စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မေ ၁၇ ရက် နေ့လယ်က နတ်ချောင်း စစ်ဘေးရှောင်စခန်းမှာ လေပြင်းတိုက်ခတ်ပြီး တဲပေါ် သစ်ကိုင်းကျိုးကျတာကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးသွားပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဦးဇင်းတပါးက “သူတို့ညီအမနှစ်ယောက်က တဲထဲမှာ နေခဲ့တာ၊ သူ့မိဘတွေက ရဟန်းခံအတွက် အလုပ်ရှုပ်နေကြတာ။ လေက တအားတိုက်တာ၊ မိုးကလည်းသည်း၊ သစ်ကိုင်းက ကျိုးကျပြီး ရင်ဘတ်ပေါ်ကျသွားပုံရတယ်။ ချက်ချင်းမဆုံးပေမဲ့ အချိန်မမီတော့ ခဏအသက်ဆယ်ပြီး ဆုံးသွားတယ်" လို့ ဒီဗွီဘီကို မိန့်ပါတယ်။
နတ်ချောင်းကျေးရွာက စစ်ရှောင်တွေဟာ ကျေးရွာကနေအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရတာကြောင့် ဘေးလွတ်ရာ ဒေသတွေမှာ နေထိုင်နေကြရတာပါ။
သေဆုံးတဲ့ မိသာစုးဝင်တွေကတော့ ကျေးရွာတွင်းက ရန်ကင်းဘုန်းကြီးကျောင်းထဲမှာ ယာယီတဲထိုးနေထိုင်ကြတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူမှာ မယုလှိုင်သင်းဖြစ်ပြီး ညီအမ ၂ ယောက်စလုံးကို ထိမှန်ခဲ့ပေမဲ့ အမဖြစ်သူကတော့ အသက်အန္တရာယ် မထိခိုက်ကြောင်း၊ စစ်ဘေးရှောင်စခန်းအတွင်း ဆေးအဖွဲ့ရှိပေမဲ့ ဆေးဝါးကိရိယာ မပြည့်စုံတဲ့အတွက် အသက်မကယ်နိုင်ဘူးလို့ ဦးပဉ္ဇင်းက မိန့်ပါတယ်။
လေပြင်းတိုက်တာကြောင့် တဲတချို့ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ နတ်ချောင်းကျေးရွာက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ၃ ကြိမ်တိုင်ရှိပြီဖြစ်ပြီး နေအိမ် ၂၀၀ ကျော် မီးလောင်ဆုံးရှုံးထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် အောင်မင်္ဂလာကျေးရွာအနီးမှာ ဧပြီ ၁၂ ရက်က ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အောင်မင်္ဂလာကျေးရွာက နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တိုက်ပွဲတွေကြောင့်ရော ရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာကြောင့်ရော ရွာမှာမနေရဲတာကြောင့် တိမ်းရှောင်နေကြရတာ။ အခုတော့ အိမ်ကိုပါ မီးရှို့ထားခဲ့တာဆိုတော့ နေအိမ်ပြန်ဖို့ ဆိုတာကတော့ မဖြစ်နိုင်တော့ဘူး။ စိတ်ဓာတ်တွေလည်း ကျနေပါပြီ” လို့ မီးရှို့ခံရတဲ့ မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
ကြံသာကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ အောင်မင်္ဂလာကျေးရွာဘက်ကို မကြာခဏ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၀ ရက်ကလည်း အောင်မင်္ဂလာကျေးရွာက နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ဒါကြောင့် ဒေသခံတွေဟာ ကျေးရွာတွင်းမှာ မနေရဲတော့ဘဲ ကျေးရွာအနီးက တောတိုက်တွေနဲ့ မင်းလှရွာ စာသင်ကျောင်းက စစ်ရှောင်စခန်းတွေဆီမှာ နေထိုင်နေကြရပြီး စစ်ဘေးရှောင်ရတာ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အခက်အခဲတွေ ဖြစ်ပေါ်ကာ အကူအညီတွေလည်း လိုအပ်နေပါတယ်။
အလားတူ နတ်ချောင်းကျေးရွာ စာသင်ကျောင်းအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ခြေလျင်စစ်ကြောင်းကို RKDF၊ PDF (Kalay) နဲ့ န.ခ (သူရိန်) ပူးပေါင်းတပ်ဖွဲ့က အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ RKDF က ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အချက် ၂၀ လောက် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ကျေးရွာတွင်းကနေ ဆုတ်ခွာသွားခဲ့ကြတယ်လို့ RKDF က ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေရဲ့ ထိခိုက်ကျဆုံးမှု စာရင်းကို အတည်မပြုနိုင်သေးဘဲ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့နယ်တွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး နတ်ချောင်းကျေးရွာအတွင်းက နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးသွားကြသလို အောင်ချမ်းသာရွာ၊ ချောင်းခွရွာက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။
ကလေးမြို့နယ်တွင်းမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာကြောင့် ပြည်သူလူထုအနေနဲ့ ကလေး-ဂန့်ဂေါ လမ်းကြောင်းကို အသုံးမပြုကြဖို့ကိုလည်း ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။