“ပုခက်လွှဲသောလက်မှ လက်နက်ကိုင်တိုက်ထုတ်မည့် အမျိုးသမီးစစ်သည်တော်များဖြစ်သည်” ဆိုတဲ့အတိုင်း အမျိုးသမီးတွေကိုယ်တိုင် လက်လုပ်မိုင်းကိုထုတ်ပြီး စစ်ကောင်စီကို အမြစ်ဖျက်ရန် ကြိုးစားနေကြပါတယ်။
အဲ့ဒီ အမျိုးသမီးတွေကတော့ နှစ်ပေါင်းများစွာ စစ်ရေးပဋိပက္ခမရှိခဲ့တဲ့ အညာဒေသလို့ လူသိများတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ (M2W)ပါ။
၂၁ရာစု နွေဦးတော်လှန်ရေးမှာ အာဂအမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ စစ်ကောင်စီကို တော်လှန်ခဲ့ကြသလို လက်နက်စွဲကိုင် တော်လှန်နေတဲ့ အမျိုးသမီးတွေကလည်း များစွာရှိလာပါတယ်။
ပထမဆုံး အမျိုးသမီးတပ်ဖွဲ့အဖြစ် ၂၀၂၁ခုနစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ M2W တပ်ဖွဲ့ဟာ လက်ရှိမှာတော့ သက်တမ်းရှစ်လသာရှိပေမယ့် လက်လုပ်မိုင်းငါးမျိုးအထိ ထုတ်လုပ်နိုင်နေပြီလို့ဆိုပါတယ်။
M2W အဖွဲ့ရဲ့ ပထမဆုံးလှုပ်ရှားမှုကတော့ ၂၀၂၁ခုနစ် အောက်တိုဘာလမှာ မြောင်မြို့နယ်အတွင်းက နဂါးပေါက်ကျေးရွာ ရဲစခန်းကို အမျိုးသမီးတွေဦးစီးပြီး တိုက်ခိုက်ခဲ့ပါတယ်။
“ သေနတ် ကျည်တထောင့်က လူတယောက်ကိုပဲ သေစေတယ်။ မိုင်းဆွဲရင် တပွိုင့်အောင်ရင် လူအနည်းဆုံး အကြမ်းဖက် ငါးဦးကို ချေမှုန်းနိုင်တယ်။ အားသာချက်က မိုင်းဖြစ်တယ်” လို့ မိုင်းထုတ်လုပ်ရေးနဲ့ ဖောက်ခွဲရေးတာဝန်ခံ အလင်္ကာ က ပြောပါတယ်။
မိုင်းထုတ်လုပ်မှုမှာ အန္တရာယ်များစွာရှိတာသိပေမယ့် မိုင်းဆွဲရင် စစ်ကောင်စီတွေ အများအပြားချေမှုန်းနိုင်တဲ့အတွက် အန္တရာယ်ကြားက ဆက်ပြီး ထုတ်သွားမယ်လို့ ဆိုပါတယ်။
M2W အဖွဲ့ စတင်တည်ထောင်ချိန်က အခက်အခဲတွေမျိုးစုံ ကြုံခဲ့ရပြီး၊ စလုပ်ချိန် အထောက်အပံ့ အကူအညီမရရှိသေးချိန်မှာ အဖွဲ့ဦးဆောင်သူက သူပိုင်ဆိုင်တဲ့မြေယာကိုရောင်းပြီး မိုင်းကို စတင်ထုတ်လုပ်ခဲ့ရပါတယ်။
“ အစကတော့ ကျမတို့ အထောက်အပံ့မရခင်မှာ အရမ်းခက်ခဲတယ်။ အခုနောက်ပိုင်းတော့ ပြည်သူတွေရဲ့ ထောက်ပံ့မှုကို ရခဲ့တယ်။ မိုင်းထုတ်လုပ်မှုကလည်း အရင်ကထပ် ပိုအရှိန်မြင့်လာတယ်။ မိုင်းလုပ်ဖို့ ကုန်ကြမ်းကတော့ အခက်အခဲ အခုထိ ရှိနေသေးတယ်” လို့ အလင်္ကာ က မိုင်းထုတ်လုပ်မှု အခြေအနေကို ပြောပြပါတယ်။
