( ၁ )
လမ်းထိပ် လက်ဖက်ရည်ဆိုင်လေးမှာ နံနက်ခင်းဆို လူအတော်စုံလှသည်။
နှစ်လုံးထီဒိုင်ကတော့ မျက်နှာအပွင့်ဆုံး ဖြစ်၏။ ဟိုလူကလည်း မောင်ကြင်စိုး၊ ဒီလူကလည်း မောင်ကြင်စိုးနှင့် မောင်ကြင်စိုးတို့ လက်မလည်လောက်အောင်ကို တစ်ပတ်ငါးရက် မျက်နှာပွင့်လွန်းလှသည်။
“ဟဲ့ ကြင်စိုး”
“ဟာ ဗျာ ခင်ဗျားတို့ကလည်း မောင်ကြင်ဆို ရပြီဗျာ။ ကြင်စိုး ကြင်စိုးနဲ့”
မောင်ကြင်တို့က ကြင်စိုးလို့ ခေါ်ရင် လုံးဝမကြိုက်။
တဖြည်းဖြည်း ကျပ်တည်းလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်လမ်း ရှားပါးပြီး ဝင်ငွေရလမ်း နည်းလာသည့် လူတို့သည် ငွေရပေါက် အလွယ်ဆုံးလမ်းဖြစ်သည့် နှစ်လုံးထီဘက်သို့ လှည့်ကြပြန်သည်။ ၅၀ ဖိုး၊ ၁၀၀ဖိုးမှ အစပြု၍ ထောင်၊ သောင်း၊ သိန်းဂဏန်းဖိုးမျှ ထိုးကြလေသည်။ ဆင်းရဲနွမ်းပါး လူတန်းစားအလွှာကမူ သောင်းဂဏန်းနား မကပ်နိုင်ပေ။
နှစ်လုံးထီတွင် နေ့လယ် ဂဏန်းနှင့် ညနေဂဏန်းဟူ၍ နှစ်ချိန်ခွဲပြီး ထွက်သည်။ ထိုအချိန်ပေါ် မူတည်၍ နှစ်လုံးကစားကြခြင်း ဖြစ်လေသည်။ အချို့က တွက်၍ ထိုးသည်။ အချို့က စိတ်ထဲ ထင်သည့် နံပါတ်ကို ထိုးသည်။ အချို့က ဇွဲကောင်းကောင်းဖြင့် နံပါတ်တစ်လုံးချင်းဆီကို ထိုနံပါတ် မထွက်မချင်း ပတ်၍ထိုးကြသည်။ (စင်ကာပူထီ၊ ထိုင်းထီ၊ ဒူဘိုင်းဘိုင်းထီကိုလည်း လက်မလွတ်ကြပေ။)
ထိုးသားများ စည်ကားနေလျှင် မောင်ကြင်စိုးတို့က ပျော်လေသည်။ သူ့ဝင်ငွေကလည်း မနည်းလှ။ သူက ချဲလောက နှစ်လုံးလောကအဆိုအရ ဂုတ်စည်း ဖြစ်လေသည်။ သူကတစ်ဆင့်ခံပြီး ဒိုင်ချုပ်ထံသို့ တင်ရသည်။ ပြီးမှ ကော်မရှင်ပြန်စားရသောသူ ဖြစ်လေသည်။
တစ်လ တစ်လ စာရင်းချုပ်လျှင် ကြင်စိုး၏ ဝင်ငွေမှာ သိန်း ၂၀ မျှ ရှိလေသည်။
ကြင်စိုးသည် ညနေရောက်လျှင် အရက်လေးတမြမြ သောက်လိုက်၊ KTV မာဆတ်ကို ဒိုးလိုက်။ ခေတ်ကျပ်ထဲပေမင့် ကြင်စိုးကတော့ ဒေါက်တည့်နေလေသည်။
( ၂ )
“ခင်ဗျား တွေးကြည့်လေဗျာ။ ၈၈ တုန်းက ဆန်တစ်ပြည် တစ်ကျပ်ခွဲ၊ စိန်လွင်ခေါင်းကိုခွဲ လို့ အော်ခဲ့ကြတာ။ ခုတော့ ဆန်တစ်ပြည် အကြမ်းစားတောင်မှ ၃၀၀၀ နားကပ်နေပြီဗျ”
