ကချင်ပြည်နယ်၊ နန်းမားမြို့နယ်မှာ မေ ၁၂ မနက်ပိုင်းက စတင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး ကျည်ထိမှန်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၁၁ ရက်က နန်းမားမြို့နယ်မြေရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားရာမှာ ဒုရဲအုပ် တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားလာတာပါ။
ဒေသခံ တဦးက "မနက် ၇ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ စစ်တပ်နဲ့ KIA /PDF နှစ်ဘက်စလုံး ပစ်နေတာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ လူနေရပ်ကွက်ထဲ လက်နက်ကြီး ကျည်ကျတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေတယ်။ နောက်ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိတယ် " လို့ ဆိုပါတယ်။
မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA /PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး တိုက်ပွဲကြားမှာ အရပ်သား အမျိုးသား တဦးနဲ့ အမျိုးသမီး တဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နန်းမားမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြတာရှိသလို မိုးညှင်းမြို့ပေါ်ကို စစ်ဘေး တိမ်းရှောင် နေသူတွေလည်းရှိပါတယ်။
နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်တပ်က နန်းမားမြို့အတွင်း သွားလာခွင့် ပိတ်ထားကာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ နန်းမားမြို့မှာ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းက ဒေသခံ အမျိုးသား ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်ဖြိုချ ဖျက်ဆီးခံခဲ့ရတဲ့ ကိုသန်းစိုး(ခ)ဘကြီးမှုံရဲ့ သား အပါအဝင် အမျိုးသား ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ ဒေသခံ တဦးက ပြေပါတယ်။
"ကိုသန်းစိုးရဲ့ အိမ်ဖျက်ခံရတော့ သူ့သားလည်း ရှောင်နေရင်း မိုးညှင်းမှာ အဖမ်းခံရတာ။ နောက်ပြီး ဒေသခံ အမျိုးသား နှစ်ယောက်လည်း ထပ်အဖမ်းခံရတယ်။ ဘာကြောင့် ဖမ်းတယ်ဆို တာ မသိရဘူး"
ကိုသန်းစိုးရဲ့ သားဖြစ်သူ ကိုကောင်းကင်ကြီး အပါအဝင် ကိုမျိုးဆွေဦး၊ ကိုစိကွေး(အရပ်ခေါ်) တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကိုကောင်းကင်ကြီးရဲ့ ဖခင်ဖြစ်သူ ဦးသန်းစိုး (ခ)ဘကြီးမှုံရဲ့နေအိမ်ကို စက်တင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီတပ် လမ်းပိတ်ဆို့ပြီး PDFထောက်ခံတဲ့ အိမ်ဟုဆိုကာ ဘူဒိုဇာဖြင့် ဖြိုချ ဖျက်ဆီးခဲ့ တာပါ။
နန်းမားမြို့နယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညှင်းလူမှုကူညီရေးအသင်းက ဒေါ်ခင်မာလင်း၊ ပရဟိတ လုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်ဌေးဦးနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေအပါအဝင် ဒေသခံ ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။