အညာဒေသဖြစ်တဲ့အလျောက် လက်နက်ခဲယမ်းရရှိရန် အလွန်ခက်ခဲတဲ့ကိစ္စရပ်တခုဖြစ်သလို မိုင်းထုတ်လုပ်ရန် လိုအပ်သည်များကို တခြားမှဝယ်ယူရသဖြင့် မြောင်ဘက်ကိုရောက်ရှိရင် စစ်ကောင်စီဘက်မှ လမ်းကြောင်းပိတ်ဆို့ခြင်းကိုလည်း ခံရပါတယ်။
မိုင်းထုတ်လုပ်တဲ့အမျိုးသမီးတွေဟာ အသက် (၂၀) ဝန်းကျင် ကနေ အသက် (၄၀) ဝန်းကျင်ထိ ရှိပြီး၊ အဲ့မိုင်းထုတ်တဲ့ နေရာမှာ တာဝန်ယူတဲ့ မအလင်္ကာ ကတော့ အသက် ၂၀ နှစ်အရွယ်သာရှိသေးပါသေးတယ်။
“ မိုင်းထုတ်တာ ကျမတို့ကြောက်ရွံ့မှု မရှိတာမဟုတ်ဘူး။ ရှိတယ်။ ယမ်းတွေလုပ်တဲ့အချိန် အရမ်းသတိထားရတယ်။ အရမ်းထုလို့လည်းမရဘူး။ ဘေးကနေ ပြီးတော့ အရမ်းမထုဖို့ စိတ်ငြိမ်ဖို့ သတိပေးရတယ်” လို့ အလင်္ကာ က မိုင်းလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောပြပါတယ်။
အလင်္ကာဟာ မိုင်းထုတ်လုပ်ရေးဌာနကို မရောက်ခင် ဖခင်ဖြစ်သူနဲ့အတူ ပွိုင့် မိုင်းဆွဲပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
ပွိုင့်မိုင်းကို ပထမဆုံးဆွဲချိန်တွင် ဖခင်နှင့်အတူ တိုက်ပွဲ၀င်ခဲ့ပြီး အဲ့ဒီအချိန်က ဖခင်ဖြစ်သူက “ သမီး ရတယ်နော် အသံတော်တော်ကြီးတယ် ရမှာလား” ဆိုပြီး ထပ်ခါထပ်ခါ မေးခဲ့ပေမယ့် သူမဟာ နောက်မဆုတ်ဘဲ ပွိုင့်ကို ဆွဲခဲ့ပြီးပါတယ်။
အလင်္ကာရဲ့ ဆွဲမိုင်း ပထမအကြိမ်မှာ စစ်ကောင်စီဘက်မှ ၆ယောက် သေဆုံးခဲ့တဲ့အတွက် ထိုချိန်မှစပြီး ဆွဲမိုင်းထုတ်ရန်ပြီး စစ်အာဏာရှင်ကို အမြစ်ဖျက်ချေမှုန်းရန် ဆန္ဒပြင်းပြလာခဲ့တယ်လို့ ဆိုပါတယ်။
အညာအမျိုးသမီးတွေဟာ စစ်အာဏာမသိမ်းခင်ထိ အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြပြီး၊ နိုင်ငံရေး နားမလည် မသိရှိကြသလို အလင်္ကာ တယောက်လည်း စက်ချုပ်အလုပ်ကို လုပ်ကိုင်ကာ တချိန်တွင် အထည်စက်ရုံပိုင်ရှင်အထိ ရည်မှန်းချက်ကြီးသူ တစ်ဦး ဖြစ်ပါတယ်။
ဒ့ါပေမယ့် ၂၀၂၁ခုနစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုကြောင့် အလင်္ကာနဲ့အတူ အညာဒေသ အမျိုးသမီးတွေဟာ အိပ်မက်တွေပျောက်ကွယ် ခဲ့ရပြီး လမ်းတွေပျောက်ခဲ့ကြပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင် တိုက်ဖျက်ရေး ဒီမိုကရေစီ ပြန်ရရှိရေးအတွက် အားတင်းပြီး တော်လှန်ရေးထဲကို ဝင်ခဲ့တာပါ။