“ဟာ ဘဲဥစျေး မေးကြည့်တယ်။ တော်ရေ... တစ်လုံးကို ၂၅၀ တဲ့။ ရောင်းတဲ့သူက ပြောသေးတယ်။ ဒီနေ့ဈေးနဲ့ မနက်ဖြန် ဈေးမတူဘူး တဲ့”
“ဆီဈေးလည်း ခေါင်ခိုက်နေပါပြီ ဒေါ်တရုတ်မရယ်။ လားလားမှ မကြားဘူးတဲ့ဈေး။ စားအုန်းဆီ တစ်ပိဿာ တစ်သောင်းကျော်တော့မယ်ဗျ”
မနက်ခင်း ဈေးနှင့်နီးသည့် လမ်းထိပ်လက်ဖက်ရည်ဆိုင်မှ ကြားရသောအသံများ ဖြစ်သည်။
ထိုင်နေကျ လက်ဖက်ရည်ဆိုင်လည်း ဈေးတက်သွားလေသည်။ ထိုမနက် လက်ဖက်ရည်ဆိုင်က ဝှိုက်ဘုတ် အသေးလေးပေါ်တွင် ဆိုင်ပိုင်ရှင်က ရေးထားသည်ကို ကြည့်ပြီး လက်ဖက်ရည် သောက်သူများကြား တီးတိုးစကားသံများ ကြားနေရသည်။
“လက်ဖက်ရည်တစ်ခွက် ၆၀၀ ကျပ် ဖြစ်သည်။ ကျုပ်အများကြီး ဈေးမတက်ပါ။ တစ်ရာကျပ်သာ တိုး၍တောင်းခံထားပါသည်။ ဈေးကြီးလို့ မသောက်လိုကလည်း ရပါသည်။ လမ်းထိပ်က ဆိုင်ကြီးတွင် သွားသောက်ပါက လက်ဖက်ရည်တစ်ခွက် သင်တို့ တစ်ထောင်ကျပ်တိတိ ပေးရမည် ဖြစ်ပေသည်"။
ပုံ/
လက်ဖက်ရည်ဆိုင်ပိုင်ရှင်
အော်ကြီး
လမ်းထဲက စားသုံးသူများက သူ့ကိုပဲ ကျေးဇူးတင်ရတော့မလိုလို အပေါက်မျိုး သူ့စာအရေးအသားက ကယ်တင်ရှင်ဆန်လွန်းလှသည်။ မသောက်လို့ကလည်းမဖြစ် လမ်းထိပ်ထွက် သောက်ပြန်တော့လည်း တစ်ခွက် တစ်ထောင်၊ လေးရာကြီးများတောင် ကွာသည်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် အော်ကြီး အငေါက်အငမ်းကို ခံပြီး ခြောက်ရာတန် လက်ဖက်ရည်ကိုသာ အာသာပြေ သောက်ကြရလေသည်။
အော်ကြီးဆိုင်က အီကြာကွေး ဆိုသည်မှာ ဘုရားစူး အီကြာကွေးဟုဆိုရပေမည်။ ဒရမ်တီးလို့ပင် ရလောက်မည်ဟု ထင်ရလေသည်။ သို့သော် အီကြာကွေးတစ်ချောင်းစျေးက ခေတ်နဲ့အညီ ၄၀၀ ကျပ် ဖြစ်လေသည်။
( ၃ )
လက်ဖက်ရည်ဆိုင် ဆိုသည်မှာ သတင်းစုံကြားနိုင်သောအရပ် ဖြစ်လေသည်။
ထိုင်နေကျ အော်ကြီး လက်ဖက်ရည်ဆိုင်တွင် သည်မနက် ခါတိုင်းနေ့ကထက် ပို၍ စည်ကားလွန်းနေသည်ကို သတိပြုမိသည်။
အော်ကြီးဆိုင်သို့ ခပ်သွက်သွက် လျှောက်လာမိခဲ့သည်။ ဆိုင်အတွင်းသို့ အရောက် ခုံယူပြီး ထိုင်မည်အလုပ်တွင် အော်ကြီးက “ဟေ့ လူ ဖျော်လိုက်ရတော့မလား” ဟု အသံပြုလေသည်။
