close

နန်းမွေစံ

close

September 27, 2022

မော်ဒယ်သရုပ်ဆောင် နန်းမွေစံကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ်ချ

မော်ဒယ်သရုပ်ဆောင် နန်းမွေစံကို အင်းစိန်အကျဥ်းထောင်ရှိ စစ်ခုံရုံးကနေ စက်တင်ဘာ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းက  အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

အင်းစိန်အကျဥ်းထောင် အထူးတရားရုံးရှိ စစ်ခုံရုံးကနေ ဒီကနေ့ မနက် ၁၁ နာရီက မော်ဒယ်သရုပ်ဆောင် နန်းမွေစံကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့တာလို့ ဒီအမှုနဲ့ နီးစပ်တဲ့ ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သင်ဇာဝင့်ကျော်ရော၊ နန်းမွေစံရောက ရုံးထုတ်တာလည်းတူတယ်၊ ပုဒ်မလည်းတူတယ်။ ဒါပေမဲ့ နန်းမွေစံက စစ်အုပ်ချုပ်ရေးမှာပါတဲ့ မြို့နယ်ဆိုတော့ စစ်ခုံရုံးက စစ်တာ အမိန့်ချတာ မြန်တယ်။" 

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့နှစ်ဦးကို စက်တင်ဘာ ၁၄ ရက်က မြောက်ဒဂုံမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၃၃ (က) နဲ့  ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ စက်တင်ဘာ ၁၄ ရက်နေ့က ရုံးထုတ်ပြီး ၂၁ ရက်နေ့မှာ အမှုကိုစွဲချက်တင်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သင်ဇာဝင့်ကျော်က စွဲချက်တင်တုန်းဆိုတော့ တရားရုံးမှာစစ်ဆေးဦးမှာ၊ အမိန့်မချသေးဘူး၊ ကြာဦးမှာ။" 

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်မှာ စစ်ကောင်စီတပ်တွေက  ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ အမှုဖွင့်လှစ်ကာ အင်းစိန်းအကျဥ်းထောင်မှာ စစ်ဆေးခဲ့ပြီး ရုံးတင်တရားစွဲဆိုခဲ့တာပါ။

အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) မှာ ပြစ်မှုထင်ရှားပါက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

9 hours Ago

September 14, 2022

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ကို ရုံးထုတ်စစ်ဆေး

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေစံတို့ နှစ်ယောက်ကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက မရမ်းကုန်းနဲ့ မြောက်ဒဂုံမြို့နယ် တရားရုံးတွေမှာ ပုဒ်မ ၃၃(က) နဲ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ရုပ်ရှင်နဲ့ ဗီွဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ရုံးထုတ် ရမန်ယူခဲ့တယ်လို့ ရှေ့နေတယောက်က ပြောပါတယ်။

“သူရော နန်းမွေစံရော ရုံးထုတ်စစ်ဆေးတာ၊ နောက်အပတ်ရုံးချိန်းတွေမှာ အင်းစိန်ထောင်မှာပဲ စစ်မှာ၊ အခုက ရုံးတင်တရားစွဲတာ။”

အလားတူ မြောက်ဒဂုံမြို့နယ် တရားရုံးမှာလည်း ဒီကနေ့မနက်ပိုင်းက မော်ဒယ် နန်းမွေစံကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ရှေနေတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကြောရေးမှာ စစ်ပြီးလို့ ရုံးတင်တာဖြစ်မယ်။ ပြောရရင် ရမန်လာယူတာ။ ပြီးရင်တော့ အင်းစိန်ထောင်မှာပဲ စစ်မယ်ထင်တယ်။”

သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့နှစ်ယောက်ဟာ စစ်ကောင်စီဘက်က မရပ်တည်တာကြောင့် အခုလို အကွက်ချ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ အနုပညာရှင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဖော်ချွတ်တွေဖမ်းကြေးဆို လူမှုကွန်ရက်မှာ အများကြီး။ စစ်တပ်က သူတို့ကို ထောက်ခံအားပေးတာ မလုပ်လို့ ဖမ်းတာ သိသာတယ်။”

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ Sexy မော်ဒယ် နန်းမွေစံတို့ကို မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေယူ ဖြန့်ဝေခဲ့မှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူခဲ့ကာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ရုပ်သံရိုက်ကူးပြီး အပြန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရဖူးပါတယ်။

လတ်တလော စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) ဟာ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။

2 weeks Ago
Up