“ ကျမတို့ တောင်သူတွေဟာ ရိုးကြတယ်။ အေးချမ်းတယ်။ တောင်ယာစိုက်ကြတယ်”လို့ သူမ က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးဟာ ယခင်က စစ်မြေပြင် မကြုံဖူးခဲ့တဲ့ ဒေသတခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စစ်ကာင်စီကို တိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှ ရှိလာပါတယ်။
အဲ့ဒီနောက်မှာ စစ်တပ်ဘက်မှ စစ်ကိုင်းတိုင်းအရပ်သားနေအိမ် ၁၄၀၀၀ နီးပါးနဲ့ မြောင်မြို့နယ်ထဲက အိမ်ခြေ ၅၀၀ ကျော်ကို မီးရှို့ခဲ့ကြောင်း Data for Myanmar ရဲ့ ဇွန် ၇ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။
လက်ရှိ Data for Myanmar က ဖော်ပြတဲ့စာရင်းဟာ မြေပြင်စာရင်းထက် နည်းနိုင်ကြောင်းလည်း ၎င်းအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
အဲ့ထဲမှာ မြောင်မြို့နယ်ထဲက နေအိမ်တွေလည်း ပြာကျတဲ့အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ပြည်သူတွေဟာ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်ရှောင်နေရပြီး အခက်အခဲများနဲ့ ရင်ဆိုင်နေရပါတယ်။
“ ကျမတို့ ပြည်သူတွေနေအိမ်လည်း ပြာကျကုန်ပြီ။ ဒီမှာကတော့ စစ်ရှောင်စခန်းဆိုတာ သီးသန့်တော့မရှိဘူး။ စစ်တပ်က လာရင် ပြေးကြတယ်။ လွှတ်ရာကိုပြေးပြီး နေနေရတယ်။ ပြည်သူတွေအတွက် ကတော့ လိုအပ်တာတွေများတယ်” လို့ M2W မှ အဖွဲ့ဝင် အမျိုးသမီး မထရေဇာ က ပြောပါတယ်။
M2W ဟာ လက်လုပ်မိုင်း ထုတ်လုပ်မှု တခုဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေရုံမက နေအိမ်မီးလောင်ပြာကျတဲ့ ပြည်သူများနှင့် ကလေးငယ်တွေရဲ့ ပညာရေး အခန်းကဏ္ဍကိုလည်း လိုက်လံ ကူညီထောက်ပံ့ပေးနေပါတယ်။
နေအိမ် မီးရှို့ခံရပြီး ပြာကျတဲ့ထဲမှာ M2W အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေလည်းပါဝင်တဲ့အတွက် တော်လှန်ရေးပြီးဆုံးရင်တောင် ပြန်စရာနေအိမ်ဆိုတာ မရှိကြကြောင်း အလင်္ကာ က ဆိုပါတယ်။
“ တော်လှန်ရေးအောင်မြင်သွားရင်တောင် ပြန်စရာနေအိမ်ဆိုတာ မရှိဘူး။ ကျမတို့ ပေးဆပ်လိုက်ရတဲ့အရာတွေများတော့ ဒီတော်လှန်ရေးကို အရှိန်မြင့်ပြီး တိုက်ဖို့ပဲရှိတော့တယ်”လို့ အလင်္ကာ က အားမာန်အပြည့်နဲ့ ပြောလာပါတယ်။