“ဖျော်လိုက်တော့ဗျာ...သောက်မယ်”
အော်ကြီး လာချသော လက်ဖက်ရည်သည် ရှယ်ဟု ဆိုသော်လည်း နို့ဆီမှာ ဖင်ကပ်လျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ လက်ဖက်ရည်ကို ဇွန်းဖြင့်မွှေရင်း မေးကြည့်မိသည်။
“ကိုအော်ကြီး ဘာထူးလို့လဲဗျ၊ စျေးသည်တွေ ရုန်းစု ရုန်းစုနဲ့”
“ဟာ ခင်ဗျားကလည်း၊ စျေးထဲက ငါးတွေ၊ ကြက်သား ဝက်သား အမဲသားတွေ ညကအခိုးခံရလို့ဗျ”
“ဟ နေစမ်းပါဦး၊ စျေးသည်တွေအားလုံးဆီက ခိုးသွားတာလား”
“ဟုတ်ပဗျာ၊ စုစုပေါင်း သိန်းသုံးဆယ်ဖိုးလောက်တော့ ရှိမယ်ထင်တယ်”
“ဒါနဲ့မနေ့က ဟိုဘက် ဆယ်လမ်းထဲလည်း ဆိုင်ကယ်ခိုးခံရဆို ဗျ”
အော်ကြီးက- “ဟုတ်တယ်လေဗျာ နှစ်စီးတောင် ပါသွားတာဆိုပဲ။”
ရပ်ကွက်တွေထဲ သူခိုးများ သောင်းကျန်းနေလေသည်။ ဘယ်သူကမှလည်း တာဝန်ယူ ဖြေရှင်းမပေးနိုင်ကြတော့။
ညမထွက်ရ အမိန့် ထုတ်ထားသည်က တစ်ကြောင်း၊ အလုပ်အကိုင် အခွင့်လမ်း နည်းပါးလာသည်က တစ်ကြောင်း။ သို့အတွက်ကြောင့် အခြေအနေသည် ပို၍အဆိုးဘက်ကို ဦးတည်လို့လာနေသည်။
ပြည်သူတို့၏ဘဝသည် အနေကျပ် အသေကျပ်ဘဝသို့ ဆိုက်ရောက်နေလေသည်။ ရပ်ကွက်အတွင်း ဘုန်းကြီးတု၊ သီလရှင်တုတွေလည်း အလွန်ပေါလာသည်ကိုလည်း သတိပြုမိလေသည်။ သင်္ကန်းဝတ်ကာ တောင်းစားနေကြသည်လားဟု ထင်ရလောက်အောင် လက်ဖက်ရည်ဝိုင်းတွေနား ရပ်ကာ အလှုခံနေကြသည်။ ဆွမ်းဆန်ထဲ ကြွက်ချေးရော စကားပုံသည် ယခုခေတ်ကာလနှင့် ကွက်တိ မဟုတ်ပါလား။
( ၄ )
ရပ်ကွက်ထဲ ဘစက် ဆိုသူလည်းရှိလေသည်။ သူ၏အလုပ်သည် စင်တင်တေးဂီတ စားသောက်ဆိုင်တွင် စက်ကိုင်ဖြစ်လေသည်။ သူ ညနေ အလုပ်သို့ မသွားမီ ကိုအော်ကြီး လက်ဖက်ရည်ဆိုင်သို့ လက်ဖက်ရည်သောက်လာမြဲ ဖြစ်သည်။
“ဘစက်”
“ညက ဆိုင်အခြေအနေ ဘယ်လိုလဲဗျ”
အော်ကြီး၏ အမေးကို-
“ဟာ ရောင်းကောင်းချက်ဗျာ ပြောမနေနဲ့။ ပန်းကုံးတွေကလည်း ရချက် အံ့ပဗျာ။ ဒီလိုကာလထဲ ဘယ်လိုလူတွေက သုံးနိုင်ဖြုန်းနိုင်နေမှန်းမသိဘူး”
အော်ကြီးတို့က ဒါမျိုးအဖြေဆိုလျှင် အကြိုက်တွယ်ပြီသား...
