ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးပမ်းနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းနယ်မြေရှိ မြောက်ဦး နန်းရာကုန်းပတ်ဝန်းကျင်မှာ ဆောက်လုပ် ရောင်းချနေကြတဲ့ ဆိုင်တွေကို ဧပြီ ၂၀ ရက် နောက်ဆုံးထားဖယ်ရှားပေးဖို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) က ထုတ်ပြန်ထားပါတယ်။
မြောက်ဦး ရှေးဟောင်းဒေသကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် ကြိုးစားနေပြီး စက်တင်ဘာ၊ အောက်တိုဘာလလောက်မှာ ယူနက်စကိုက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးနိုင်တာကြောင့် မြင်ကွင်း မကွယ်စေဖို့ ဖယ်ရှားခိုင်းတာလို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က ပြောပါတယ်။
“ကျနော်တို့မှာ ယူနက်စကိုက တာဝန်ရှိသူတွေက စက်တင်ဘာ၊ အောက်တိုဘာ လလောက်မှာ ယူနက်စကို ဝင်နိုင်ရေးအတွက် လာရောက်စစ်ဆေးဖို့ရှိတယ်။ အဲဒီအခါ အခုဆောက်လုပ်ထားတဲ့ ဆိုင်တွေက မြင်ကွင်းပိတ်နေတာကြောင့် ဖယ်ရှားပေးဖို့ ညွှန်ကြားစာ ထုတ်ထားပါတယ်။ လောလောဆယ်တော့ သူတို့က မဖယ်ရှားသေးဘူး။ မိုးတွင်းကာလကုန်အထိ ရောင်းချခွင့်ပေးဖို့ စာတင်ထားကြပါတယ်။ ကျနော်တို့က အဲဒီကိစ္စအတွက် အထက်ကို တင်ပြသွားမှာ။”
မြောက်ဦး နန်းရာကုန်း ပတ်ဝန်းကျင်မှာ ထမင်းဆိုင်၊ အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ကွမ်းယာဆိုင် ၃၀ ဝန်းကျင် ရောင်းချနေကြပါတယ်။
လက်ရှိမှာ ဖယ်ရှားပေးဖို့ စာရောက်နေတာရှိပြီး မိုးတွင်းကာလပြီးထိ ရောင်းချခွင့်ပေးဖို့ မြောက်ဦးရှေးသုကို စာတင်ထားတယ်လို့ နန်းရာကုန်းအနီး အအေးဆိုင်ရောင်းချနေတဲ့ ဦးသိန်းချေက ပြောပါတယ်။
“ကျနော်တို့ဆီကို ဆိုင်တွေဖယ်ရှားပေးရမယ်ဆိုပြီး စာတော့ ရောက်နေပါတယ်။ ကျနော်တို့ကို ကြိုအသိပေးတာလည်း မရှိဘူး၊ အစည်းအဝေး ခေါ်တာလည်း မရှိဘူး။ ကျနော်တို့ ဆိုင်သယ်တွေကတော့ မိုးတွင်းကာလပြီးတဲ့အထိ ရောင်းချခွင့်ပေးဖို့ စာတင်ထားကြတယ်။”
မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီ တပ်ရင်းအမှတ် ၅၄၀၊ ၃၇၇၊ ၃၇၈ နဲ့ ရဲတပ်ရင်းတရင်း အပါအဝင် တခြားတပ်ဖြန့်နေရာယူထားတဲ့ နေရာ ၁၀ နေရာလောက်ရှိကာ နေရာတချို့မှာ ရှေးဟောင်းဘုရားပရိဝုဏ်အတွင်းဖြစ်ကြပြီး အဲဒီ တပ်စွဲထားတဲ့ နေရာတွေကို ဖယ်ရှားခိုင်းတာ မရှိတာကြောင့် ဒေသခံတွေက ဝေဖန်နေကြပါတယ်။
အဆိုပါ ဘုရားပရိဝုဏ်အတွင်း တပ်ဖြန့်ထားမှုတွေကို ဖယ်ရှားခိုင်းဖို့နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ တစုံတရာ မှတ်ချက်မပေးနိုင်ဘူးလို့ ဦးကြည်ခင်က ပြောပါတယ်။
မြောက်ဦးရှေးဟောင်းနယ်မြေကို ကမ္ဘာအမွေအနှစ်စာရင်း ယူနစ်စကို ဝင်နိုင်ဖို့အတွက်အဆိုပြုလွှာ မူချောကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကမ္ဘာ့အမွေအနှစ် ကော်မတီက ယူနက်စကို စာရင်းဝင်၊ မဝင် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။