ဒီတော်လှန်ရေး မပြီးမချင်းတော့ မိန်းကလေးဆိုပြီး အားမငယ်၊ စိတ်ဓာတ်မကျစေချင်ကြောင်း၊ စစ်ကောင်စီတွေ မကျဆုံးသရွေ့ ပြင်းအားများတဲ့ မိုင်းတွေကို ထပ်ထုတ်သွားမှာဖြစ်ပြီး မိုင်းထုတ်လုပ်ရေးမှာ မပါဝင်လိုက်တဲ့ အညာအမျိုးသမီးတွေလည်း ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ ပါဝင်ပြီး အာဏာရှင်ကို တိုက်သွားမယ်လို့ M2W အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပြာကျတဲ့ နေအိမ်တွေ၊ ဟာလာဟင်းလင်းဖြစ်တဲ့ ကွင်းပြင်ကို မြင်တိုင်း ပုခက်လွဲတဲ့ လက်တွေဟာ ပြင်းအားမိုင်းကို ထုတ်လုပ်ပြီး စစ်ကောင်စီကို တိုက်ဖျက်ဖို့ ကြိုးစားသွားမယ်လို့ M2W အဖွဲ့ဝင်တွေက ပြောပါတယ်။
နန်းဆိုင်နွမ်
hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
“ ကျမ ညတိုင်း ပိုက်ဆံတွေ ရေတွက်ကြည့်တယ်။ တိုးလာမယ်ထင်နေတာ။ လျော့သွားတာပဲရှိတယ်” လို့ ပိုက်ဆံအိတ်ထဲက ငွေတွေရေတွက်နေတဲ့ နန်းဆိုင်က ရှမ်းဘာသာစကားဖြင့် ချိနဲ့တဲ့အသံတွေ ပြောပါတယ်။
ညစဉ်ညတိုင်း လျော့သွားတဲ့ ငွေတွေကို ရေတွက်နေရပြီး ရှေ့ဆက်ရမယ့် မနက်ဖန်တိုင်းကို အားငယ်ချိနဲ့စွာ ဖြစ်နေတယ်လို့ ရှမ်းမြောက် ကျောက်မဲမြို့နယ် အတွင်းနေထိုင်တဲ့ နန်းဆိုင်တယောက် တီးတိုးစွာ ပြောလာပါတယ်။
သူမနေထိုင်တဲ့ ဒေသမှာဆိုရင်တော့ စပါး၊ ပြောင်းနဲ့ ခြံထွက်သီးနှံတွေကိုသာ အဓိက အားထားလုပ်ကိုင်ပြီး၊ ထွက်လာတဲ့ ပြောင်းတွေ သီးနှံတွေကို တရုတ်ပြည် ဘက်သို့ တင်ပို့ ရောင်းချကြပြီး၊ တချို့ လယ်ယာမရှိတဲ့သူတွေကတော့ တရုတ်ပြည်ကို သွားရောက်ကာ အလုပ်လုပ်ကိုင်ကြပါတယ်။
ဒေသခံတွေရဲ့ ပိုက်ဆံအိပ်ထဲငွေဝင် မဝင်ဆိုသည်က သူတို့ရဲ့အလုပ်ကြိုးစားအားထုတ်မှု တစ်ခုတည်း အပေါ် မူတည်နေတာတော့ မဟုတ်ပါဘူး။ တရုတ်ဘက်က သီးနှံတွေဝယ်လိုတဲ့ အခြေအနေ၊ စစ်ရေး၊ နိုင်ငံရေး စတာတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေပါတယ်။
နန်းဆိုင်တို့လို ပြောင်းအပါအဝင်သီးနှံစိုက် တောင်သူတွေအတွက်ကတော့ ဝင်ငွေထိခိုက်နေခဲ့သည်က နှစ်နဲ့ချီကြာပါပြီ။
ပြီးခဲ့သည့် နှစ်နှစ်ခန့် ၂၀၁၉ လောက်ကတည်းက တရုတ်ဘက်ကပြောင်းဝယ်လိုအားကောင်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ရှမ်းပြည်နယ်အပါအဝင် ဒေသအနှံ့က တောင်သူတွေက ပြောင်းကိုဒုတိယသီးနှံအနေနဲ့ အားထည့်စိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က ဥရောပနဲ့အာဂျင်တီးနားနိုင်ငံတွေဘက်က ပြောင်းတွေကို ဝယ်ယူဖို့သဘောတူခဲ့တာကြောင့် မြန်မာပြောင်းစိုက်တောင်သူတွေ အထိနာခဲ့ရတယ်လို့ ပြောင်းကုန်သည်တွေကို ကိုးကားပြီး ရန်ကုန်အခြေစိုက် The Farmer သတင်းဌာနကရေးသားပါတယ်။