“ဘယ်သူ တောင်းစားတွေ ရှိမှာလဲဗျာ။ ဟို စကစရဲ့ လက်ပါးစေ လုပ်ငန်းရှင်တွေ မြေပွဲစား၊ အိမ်ပွဲစားတွေပဲနေမှာပေါ့။ ဒီကောင်တွေပဲ အလကားနေ ပိုက်ဆံရနေတာ မဟုတ်လား”
ဘစက် အပြောအရ စစ်တပ်က အရာရှိများလည်း ဆိုင်ထိုင် ပိုက်ဆံဖြုန်းနိုင်ကြသည်ဟု ဆိုလေသည်။ ဆိုင်အတွင်း အချောဆုံး အလှဆုံး မိန်းခလေးတွေကိုမှ ပန်းကုံးတင်၍ ညစဥ် လာပြီး ပျော်ပါးကြသည်ဟု ဆိုသည်။
“ကျနော်တို့ဆိုင်ဆို စစ်တပ်ကို တစ်လ သိန်းသုံးဆယ်လောက်ပေးရတယ် ကိုအော်ကြီး ရ”
စကစသည် တိုင်းပြည်ကို အပျက်ဘက်သို့ ကျုံးသွင်းလျှက်ရှိသည်။ စစ်အာဏာ သိမ်းပြီး ကာလတိုအတွင်း စင်တင်တေးဂီတ ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ အရက်ဆိုင်များ၊ ဘားများကို မြို့နယ်တိုင်းနီးပါးလိုလိုတွင် အလုအယက် ဖွင့်လာကြသည်။
ထိုဆိုင်များက သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲနှင့် စစ်သားများကို လစဥ် ဆက်ကြေးပေးဆောင်ရလေသည်။
မူးယစ်ဆေးဝါးများလည်း နေရာစုံတွင် လွယ်ကူချောမွေ့စွာရနိုင်လေသည်။ စိတ်ကြွဆေးပြားများ ဆိုလျှင် အလွန်စျေးပေါစွာ ရနိုင်သည့်အတွက် လူငယ်အချို့ စိတ်ကြိုက် သုံးဆောင်နိုင်အောင် သက်ဆိုင်ရာက တမင်တကာ ခွင့်ပြုထားသလိုပင် ဖြစ်နေတော့သည်။
( ၅ )
တစ်ရက်ပြီးတစ်ရက် ကျပ်ကျပ်တည်းတည်း ဖြတ်သန်းလာရသော ခေတ်ကြီးကို တွေးပြီး ရင်လေးမိသည်။
လက်ဖက်ရည်ဆိုင်ထဲ အိမ်ပွဲစားများ၊ မြေပွဲစားများ၊ ငွေထုပ်တွေ ရှေ့ချပြီး အလုပ်ရှုပ်နေကြသည်။ စာချုပ်စာတမ်းများအပေါ်တွင် ဘောလ်ပင်လေးတစ်ချောင်းမျှဖြင့် မိမိ လက်မှတ်လေးကို ခြစ်လိုက်ရုံမျှနှင့် သိန်းရာထောင်ချီ အပေးယူတည့် အရောင်းအဝယ် ဖြစ်နေကြလေသည်။
ကလေးတစ်ဦးသည် ဖီးကြမ်းငှက်ပျောသီးတစ်ဖီးကို ကိုင်လျက် ညှိုးငယ်နွမ်းပါးသော မျက်နှာထားဖြင့် လက်ဖက်ရည်ဆိုင်အတွင်းရှိ စားသုံးသူများထံ ငှက်ပျောသီး လိုက်ရောင်းနေလေသည်။ ငွေပုံတွေကြားထဲ နစ်မျောနေသော ပွဲစားများက ငှက်ပျောသီးသည်လေးကို ဂရုမပြုကြပေ။ အချို့စားပွဲများက ငှက်ပျောသီးသည်ကလေးကို လက်ကာပြကြသည်။
စားပွဲတစ်ဝိုင်းမှ အမျိုးသမီးတစ်ဦးက- “ ငှက်ပျောသီး တစ်ဖီးဘယ်လောက်လဲ သား။”
“၂၅၀၀ ပါ အန်တီ”
“အေး အန်တီ့ကို တစ်ဖီးပေးနော် ရော့ ၂၅၀၀”
“အန်တီ ရွေးလို့ရတယ်နော်” ဟု ဆိုကာ ကလေးငယ်သည် စက်ဘီးခြင်းထဲမှ ငှက်ပျောသီး နောက်တစ်ဖီးကို သွားယူလာပေးသည်။
ထိုကလေးငယ်အသက်သည် အလွန်ဆုံးရှိလှ ၁၁ နှစ်စွန်းစွန်းမျှသာ ရှိလိမ့်မည် ထင်ပါသည်။ သို့သော်လည်း မိသားစု အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ခက်ခဲသည့်ကြားက ရိုးရိုးသားသား ကြိုးစားနေသူလေး ဖြစ်သည်။ အနည်းဆုံးတော့ သူ့တွင် စားသုံးသူကို လေးစားရကောင်းမှန်း သိသည့် တာဝန်သိစိတ် ရှိသေးသည်။
