နည်းပြကွန်တီနဲ့ လက်ဆွဲနှုတ်ဆက်ချိန်မှာ မျက်လုံးချင်းမဆုံဘဲဖြစ်ခဲ့တာကြောင့် အချင်းများခဲ့ရ ကြောင်း နည်းပြတူချယ်ကပြောသွားပါတယ်။
မနေ့ညက ၂ ဂိုးစီ သရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ချဲလ်ဆီးနည်းပြတူချယ်နဲ့ စပါးနည်းပြကွန်တီတို့ဟာ နှစ်ကြိမ် အချင်းများခဲ့ပြီး နှစ်ယောက်စလုံး အနီကတ်ပြသခံခဲ့ရပါတယ်။
နည်းပြတူချယ်ဟာ နည်းပြကွန်တီနဲ့ ပွဲအပြီးလက်ဆွဲနှုတ် ဆက်ချိန်မှာ ကွန်တီရဲ့လက် ကိုပြန်လွှတ်မပေးခဲ့လို့ အချင်းများခဲ့ရတာပါ။ ဒါဟာ ကွန်တီ ဘက်က မျက်လုံးချင်ဆုံဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်ကြောင်း တူချယ်ကပြောသွားတာပါ။
“လက်ဆွဲနှုတ်ဆက်ချိန်မှာ တစ်ဦးနဲ့တစ်ဦး မျက်လုံးချင်းဆုံဖို့လိုအပ်တယ်လို့ ကျနော်ထင်ခဲ့တာပါ။ ဒါပေမဲ့ အန်တိုနီယိုကွန်တီနဲ့က အမြင်မတူခဲ့ဘူး။ အတော်လေးစိတ်ခံစားမှုရှိခဲ့တယ်။ သူတို့ ချေပဂိုးရချိန်မှာ သူပျော်ရွှင်နေခဲ့ပြီး ပြဿနာကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့ နှစ် ယောက် အနီကတ်ပြသခံခဲ့ရတယ်။ ဒါဟာမလိုအပ်ဘူးလို့ ကျနော်ထင်တယ်။ ကွင်းလယ်ဒိုင်ဆီကနေ တခြားမလိုအပ်တဲ့အရာတွေနဲ့ မမျှတတဲ့ဆုံးဖြတ်ချက်တွေရှိခဲ့တယ်” လို့ နည်းပြတူချယ်ကပြောပါတယ်။
နည်းပြကွန်တီကတော့ ရန်လိုမှုတွေတွေ့ရချိန်မှာ ရန်လိုမှုတွေနဲ့ပဲတုံ့ပြန်တာဖြစ်ပြီး ပြဿနာကြီးကြီးမားမားမဟုတ်ကြောင်း၊ အသင်းကို ချစ်မြတ်နိုးတဲ့စိတ်တွေကြောင့်သာ အချင်းများခဲ့ကြတာဖြစ်ပြီး မဟာပြိုင်ဘက်နှစ်သင်းရဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကြောင်း ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ နည်းပြတူချယ်က အတည်ပြုသွားပါတယ်။
ဂျာမနီလက်ရွေးစင်နောက်ခံလူဟာ အသင်းနဲ့စာချုပ် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရုရှားလူမျိုးပိုင်ရှင်အေဗရာမိုဗစ်ကို အရေးယူထားမှုကြောင့် အသင်းဘက် စာချုပ်သစ်ချုပ်ဆိုလို့ မရ ဖြစ်နေတာပါ။
“ကျနော်တို့ အစွမ်းကုန်ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအခြေအနေက ခုထက်ပိုပြီးလုပ်ဆောင်လို့ မရတော့တဲ့ အခြေအနေတခုကို ရောက်နေတယ်။ ယူကေရဲ့ အရေးယူခံရမှုကြောင့် တိုနီ(ရူဒီဂါ)ဟာ အသင်းကနေ ထွက်ခွာပါလိမ့်မယ်။ သူက အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့ပြီး ကျနော်တို့ အမြဲတမ်း သတိရနေမှာပါ” လို့ ဝက်စ်ဟမ်းကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြတူချယ်က ပြောပါတယ်။
အသက် ၂၉ နှစ်ရှိ ရူဒီဂါကို ၂၀၁၇ ခုနှစ်က စီးရီးအေကလပ်ရိုးမားကနေ ပေါင် ၂၉ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ လက်ရှိအချိန်အထိ စုစုပေါင်း ၁၉၆ ပွဲ ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
နောက်ခံလူရူဒီဂါဟာ ချဲလ်ဆီးနဲ့အတူ ဥရောပချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။