နောက်တစ်နှစ်အကြာ ၂၀၂၀ ဟာလည်း နန်းဆိုင်တို့လိုပြောင်းစိုက်တောင်သူတွေဟာ ကိုဗစ်ကြောင့်အထိနာခဲ့ရပြန်ပါတယ်။ ကိုဗစ်ကူးစက်မှုကို အတော်အတန်ထိန်းထားနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေပြန်စဖို့လုပ်တဲ့ ဒီနှစ်မှာတော့ တိုက်ပွဲတွေကြောင့် သုံးနှစ်ဆက်တိုက် ဝင်ငွေထိခိုက်ခဲ့ရပြန်ပါတယ်။
ရှမ်းမြောက် ကျောက်မဲဒေသမှာတော့ စစ်ရေး ပဋိပက္ခ၊ ကိုဗစ်- ၁၉ ကူးစက်မှု မြင့်တက်တဲ့ ပြဿနာတွေကြောင့် ဝမ်းရေး အတွက် စာဖွယ်စားသောက်ရလာတာ တနေ့ထက် တနေ့ ပိုခက်ခဲလာကြောင်း နန်းဆိုင် တယောက် ကပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်မှုကြောင့် တရုတ်နယ်စပ်တံခါးတွေ ပိတ်လိုက်တဲ့အတွက် ဒေသထွက်ကုန်တွေ တရုတ်ပြည်သို တင်ပို့ခွင့်မရတော့သလို တရုတ်ပြည်မှာလည်း သွားရောက်အလုပ်လုပ်ကိုင်ခွင့်မရတော့ပါဘူး။
” အရင် တရုတ်ဘက်သွားပြီး အလုပ်လုပ်ရတယ်။ အခုက ကိုဗစ်ကြောင့် သွားလို့မရ။ ဒီဘက်မှာလည်းစစ်ရေးတွေ ဆက်တိုက်ဖြစ်တော့ ဘာမှ လုပ်လို့မရဘူး။ အခုက ချေးငှားစားနေရတဲ့ဘဝပါ ” လို့ နန်းဆိုင် တယောက် က ပြောပါတယ်။
ကိုဗစ်ပထမလှိုင်းမဖြစ်ပွားခင်မှာ နန်းဆိုင်ရဲ့ သမီးအကြီးဟာ တရုတ်ပြည်မှာ အလုပ်သွားလုပ်ကိုင်ခဲ့ပြီး တလလျှင် ကျပ်ငွေ ၂ သိန်းပေးပို့မှုနဲ့ ခြံထွက်သီးနှံ ရောင်းချမှုနဲ့ စားဝတ်နေရေး အဆင်ပြေခဲ့ကြပါတယ်။
ကိုဗစ်ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေ ပိတ်ဆိုင်းလိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ပို့ခံ ရပြီးနောက်မှာတော့ နန်းဆိုင် ရဲ့ သမီးကြီးဟာ ကျောက်မဲ နေအိမ်သို့ ပြန်လာပြီး အမေဖြစ်သူနဲ့အတူ ခြံစိုက်ပျိုးခဲ့ပါတယ်။
သူမတို့ နေထိုင်တဲ့ နေရာမှာ ကိုဗစ်နဲ့ စစ်ရေး ပြဿနာကြောင့် ခြံထွက်သီးနှံတွေကို ကျောက်မဲမြို့ပေါ်စျေးတွေ တက်ရောင်း မရတဲ့နောက်မှာတော့ စားဝတ်နေရေးဟာ တဖြည်းဖြည်းနဲ့ ခက်ခဲလာပါတယ်။
လက်ရှိမှာဆိုရင်တော့ ပြောင်းစိုက်ပိုင်ရှင်တွေထံ ရက်ကြေးကြိုထုတ်ပြီး စားသောက်နေရသလို နီးစပ်သူထံတွေမှာလည်း ချေးငှားပြီး စားသောက်နေရကြောင်းလည်း နန်းဆိုင် တယောက်က ပြောပါတယ်။