နှစ်လုံးထီရောင်းသူ၊ စျေးသည်များ၊ ကာရာအိုကေဆိုင်ဝန်ထမ်း၊ အိမ်ပွဲစား ကားပွဲစားများနှင့် စည်ကားနေသော လက်ဖက်ရည်ဆိုင်အတွင်း မတူညီသောဘဝများမှ ထွက်ပေါ်လာသည့် အသံများဖြင့် ဆူညံလျက်ရှိသည်။ ရုန်းကန်နေရတာချင်း တူကြသော်လည်း နေရောင်အောက်က အသက်ရှူသံများက မတူညီကြပေ။
နဒီမင်း
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်)
အဲဒီညက ကျနော် အိပ်မပျော်ခဲ့ဘူး။
မိုးတွေ ရွာလိုက်တာ နေ့ ည မစဲမို့ ထူးခြားတယ်လို့တော့ စိတ်ထဲမှာ တွေးမိပါတယ်။ ထုံးစံအတိုင်းပဲ ဇူလိုင်လဟာ အဆိုးတွေကိုသာ ယူဆောင်လာခဲ့ပါတယ်။
၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဂဠုန်ဦးစောရဲ့ ရက်စက်စွာ လုပ်ကြံမှုကြီးကြောင့် အာဇာနည်ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့ရပါတယ်။ ဦးစောရဲ့ ဉာဏ်တစ်ထွာတစ်မိုက် အမိုက်ဇာတ်မှာ တိုင်းပြည်က အားထားရတဲ့ခေါင်းဆောင်တွေ လုပ်ကြံခံလိုက်ရတယ်။ ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင်မှာ အာဏာရှင်နေဝင်းရဲ့ ခိုင်းစေချက်ကြောင့် ကျောင်းသားသမဂ္ဂအဆောက်အအုံ ဗုံးခွဲခံခဲ့ရသလို ကျောင်းသားလူငယ်တွေရဲ့သွေးတွေ မြေခခဲ့ရတယ်။
ဇူလိုင်လဟာ တကယ့်ကို မြန်မာပြည်အတွက် နိမိတ်မကောင်းတဲ့လလို့ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။
ဒီနှစ် ဇူလိုင်လမှာလည်း သေဒဏ်ပေးခံရတဲ့ အကျဉ်းသား လေးယောက် ရှိလာခဲ့ပါတယ်။ အဲဒီထဲမှာမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ ပါဝင်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေသာမက နိုင်ငံတကာကပါ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ ဒါဟာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးခံရပြီးနောက်ပိုင်း ၄၅ နှစ်ကျော်အတွင်းမှာ ပထမဆုံး ဖြစ်ရပ်ဆိုးပါပဲ။
ဒီလို အကျည်းတန်တဲ့ ဖြစ်ရပ်တွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ မြန်မာပြည်အတွင်းမှာရှိတဲ့ အထင်ကရ ဘာသာရေးခေါင်းဆောင်တွေရဲ့ နှုတ်ပိတ်နေခြင်းကလည်း အကြောင်းရင်းတခု ဖြစ်ပါတယ်။
ဘာသာရေးခေါင်းဆောင် အရာတိုလာခိုမေနီလို မင်းဆရာတပါး ဖြစ်လိုတဲ့ သီတဂူဆရာတော်ဟာ စကစခေါင်းဆောင် မင်းအောင်လှိုင် လုပ်သမျှအပေါ် တစုံတရာ သဘောထားမှတ်ချက်ပေးခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။
