ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မဈေးကြီးထဲမှာ ဇန်နဝါရီ ၄ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ဆက်ကြေးလာကောက်တဲ့ TNLA တအာင်းလက်နက်ကိုင်အဖွဲ့က ၂ ယောက် ပစ်သတ်ခံရတယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။
အပစ်ခံရတဲ့နေရာဟာ မန့်နောင်တန်းလို့ခေါ်တဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချတဲ့ ဈေးတန်းမှာဖြစ်ပြီး အပစ်ခံရသူ ၂ ဦးဟာ ဒီမတိုင်ခင်က ဆက်ကြေးလာကောက်ခဲ့တယ်လို့ နမ့်ခမ်းဈေးရောက် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ နှစ်ယောက်က မနေ့ တနေ့ကတည်းကလည်း ဆက်ကြေးလာကောက်သွားတယ်လို့ ကြားတယ်။ ဒီနေ့လည်းလာကောက်တယ်တဲ့။ မန့်နောင်တန်းနားရောက်တော့ အပစ်ခံရတယ်။ အဲတုန်းက ကျနော်ကပစ္စည်းဝယ်ပြီးပြန်လာတာ အိမ်ရောက်ခါနီးပြီ။ ဈေးထဲကသူငယ်ချင်းက ပစ္စည်းလာသိမ်းကူဦးဆိုပြီး ဖုံးဆက်တော့ ပြန်သွားတာ ရဲနဲ့ တာဝန်ရှိသူတွေရောက်နေပြီ။ ပြီးတော့ နာရေးကူညီမှုအသင်းက ကားနဲ့လာသယ်သွားတယ်။ ဈေးတော့မပိတ်သေးဘူး။ ဒါပေမဲ့ အကုန် ထိတ်လန့်ပြီး ပစ္စည်းသိမ်းကြ၊ ဆိုင်ပိတ်ကြနဲ့ ရှုပ်ယှက်ခတ်ကုန်တယ်။”
သူတို့ဘယ်လိုလုပ်ပြီးအပစ်ခံရတယ်ဆိုတာတော့ မသိရကြောင်း၊ ဈေးထဲရောက်နေသူတွေက သေနတ်သံ ၁၀ ချက်လောက်ကြားတယ်လို့ပြောပြီး အနီးကပ်တေ့ပစ်တယ်လို့ ယူဆကြောင်း၊ ဈေးထဲမှာလည်း လူစည်ကားနေတာကြောင့် အဝေးကနေပစ်ရင် တခြားသူတွေပါထိ မှန်နိုင်တယ်လို့ နမ့်ခမ်းဒေသခံကပြောပါတယ်။
သေဆုံးသူတွေကို နမ့်ခမ်းဆေးရုံက ဆေးစစ်ဆေးပြီး နာရေးကူညီမှုအဖွဲ့က သင်္ချိုင်းကုန်းကိုသယ်ဆောင်ကာ မီးသင်္ဂြိုလ်ဖို့ပြင်နေချိန် TNLA လက်နက်ကိုင်အဖွဲ့ကလူ တွေရောက်လာပြီး နာကူအဖွဲ့ကို သေနတ်နဲ့ချိန်ကာ အလောင်း ၂ လောင်းလုံး ပြန်လုသွားတယ်လို့ နောက်ထပ်နမ့်ခမ်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။
သေနတ်ပစ်ခံရသူနဲ့ အလောင်းပြန်လုသွားသူတွေဟာ TNLA အဖွဲ့ဝင်တွေဟုတ်မဟုတ် အတည်ပြုဖို့အတွက် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူတွေကို ဒီဗွီဘီကဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး ၊ သူတို့ပြန်ကြားရေးဌာနကတော့ မသိရကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်သာဖြေခွင့်ရှိ ကြောင်း ပြောပါတယ်။
အဆိုပါဈေးကြီးဟာ ဆိုင်ခန်းပေါင်း ၂၀၀၀ လောက်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက PSLF/TNLA အဖွဲ့က အဖွဲ့အစည်းရံပုံငွေအတွက်လို့ဆိုကာ ဆက်ကြေးတွေကျပ်သိန်းနဲ့ချီ ကောက်ခံနေတာကြောင့် ဈေးသူဈေးသားတွေက ၅ ရက်တာ ဈေးပိတ်ပြီးဆန္ဒပြခဲ့ကြပါတယ်။