“ ခြံစိုက်တာက မြို့ပေါ်တက်ရောင်းမရတော့ ကိုယ်စိုက်ကိုယ်စားနေရတယ်။ ဟင်းအတွက် အဆင်ပြေပေမယ့် ဆန်က ဝယ်ရမယ်လေ။ ဆန်ဝယ်ဖို့ က ပြောင်းစိုက်ပိုင်ရှင်တွေဆီ နေ့စားခ ကြိုထုတ်ပြီး စားနေရတယ်”လို့ နန်းဆိုင် တယောက် က ဝမ်းနည်းစွာဖြင့် ပြောပြလာပါတယ်။
ဒါ့အပြင် နန်းဆိုင်တို့ နေထိုင်တဲ့ကျောက်မဲမြို့နယ် ကျေးရွာ တော်တော်များများဟာ စစ်ရေးပဋိပက္ခ မဖြစ်ခင်နဲ့ ကိုဗစ် ပထမလှိုင်းကာလအတွင်းမှာ တောင်သူခြံသမားများအတွက် အသေးစားချေးငွေလုပ်ငန်းတွေဝင်ရောက်လာခဲ့ပြီး ထိုဒေသခံ တော်တော်များများဟာ ချေးငွေယူကြပါတယ်။
ထိုချေးငွေယူမှုကြောင့် လက်ရှိမှာ အကြွေးရော အရင်းရော မဆပ်နိုင်လို့ စိတ်ပူလောင်သောက ရောက်နေတဲ့ ဒေသခံတွေ ဟာ အလွန်ပင်များနေပါတယ်။
အသေးစားချေးငွေလုပ်ကိုင်တဲ့အဖွဲ့တွေဟာ အရင်က တောင်သူတွေသီးနှံပိုစိုက်ပျိုးနိုင်ရန်နဲ့ဝင်ငွေကောင်းမွန်ရန်အတွက် ဦးတည်ပြီး ဝင်ရောက်လာပေမယ့် ကိုဗစ်နဲ့ စစ်ဒဏ်ကြောင့် တောင်သူတွေ ဟာ အကြွေးနွံထဲကနေရုန်းထွက်ဖို့ ခက်လာကြ ပါတယ်။
“ တရုတ်ပြည်က ပြန်လာတော့ ပိုက်ဆံလည်း မရခဲ့ဘူး။ ဒီမှာလာလုပ်စားဖို့ကလည်း အခြေအနေက သိတဲ့အတိုင်းပဲ ။ ဒုက္ခတွေ အထပ်ထပ်ပေါ့။ အလုပ်ကလည်း လုံးဝမရှိဘူး။ ဒီမှာ လုပ်စားဖို့ အလုပ်အကိုင်မရှိဘူး။ နယ်မြေ ဒေသအခြေအနေက ရှိတာနဲ့ စားနေတာ။ အခြေခံလူတန်းစားဆိုတော့ သိတဲ့အတိုင်းပဲလေ” လို့ ကျောက်မဲမြို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေတဲ့ နန်းလှရီ က လက်ရှိ မြေပြင်အခြေအနေကို ပြောပြပါတယ်။
ကျောက်မဲမြို့နယ် တခွင်မှာ အကြွေးတွေ နွံနစ်နေပြီး၊ တနေ့ထက် တနေ့စားဝတ်နေရေး ခက်ခဲလာမှုကြောင့် ရုန်းကန်ဖို့ အတွက် အတော်ပင် အားခဲနေရတဲ့အဆင့်ဖြစ်နေကြောင်း နန်းလှရီ က ဆိုပါတယ်။
ကျောက်မဲမြို့နယ် နေထိုင်တဲ့ ပြည်သူတွေဟာ ကိုဗစ်ဒဏ်ကြောင့် အခက်အခဲဖြစ်နေချိန်မှာ ဒေသအတွင်းလှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို ကြောက်နေရပြီး၊ တိုင်းရင်းသားအချင်းချင်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက် တောင်ယာလုပ်ငန်းကိုလည်း ကောင်းမွန်စွာ မလုပ်နိုင်ကြပေ။
ကျောက်မဲဒေသဟာဆိုရင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ SSPP/SSA ဦးဆောင်တဲ့တပ်ဖွဲ့နဲ့ RCSS/SSA တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပဋိပက္ခတွေအောက်က ခက်ခဲမှုတွေကို အဓိက ရင်ဆိုင်ကြုံတွေ့နေရတာကတော့ မီးဖိုချောင်မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်ပြင်ဆင်နေရတဲ့ အိမ်ရှင်မ တွေပါပဲ။
