close

နည်းပညာသိပ္ပံပညာရှင်

close

August 13, 2021

နည်းပညာသိပ္ပံပညာရှင်ကို သစ္စာဖောက်မှုဖြင့် ၂ လ ဖမ်းဆီးထိန်းသိမ်းရန် ရုရှားအမိန့်ချ

ရုရှားတရားရုံးက အသံထက်မြန်တဲ့လေယာဉ် နည်းပညာသုတေသီသိပ္ပံ ပညာရှင်တစ်ယောက်ကို သစ္စာဖောက်မှုနဲ့ ၂ လ ဖမ်းဆီးထိန်းသိမ်းထားဖို့ သြဂုတ် ၂၂ ရက်မှာ အမိန့်ချလိုက်ပါတယ်။

 လုံခြုံရေးအရာရှိတွေက အသက် ၇၃ နှစ်အရွယ် ထိပ်တန်းပညာရှင် နဲ့ စိန့်ပီတာစဘက် မြို့ အခြေစိုက် အသံထက် မြန်တဲ့စနစ်သုတေသနရုံးရဲ့ ညွှန်ချုပ် အလက်ဇန်းဒါး ကူရာနော့ဗ်ကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရသတင်းဌာန တက်စ်က ရဲသတင်းရင်းမြစ်ကို ကိုးကားပြောဆိုပါတယ်။

 ကူရာနော့ဗ်ဟာ အသံထက်မြန်တဲ့ လေယာဉ်သစ်အတွက် သဘောတရားတွေကို ကြီးကြပ် လုပ်ဆောင်နေသူပါ။ 

သူဟာ ကာလကြာရှည် လုပ်ကိုင်ခဲ့တဲ့ အသံထက်မြန်တဲ့ နည်းပညာသုတေသနတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို နိုင်ငံခြားသား တယောက်စီ ပေးခဲ့တယ်လို့ သံသယရှိ ခံထားရတဲ့အကြောင်း အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ဖော်ပြပါတယ်။

 သစ္စာဖောက်မှုနဲ့ သူလျှိုမှုတွေဟာ ရုရှားမှာ များသောအားဖြင့် တံခါးပိတ် စီရင်လေ့ရှိပြီး သဘောသဘာဝအရ ဒီအမှုတွေရဲ့ အသေးစိတ် အချက်အလက်တွေဟာလည်း ဖော်ပြလေ့ မရှိပါဘူး။ 

ကူရာနော့ဗ်ရဲ့ ရှေ့နေနဲ့လည်း မှတ်ချက်အတွက် ဆက်သွယ်လို့ မရသေးပါဘူး။ နိုင်ငံတော်အပေါ် သစ္စာဖောက်မှုကို ထောင်ဒဏ် နှစ် ၂၀ အထိ အပြစ်ပေးနိုင်ပါတယ်။

 ဧပြီလကလည်း လေကြောင်းပညာရပ်ဆိုင်ရာ ကထိက တစ်ယောက်ကို နည်းပညာဆိုင်ရာ သတင်းအချက်အလက်တွေ တရားမဝင် ပြည်ပတင်ပို့မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်အပြီး ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့ဖူးပါတယ်။

 ရုရှားသိပ္ပံပညာရှင်တွေ၊ စစ်သားတွေနဲ့ အရာရှိတွေဟာ လတ်တလော နှစ်တွေမှာ အထိအခိုက် မခံတဲ့ ကုန်ကြမ်းတွေကို နိုင်ငံခြားတိုင်းပြည်တွေဆီ လွှဲပေးမှုနဲ့ စွပ်စွဲခံရအပြီး သစ္စာဖောက်မှု စွဲချက်နဲ့ စီရင်ခံခဲ့ရပါတယ်။

 စွဲချက်တွေက မကြာခဏ ဆိုသလို အခြေအမြစ် မရှိပေမဲ့ အမှုအမျိုးအစားအရ မစိစစ်နိုင်ဘူးလို့ ရုရှ အစိုးရကို ဝေဖန်သူတွေက ပြောနေကြပါတယ်။

45 seconds Ago
Up