နိုင်ဂျီးရီးယားအသင်း နည်းပြရာထူးအတွက် နည်းပြ မော်ရင်ဟိုနဲ့ ဆွေးနွေးခဲ့တယ်လို့ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌက အတည်ပြုပါတယ်။
အာဖရိကအသင်း နိုင်ဂျီးရီးယားဟာ နည်းပြ ယာနော့ရော့ဟာနဲ့ လမ်းခွဲခဲ့ပြီးနောက် အက်ဂူဗိုယန်က ယာယီနည်းပြအနေနဲ့ ခန့်အပ်ထားတာပါ။
မကြာခင်မှာ အာဖရိကဖလားပွဲ ကစားရတော့မယ့်အချိန်မှာ နည်းပြသစ်ခန့်အပ်ဖို့ ဆွေးနွေးနေပေမဲ့ လက်ရှိအချိန်အထိတော့ ခန့်အပ်နိုင်ခြင်း မရှိသေးပါဘူး။
ဆွေးနွေးခဲ့တဲ့ နည်းပြတွေထဲမှာ ရိုးမားနည်းပြ မော်ရင်ဟိုလည်း ပါဝင်တယ်လို့ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အမာဂျူပင်နစ်ခ်က အတည်ပြုပါတယ်။
“မော်ရင်ဟိုနဲ့ မဆွေးနွေးခဲ့ဘူးလို့တော့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဆွေးနွေးခဲ့လို့ပါ။ အားကစားဝန်ကြီးနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းက မမှားပါဘူး” လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပင်နစ်ခ်က ပြောပါတယ်။
မော်ရင်ဟိုဟာ ရိုးမားအသင်းကို ၃ နှစ် စာချုပ်နဲ့ ကိုင်တွယ်နေတာဖြစ်ပြီး နိုင်ငံနည်းပြရာထူးကို ပယ်ချသွားခဲ့ဖွယ် ရှိပါတယ်။