ကိုဂျင်မီတို့ လေးယောက်ကို သေဒဏ်ပေး ကွပ်မျက်တာကို ထောက်ခံတဲ့ပွဲကို စစ်တပ် ထောက်ခံသူများ ဦးစီးပြီး မြို့တော်ခန်းမအရှေ့မှာ ဇူလိုင် ၂၉ ရက် နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။ ဒါတင်မကပဲ သေဒဏ်ပေး ကွပ်မျက်ခံရတဲ့ ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့အိမ်တွေကိုလည်း အဲဒီလူတစုကပဲ အကြမ်းဖက် နှောင့်ယှက်တိုက်ခိုက်ကြပြန်ပါတယ်။
ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံလို့ ကြွေးကြော်ပြီး လူသတ်တာကို အားပေးထောက်ခံနေကြတဲ့ ဖြစ်စဉ်တွေဟာ အကျည်းတန် အရုပ်ဆိုးလှပါတယ်။ တကယ်တော့ တရားမဲ့ လုပ်ရပ်တွေ ရှေ့တိုးပြီး ပိုလုပ်ရဲလာခြင်းဟာ ဘာသာရေးခေါင်းဆောင် ဆိုသူတွေရဲ့ တာဝန်မဲ့ခြင်းနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ငြိမ်းချမ်းရေးစကားပြောရမယ့် ပါးစပ်တွေက တရားမဲ့ ပြုကျင့်ခြင်းတွေကို အားပေးအားမြှောက် လုပ်နေကြသလို၊ တိတ်ဆိတ်နေသူတွေဟာလည်း သွယ်ဝိုက်သောနည်းနဲ့ ဒါကို ထောက်ခံနေသလို ဖြစ်နေပါတယ်။
ဘာသာရေးခေါင်းဆောင် ဆိုသူတွေဟာ ဘာသာဝင်တိုးပွားရေးအတွက်ပဲ အားစိုက်လာကြပြီး အလှူခံရေးနဲ့ သံသရာအရေးကို ငါ့အရေး လုပ်နေကြသူတွေ များလာတယ်လို့ တွေးမိပါတယ်။ တကယ်တော့ “ဘာသာရေးခေါင်းဆောင် ဆိုသူအချို့က ဓမ္မကို ဖြန့်ဝေတာမဟုတ်ဘဲ ကိုယ်ရည်သွေးပြီး သူတို့ရဲ့ အင်ပါယာကို ချဲ့ထွင်တည်ဆောက်နေကြတာ ဖြစ်ပါတယ်။
ကျနော့်မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားတဦးကတော့ သူ့မိတ်ဆွေ ကိုဂျင်မီ လက်လွတ်စပယ် ကွပ်မျက်ခံလိုက်ရတာနဲ့ပတ်သက်ပြီး အတော်ယူကျုံးမရ ဖြစ်နေခဲ့ပါတယ်။ ဂဠုန်ဦးစောကို ကြိုးပေးခဲ့စဥ်က စီရင်ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး သူက အသေးစိတ်ပြောပြပါတယ်။
“နန်းရင်းဝန်ဟောင်း ဦးစောဟာ သေဒဏ်စီရင်ချက်ချပြီး ထောင်တွင်းဘုရားတစ်ဆူတည်ဖို့ ခွင့်ပြုချက် ရတယ်၊ ဘုရားတည်တယ်။ နှစ်ပတ်အလိုမှာ တွေ့ရတဲ့ ထောင်ဝင်စာမှာ မိသားစုနဲ့ အထူး တွေ့ခွင့်ရတယ်။ နောက်ဆုံးအခွင့်အရေးအနေနဲ့ ဦးစောရဲ့ တောင်းဆိုချက်နဲ့ အဲဒီအချိန်မှာ မြန်မာပြည်မှာ အကျော်ကြားဆုံး လယ်တီဆရာတော်ဘုရားကို ဖူးခွင့် တွေ့ခွင့်ပေးခဲ့တယ်။ သူ့သမီးအတွက် စာတစ်စောင် ပေးခွင့်ရခဲ့တယ်။”
သေဒဏ်ပေးခံရမယ့် မနက်မှာ ဦးစောဟာ စောစောထ ရေချိုး အင်္ကျီအသစ်၊ ရှမ်းဘောင်းဘီ အသစ်ကို ခါးပတ်နဲ့ဝတ်တယ်။ ခေါင်းလိမ်းဆီ ကော့နေအောင်လိမ်းပြီး ခေါင်းဖြီးတယ်။ အခန်းတံခါးဖွင့်ပြီး လာခေါ်တော့ တိုက်ဝန်းထဲက သူ့အမှုတွဲ(တပည့်တွေ) တခြား အကျဥ်းသားတွေကို ပြုံးပြုံးရွှင်ရွင်လိုက်နှုတ်ဆက်တယ်။
ပြီးတော့ သူ့ဘုရားမှာ ဘုရားဝတ်ပြုတယ်။