PSLA/TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ သူတို့ဟာ TNLA တပ်စဖွဲ့ကတည်းက လှုပ်ရှားနယ်မြေတွေမှာ အခွန်ကောက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလမှာ ပြည်သူတွေအခက်အခဲကိုနားလည်လို့ အခွန်အခလျော့ပေးတာတွေရှိကြောင်း၊ နှစ်နဲ့ချီ အခွန်ကောက်လာပြီး ခုမှဆန္ဒပြခံရတာတော့ သွေးထိုးသူတွေရဲ့ပယောဂကြောင့်သာ ဖြစ်ပြီး ဆန္ဒပြခံ ရပေမဲ့ အခွန်ကတော့ ဆက်ကောက်သွားမယ်လို့ ဒီဗွီဘီကို အရင်လက ပြောထားပါတယ်။
အခုလို သူတို့တပ်ဖွဲ့ဝင်တွေအပစ်ခံရတာကြောင့် ဈေးထဲလာပြီးဒုက္ခပေးမှာကိုလည်း ကြောက်ရွံ့နေကြတယ်လို့ နမ့်ခမ်းမြို့ခံက ပြောပါတယ်။
Photo- CJ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မဈေးကြီးထဲမှာ PSLA/TNLA တပ်ဖွဲ့က ဈေးဆိုင်တွေကို အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြိမ်းခြောက်နေတဲ့အပေါ် ဈေးသူ ဈေးသားတွေဟာ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်တိုင် ဆိုင်ခန်းတွေပိတ်ထားပြီး ကန့်ကွက်ဆန္ဒပြနေကြပါတယ်။
နမ့်ခမ်းဈေးသူဈေးသားတွေဟာ နိုင်ငံရေးကြောင့်ရော၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်ပါ ဈေးမရောင်းရလို့ အခက်အခဲဖြစ်နေရတဲ့အထဲ PSLA/TNLA တပ်ဖွဲ့က အခွန်လို့ပြောပြီး ဆက်ကြေးတွေ မတရားကောက်နေလို့ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က နမ့်ခမ်းဘုန်းကြီးကျောင်းဝင်း တစ်ခုမှာအစည်းအဝေးလုပ်ပြီး ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့တာလို့ ဈေးသည် တယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ဈေးသည်တွေက ဘာမှပြဿနာမရှိချင်လို့ အရင်ကလည်း သူတို့ပိုက်ဆံလာ တောင်းတိုင်း ပေးခဲ့ပါတယ်။ ဒီနှစ်က တကယ်ခက်ခဲနေတာ၊ အရင်က တနှစ်မှ တခါလာကောက်တယ်၊ ဒီနှစ် ခဏခဏ လာတယ်။ ၁၀ ရက်နေ့က စစ်အာဏာရှင်ကို ဆန္ဒပြတဲ့အနေနဲ့ ဈေးပိတ်တယ်၊ ၁၁ ရက်နေ့မှာ ဈေးပြန်ဖွင့်တယ်။ ပလောင်စစ်သား နှစ်ယောက် ဈေးထဲလာပြီး ခင်ဗျားတို့ကို လိပ်စာကတ်ပေးထားတာ ဘာလို့မဆက်သွယ်လဲဆိုပြီး လာပြောသေးတယ်၊ အခွန်နည်းနည်းလျှော့ပေးပါလို့ ပြောတာကို မလျှော့နိုင်ဘူး၊ ပိုတောင်တောင်းဦးမယ်တဲ့။ အဲဒါကြောင့် ဈေးသည်တွေတိုင်ပင်ပြီး ဆိုင်ပိတ်ပြီး ဆန္ဒပြမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး PSLA/TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ သူတို့ဟာ TNLA တပ်စဖွဲ့ကတည်းက လှုပ်ရှားနယ်မြေတွေမှာ အခွန်ကောက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလမှာ ပြည်သူတွေအခက်အခဲကိုနားလည်လို့ အခွန်အခလျော့ပေးတာတွေရှိကြောင်း၊ နှစ်နဲ့ချီ အခွန်ကောက်လာပြီး ခုမှဆန္ဒပြခံရတာတော့ သွေးထိုးသူတွေရဲ့ပယောဂကြောင့်သာ ဖြစ်ပြီး ဆန္ဒပြခံ ရပေမဲ့ အခွန်ကတော့ ဆက်ကောက်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က အဖွဲ့စတည်ထောင်ကတည်းက လှုပ်ရှားနယ်မြေတိုင်းမှာ အခွန်ကောက်ပါ တယ်။ တနှစ်မှ တခါပဲ ကောက်တယ်၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေကို ဦးတည်ကောက် တယ်။ လမ်းဘေးဈေးသည်တွေ မကောက်ပါဘူး၊ ကောက်ရင်လည်း သူတို့တတ်နိုင်လောက်တဲ့ ပမာဏပဲ ကောက်တာပါ၊ ကိုဗစ်-၁၉ ကာလမှာလည်း အခွန်လျှော့တောင်းဖို့ ပြောထားတယ်။ ဘယ်လောက်လျှော့လဲတော့ မသိဘူး။ အခွန်ကောက်တဲ့ဘက်ကဘဲ သိမယ်၊ ကျနော်တို့ ကောက်နေတာ ကြာပြီ၊ အခုမှဆန္ဒပြတာတွေ ဘာတွေဖြစ်လာတာကတော့ သွေးထိုးလှုံ့ဆော်ခံရတဲ့ ပယောဂတွေကြောင့်ပဲလို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အခွန်ဥပဒေ အတိုင်း ဆက်လုပ်သွားမှာပဲ”
အခွန်မဆောင်တဲ့သူတွေပေါ်ခြိမ်းခြောက်တာတွေတော့ မရှိကြောင်း၊ ပထမပိုင်းမှာ သတိပေး စာထုတ်ပြီး လိုက်နာမှုမရှိရင်တော့ နန်းမိုဟွမ်လို ဖမ်းဆီးထိန်းသိမ်းတာတွေရှိတယ်လို့ TNLA က ပြောသွားပါတယ်။
နမ့်ခမ်းဈေးသည်တွေကတော့ ဆိုင်ခန်း ၁ ခန်းကို ၃ သိန်းအထက်၊ ရွှေဆိုင် ၁ ဆိုင် ၁၅ သိန်း၊ ကုန်စုံဆိုင်ကြီးတွေ သိန်း ၃၀ အထက်ပေးရတာ တတ်နိုင်တဲ့ပမာဏ မဟုတ်ကြောင်း၊ ဈေးလျှော့ပေးတယ်ဆိုတာ လူကိုယ်တိုင်သွားဆစ်မှရတာဖြစ်ပြီး ပြောရဲဆိုရဲ ဆစ်ရဲသူတွေသာ ရကြောင်း၊ အခွန်မပေးလို့ အဖမ်းခံရသူတွေဟာ နန်းမိုဟွမ် တယောက်တည်းမဟုတ်ဘဲ လူမသိ သူမသိ အဖမ်းခံရတာ မကြာခဏဖြစ်ပြီး အဖွဲ့အစည်းတွေက လိုက်ပြောပေးရင် မူးယစ်ဆေး ရောင်းဝယ်မှုသံသယနဲ့ လူမှားဖမ်းမိတာပါ ဆိုပြီး ပြန်လွှတ်ပေးတာလည်း ရှိတယ်လို့ ပြောပါတယ်။
နမ့်ခမ်းမြို့မဈေးကြီးဟာ မြို့လယ်ကောင် ကောင်းနောင်မိုရပ်ကွက်ထဲမှာ တည်ရှိပြီး ဆိုင်ခန်း ပေါင်း ၁၀၀၀ ကျော် ၂၀၀၀ နီးပါးရှိပါတယ်။
အခုလို လက်နက်ကိုင်အဖွဲ့က အခွန်ကောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်နဲ့ ရဲတပ်ဖွဲ့တွေဘက်က တစုံတရာ တုံ့ပြန်ထုတ်ပြန်တာတွေ မရှိကြောင်း၊ ဒါဟာ တရားဥပဒေစိုးမိုးမှု မရှိတာကို ပြနေတာဘဲလို့ နမ့်ခမ်း ဒေသခံက ပြောပါတယ်။