“ အခြေအနေက ဘာမှ ရစရာကိုမရှိတဲ့ဘဝပဲ။ အမျိုးသမီးတွေရဲ့ဘဝတွေ တော်တော်ကို ခက်တယ်။ ငွေမရှိတာ မီးဖိုချောင် ကိစ္စတွေက အမျိုးသမီးတွေက သိတယ်လေ။ ကျောက်မဲနဲ့ သီပေါက ကိုဗစ်ရော စစ်ရော ခံနေရတဲ့ဒေသပဲ” လို့ နန်းလှရီ က မြင်တွေ့နေရတာတွေကို ပြန်ပြောပြနေပါတယ်။
တဖက်မှာ ကိုဗစ်ကြောင့် ခရီးသွားပြည်သူတွေ မရှိကြသလို စားသောက်ဆိုင်တွေ၊ ခြံစိုက်သူတွေ ဝင်ငွေမရှိချိန်မှာ ဒေသတွင်းလှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ဆက်ကြေး(အခွန်)ကောက်ခံမှုတွေရှိတဲ့အတွက် ပြည်သူ တွေက တပူကနေ နှစ်ပူဆင့်မက ဒုက္ခအဖက်ဖက်ကို ခံနေတယ်လို့ ကျောက်မဲ အိမ်ရှင်မတွေက ရင်ဖွင့်ပြောပါတယ်။
“ကျမတို့ဆိုင်က ရောင်းမရ၊ ဝင်ငွေမရှိပေမယ့် လက်နက်ကိုင်တွေက အခွန်တိုးကောက်တယ်လေ။ ကျမတို့ စိတ်တွေ ညစ်တယ်။ လက်နက်ကိုင်ပြီး ပြည်သူတွေကို သွေးစုပ်နေတာ။ ပြည်သူတွေကိုနည်းနည်းငဲ့ကြည့်ပေးသင့်တယ်”လို့ ကျောက်မဲမြို့ တွင်း စားသောက်ဆိုင်ဖွင့်ထား နန်းနန်း က ပြောပါတယ်။
ကိုဗစ်နဲ့ စစ်ဒဏ်ကြောင့် ကျောက်မဲမြို့ပေါ် ကုန်စုံဆိုင်ရောင်းနေတဲ့ နန်းလျန်း တယောက်လည်း ကုန်းစျေးနှုန်းတွေ တရိပ်ရိပ်တက်လာတဲ့အတွက် ကုန်စုံဆိုင်ဘဝကို ရင်းနှီးမြှုပ်နှံမှုကို မပြုလုပ်နိုင်တော့ကာ ဆိုင်ကိုဖြတ်ပြီး ခြံစိုက်ကိုသာ ရောင်းဖို့ စဉ်းစားနေရပါတယ်။
“ကျမ စျေးရောင်းတာ ဖြုတ်ရတော့မယ်။ ကုန်စျေးနှုန်းက တက်လာတော့ ကျမ ကုန်တွေ မဝယ်လှောင်တော့ဘူး။ ဆီတွေ အခြောက်အခြမ်းတွေ မဝယ်နိုင်တော့ဘူး။ ရောင်းရတာကလည်း အရင်လို မကောင်းတော့ ကုန်စုံဆိုင်တွေ ဖြုတ်ရမယ်။
ကျမတို့ခြံကထွက်တဲ့ ကုန်တွေပဲ ရောင်းရတော့မယ်” လို့ နန်းလျန်း တယောက်ပြောပါတယ်။
နန်းလျန်းဟာ အရင်က ကုန်စုံဆိုင်မှာ တရက်လျှင် ကျပ်ငွေ ငါးသောင်းအထက် ရရှိခဲ့ရာ အခုမှာတော့ တရက်လျှင် ကျပ်ငွေ တသောင်း မပြည့်ကြောင်း တိုးတီး ပြောလာပါတယ်။
“လောက်င တယ်ဆိုတာတော့မရှိဘူး။ ချွေတာစားသောက်တယ်။ စားဝတ်နေရေးက ခက်ခဲပါတယ်။ စျေးရောင်းရတာလည်း ခက်တယ်။ တခြားလည်း ဘာမှ မလုပ်တတ်ဘူး” လို့ နန်းလျန်း က ဆိုပါတယ်။
