လီဗာပူးတိုက်စစ်မှူးဒါဝင်နူညက်ဇ်ကို အင်္ဂလိပ်စာပိုမိုတိုး တက်ကောင်းမွန်လာဖို့ အလေးထားလုပ်ဆောင်နေကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ မျှော်မှန်းထားသလောက် ခြေစွမ်းမပြသနိုင်သေးပေမဲ့ ၉ ဂိုး အထိသွင်းယူထားပြီးဖြစ်ပါတယ်။
ပြိုင်ပွဲစုံမှာတော့ ၁၃ ဂိုးသွင်းထားတဲ့ နူညက်ဇ်ဟာ အင်္ဂလန်မှာအသားကျဖို့ ကြိုးပမ်းနေရဆဲ ဖြစ်ပြီး သူ့ရဲ့အင်္ဂလိပ်စကားပြောဟာလည်း ပိုမိုတိုးတက်လာဖို့ ကြိုးပမ်းနေရဆဲဖြစ်ကြောင်း နည်းပြ ကလော့ပ်ကပြောပါတယ်။
ဒါပေမဲ့ ပေါင် ၈၉ သန်းတန် တိုက်စစ်မှူးကို ရေရှည်အတွက် မျှော်မှန်းပြီး ခေါ်ယူခဲ့တာဖြစ်ပြီး၊ တခြားကစားသမားတွေနဲ့ မတူညီတဲ့အရည်အချင်းတွေရှိတာကြောင့် မကြာခင်မှာ သွင်းဂိုးတွေအများအပြားရရှိလာမှာဖြစ်ကြောင်း နည်းပြကလော့ပ်ကပြောပါတယ်။
ဒါဝင်ဟာ နှစ်နေရာ လောက်ကစားနိုင်ပြီး အင်္ဂလိပ်စကားတိုးတက်လာတာနဲ့အမျှ အသင်းမှာပိုပြီး အံဝင်ခွင့်ကျဖြစ်လာလိမ့်မယ်လို့ နည်းပြကလော့ပ်က ပြောသွားပါတယ်။
ပွဲစဉ်တစ်ပွဲကို ၇ ဂိုးပြတ် အနိုင်ရတာထက်စာရင်း ၅ ပွဲဆက်တိုက် အနိုင်ရဖို့က ပိုပြီးအရေးကြီး ကြောင်းလီဗာပူးနည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ မတ်လ ၅ရက်က မန်ယူအသင်းကို ၇ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတာပါ။
တကယ်တော့ ၇ ဂိုးပြတ်အနိုင်ရတာထက် ၅ ပွဲဆက်တိုက် ၂-၀ ဂိုးတွေနဲ့ အနိုင်ရတာမျိုးက ပိုကောင်းကြောင်း၊ ဒါပေမဲ့ အသင်းသမိုင်းတလျှောက်မှာတော့ စံချိန်မှတ်တမ်းတင်နိုင်တဲ့ ရလဒ်တွေဖြစ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ရာသီအစောပိုင်းကာလတုန်းကလည်း ဘုန်းမောက်အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါသေးတယ်။
အခုနှစ်ရာသီဟာ အသင်းရဲ့အကောင်းဆုံးဘောလုံးရာသီမဟုတ်တာကိုတော့ အားလုံး သိရှိထားကြောင်း၊ ခြေစွမ်းတည်ငြိမ်မှုမရှိတာက အခုနှစ်ဘောလုံးရာသီမှာကြုံတွေ့ရတဲ့ ပြဿနာဖြစ်ကြောင်းလည်း ကလော့ပ်က ပြောပါတယ်။
လီာပူးဟာ ပွဲစဉ် ၂၉ အပြီးမှာ အဆင့် ၈ နေရာမှာရပ်တည်နေပြီး ဥရောပဝင်ခွင့်အတွက် လက်ကျန်ပွဲစဉ်တွေမှာ ရှုံးလို့မရတော့ကြောင်းလည်း နည်းပြကလော့ပ်က ပြောသွားပါတယ်။