ပြီးတော့ တရားသူကြီး ဦးကျော်မြင့်နဲ့ ထောင်ပိုင်တွေ၊ ထောင်အရာရှိတွေ ဝန်ထမ်းတွေကို နှုတ်ဆက်တယ်။ မတွေ့ရတဲ့သူတွေကို နှုတ်ဆက်တဲ့အကြောင်း ပြောလိုက်ပါ ဆိုတာတွေ မှာတယ်။ စိတ်မကောင်းမဖြစ်ဖို့ သူက တရားပြန်ချတယ်။ ကြိုးစင်ပေါ်တက်တော့ ခေါင်းစွပ်အနက် စွပ်ခါနီး ခဏလေး အသက်ဝအောင် ရှူအုံးမယ်။ ငါက မွန်းတတ်တယ်ကွလို့ ရယ်ပြီး ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။ ထောင်ရာဇဝင်မှာ ထူးခြားတဲ့ သေဒဏ်စီရင်မှုတစ်ခုအနေနဲ့ ပြောစမှတ်တွင်ခဲ့ပါတယ်။
ကျနော့်မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားက ကိုဂျင်မီ အပါအဝင် လေးယောက် တရားလက်လွတ် သေဒဏ်စီရင်ခံခဲ့ရတာကို နိုင်ငံ့ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့တဲ့ ဂဠုန်ဦးစောကို စီရင်ပုံနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။
“ဂဠုန်ဦးစောကို စီရင်တာက လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေအရ စီရင်တာ။ အသိပေးမထားဘဲ အိပ်နေတုန်း ဇွတ်နှိုးပြီး လက်လွတ်စပယ် လုပ်ပစ်တာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့သာလုပ်၊ ဂျင်မီဆိုတဲ့ ကောင်က ကြိုးစင်ပေါ် ရောက်ရင်၊ နေအုံး ခဏဆိုပြီး သွေးသစ္စာသီချင်း ဆိုသွားမယ်ဆိုတာ သေချာပေါက်ပဲ။ ကျန် ၃ ယောက်ကိုလည်း အားပေးသွားမှာယုံတယ်။ အခုဟာက စီရင်တာမှ မဟုတ်တာ၊ လူလို အကျဥ်းသားလို စီရင်တာမှ မဟုတ်တာ။ ကြောက်ကြောက်လန့်လန့်နဲ့ ခိုးကြောင်ခိုးဝှက် သတ်ပစ်တာကိုး။”
အင်္ဂလိပ်အစိုးရက ဆရာစံကို ကြိုးပေးသတ်ခဲ့ပေမယ့် ဆရာစံ မသေခဲ့ပါဘူး။ ခုချိန်ထိ သူ့နာမည်က ရှင်သန်ဆဲပါ။ ဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေသူ အာဇာနည် ခေါင်းဆောင်များရဲ့ ဂုဏ်သတင်းဟာလည်း သမိုင်းစာမျက်နှာထက်မှာ ယနေ့ထိ ထင်ထင်ရှားရှား ရှိနေပါသေးတယ်။ ဆလိုင်းတင်မောင်ဦးလို ကျောင်းသားခေါင်းဆောင်တွေရဲ့ သမိုင်းဟာ ဖျောက်ဖျက်မရအောင် စွဲထင်နေအုံးမှာ ဖြစ်သလို ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ရဲ့ အမည်နာမများဟာလည်း ရှင်သန်နေအုံးမှာ ဖြစ်ပါတယ်။
ဓမ္မကို စောင့်ရှောက်အပ်သူတွေ နှုတ်ဆိတ်နေတဲ့အခါ အဓမ္မပြုကျင့်သူတွေ ထင်တိုင်းကြဲခွင့် ရနေတတ်ပါတယ်။ ဗြဟ္မစိုရ်တရား ခေါင်းပါးလာလေလေ အဓမ္မက အခွင့်လမ်းရလေလေ ဖြစ်ပါတယ်။ အကျည်းတန်အဖြစ်ဆိုးတွေ ထပ်မဖြစ်စေဖို့ ဓမ္မကို စောင့်ရှောက်အပ်သူတွေက ကြားဝင် တားဆီးသင့်တဲ့ အချိန်ကို ရောက်နေခဲ့တာ ကြာပါပြီ။
နဒီမင်း
(Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)