close

နန်းမားမြို့

close

April 27, 2023

နန်းမားမြို့တွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူ ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန်းမားမြို့မှာ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

နန်းမားဘူတာရုံအနီး ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့လို့ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “နေ့လယ် ၁၂ နာရီလောက် ဘူတာရုံနားမှာ အပစ်ခံရတာ။ ဆိုင်ကယ်မောင်းလာတုန်း ပစ်သွားတာ။ ဦးခေါင်းကို ကျည်ထိပြီး ဝဲ နောက်စေ့ကနေ ပွင့်ထွက်သွားတယ်။ ဘာကြောင့်ပစ်လဲတော့မသိဘူး။ ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတဲ့ နိုင်ရာဇာထွန်းဟာ နန်းမားမြို့ သီရိမွန်ရပ်ကွက်မှာ နေထိုင်ပြီး ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။  သူ့ကို ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခတ်သွားလဲဆိုတာတော့ လတ်တလော မသိရသေးပါဘူး။

နန်းမားမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က SSP ရှမ်းနီ(တိုင်းလျန် ) သွေးစည်းညီညွတ်ရေး ပါတီဝင်တဦးဖြစ်တဲ့ ဦးတင်ညွန့်ကို လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်သွားလို့ သေဆုံးခဲ့ပါတယ်။

12 mins Ago

February 15, 2023

နန်းမားမြို့၌ စစ်တပ်က နာရေးအိမ်ကိုဝင်စီးပြီး လူ ၂၀ ခန့်ကိုဖမ်းဆီး၊ အလောင်းကို သင်္ဂြိုဟ်ခွင့်မပြုဘဲ သိမ်းယူ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့မှာ စစ်ကောင်စီတပ်က နာရေးအိမ်ကို ဝင်ရောက်စီးနင်းကာ နာရေးလာရောက်သူ အယောက် ၂၀ ထက်မနည်းကို ဖမ်းဆီးပြီး အလောင်းကိုပါ သင်္ဂြိုဟ်ခွင့်မပေးဘဲ အဓမ္မသိမ်းယူသွားပါတယ်။

နန်းမားအခြေစိုက် အမှတ်-၃၆၇ အမြောက်တပ်က ဖေဖော်ဝါရီ ၁၂ ရက်မှာ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အောင်မင်္ဂလာရပ်ကွက် နေအိမ်ရှေ့မှာ ဖုန်းပြောနေတဲ့ ကိုဒီပါ ထိမှန်သေဆုံးခဲ့ရာ အဲဒီနာရေးလာရောက်သူတွေကို ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးကာ ရုပ်အလောင်းကိုလည်း စစ်တပ်က သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“နန်းမားမြို့နယ်ထဲ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်ကလှမ်းပစ်တဲ့ လက်နက်ကြီးကြောင့် အိမ်ရှေ့မှာ ဖုန်းပြောနေတဲ့သူကို ထိပြီး သေဆုံးတယ်။ အဲဒါ သက်ပျောက်ဆွမ်းကပ်ပြီး တရားနာနေတုန်း စစ်ကားရောက်လာပြီး အလောင်းသင်္ဂြိုဟ်ခွင့်မရှိဘူးဆိုပြီး လာသိမ်းသွားတယ်။ နာရေးအိမ် လာကူတဲ့သူတွေကိုလည်း ဖမ်းသွားတာ အယောက် ၂၀ လောက်ရှိတယ်” လို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“အမြောက်တပ်က လှမ်းပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးတာ။ ကျနော်သိရတာတော့ လက်လုပ်မိုင်းလုပ်ရင်း ဗုံးကွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က စွပ်စွဲပြီး ကိုဒီပါ အလောင်းကို သိမ်းသွားတယ်။ မိသားစုဝင်တွေ အပါအဝင် နာရေးမှာ ကူညီလုပ်ကိုင်ပေးနေသူတွေကိုလည်း ဖမ်းသွားတယ်။ အယောက် ၂၀ လောက်ရှိတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

နန်းမားမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ နန်းမားနယ်မြေ ရဲစခန်းအတွင်းက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ရဲစခန်းအနီး နေအိမ်အတွင်းမှာ နေထိုင်နေတဲ့ ကလေးသုံးယောက်မိခင် အမျိုးသမီးတဦး ဦးခေါင်းကို ကျည်ထိမှန်ခဲ့ပါသေးတယ်။

2 months Ago
Up