြင်းကနေ တတိယနိုင်ငံတွေကို တားဆီးနိုင်ဖို့အတွက် ဒီပက်ကေ့ချ်ဟာ ရုရှားကို ပထမဆုံးအကြိမ် ဒရုန်းတွေ ထောက်ပံ့ပေးနေတဲ့ အီရန်အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

ဥရောပကော်မရှင်ဟာ ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အစီရင်ခံဖို့ ဘဏ်တွေကို တွန်းအားပေးတော့မှာဖြစ်ပြီး ရုရှားနိုင်ငံကတဆင့် ကုန်ပစ္စည်းတွေ ဖြတ်သန်းခြင်းမပြုရအောင် တားမြစ်ဖို့ အဆိုပြုခဲ့ပြီး ရုရှားရော်ဘာနဲ့ ကတ္တရာစေးတွေကို အီးယူထဲ တင်သွင်းခွင့် ကန့်သတ်ချက်တွေကိုလည်း အစပျိုးခဲ့ပါတယ်။

ဒီပိတ်ဆို့မှုတွေကို ညှိနှိုင်းတဲ့နည်းလမ်းနဲ့ အကောင်အထည်ဖော်ဖို့ သေချာစေဖို့အတွက် လာမယ့်အပတ်မှာ ပိတ်ဆို့အရေးယူမှုများ ညှိနှိုင်းရေးမှူးများဖိုရမ်ဟာ အီးယူအဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာမိတ်ဘက်တွေကို လက်တွဲခေါ်ယူသွားမှာဖြစ်ကြောင်း ဖွန်ဒယ်လေယန်က ပြောပါတယ်။

ကော်မရှင်ရဲ့ အဆိုပြုချက်ဟာ အီးယူအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တညီတညွတ်တည်း အတည်ပြုချက် လိုအပ်ပါတယ်။

6 mins Ago
Up