အခုကာလမှာ ဝမ်းရေးအတွက်ခက်ခဲစွာ ရုန်းကန်နေရသလို ကိုဗစ်အရေးကိုလည်း ကာကွယ်နေရတဲ့ ရှမ်းပြည်သူတွေဟာ ဖျားနေနေပါက ဆေးမစစ်ရဲကြပါဘူး။
“ဖျားရင်တောင် ဆေးမစစ်ရဲဘူး။ နေမကောင်းရင် တုပ်ကွေးလို့သတ်မှတ်လိုက်တယ်။ ကိုဗစ်ဆိုရင် စိတ်ဆင်းရဲနေရမယ်။ ဆေးရုံ ဆေးတွေ ဝယ်သောက်နေရမယ်။ ဆေးမကုနိုင်လို့ ကြိတ်ကုနေရတာတွေလည်း အများကြီးပဲ”လို့ နန်လျန်းက ပြောပြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းရှိ အခြေခံ လူတန်းစားတချို့ ဟာ အလုပ်လက်မဲ့ဖြစ်ကာ စားသောက်စရာ မရှိတော့ကာ ဆန်ပြုတ်သောက်နေရတဲ့အဆင့်တောင်ရောက်နေကြကြောင်းလည်း လက်ရှိ စားဝတ်နေရေး ခက်ခဲသူတွေကို ကူညီပေးနေတဲ့ သီပေါမြို့နယ် က နန်းမွမ်းမွမ်းပေါင်းက ပြောပါတယ်။
“ တချို့ဆိုရင် ဆန်ပြုတ်သောက်ရတဲ့အဆင့်ဖြစ်သွားတယ်။ ဒီလိုဆက်ဖြစ်မှာကိုတော့ ကျမတို့လည်း စိုးရိမ်တယ်။ ကျေးရွာတင်မကဘူး၊ မြို့ပေါ်ကလူတွေတောင် စားသောက်ဖို့မရှိလို့ ကျမဆီကို ဖုန်းဆက်အကူအညီတောင်းနေတာ ဒီနေ့ထိပါပဲ” လို့ နန်းမွမ်းမွမ်းပေါင်းက ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခနဲ့ ကိုဗစ်ကြောင့် ခြံသွားအလုပ်မလုပ်နိုင်ကြတာတွေ၊ စျေးဆိုင်မဖွင့်နိုင်တော့တာတွေ၊ ပုံမှန်လုပ် နေကြ လုပ်ငန်းမလုပ်နိုင်တော့တဲ့အတွက် ကျေးရွာတင်သာမက မြို့ပေါ်နေထိုင်သူတွေပါ စားနပ်ရိက္ခာလိုက်လံ ကူညီ ဆောင်ရွက်နေရတယ်လို့ နန်းမွမ်းမွမ်းပေါင်းက ပြောပြပါတယ်။
ဒီဒဏ်တွေကို များသောအားဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုပြီး ခံစားနေရသလို လက်ရှိမှာ စားနပ်ရိက္ခာကို ပြည်သူမှပြည်သူ့ထံ ကူညီပေးနိုင်ပေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်း အရေးပေါ်လိုအပ်နေတာလည်းရှိကြောင်း နန်းမွမ်းမွမ်း ပေါင်းက ဆိုပါတယ်။
လက်ရှိမှာတော့ ဒုက္ခပေါင်းစုံကြုံတွေ့နေရတဲ့ ကျောက်မဲမြို့နယ်က နန်းဆိုင် တယောက်တော့ ကိုဗစ်ကိုလည်း ဂရုမစိုက်နိုင်ဘဲ ဝမ်းရေးအတွက် ဆက်ရုန်းကန်ရပြီး ဖြစ်သလိုသာစားသောက်နေကြပါတယ်။
“အခုဆိုရင် အပေါဆုံးအရေအသွေးမမှီတဲ့ ဆန်ကို ဝယ်စားနေရတယ်။ ဟင်းကတော့ ပဲပုတ်နဲ့ ဟင်းရွက်ပဲပေါ့။ အသားဟင်းကတော့ မတတ်နိုင်ဘူးလေ။ နောက်ဘာဆက်ဖြစ်လာမယ်ဆိုတာတောင်မသိတော့ဘူး” ဟု နန်းဆိုင်တယောက် စိတ်ပျက်စွာ ပြောပါတယ်။
နန်းဆိုင်နွမ်
hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။