ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ စခန်းသစ်သွားလမ်း၊ ဟိုနောင်ရပ်ကွက်မှာ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်လောက်က စစ်ကောင်စီတပ်ဖွဲ့ အရာရှိအချို့ လိုက်ပါလာတဲ့ ကားထဲ ဗုံးပစ်ထည့်ခံရပြီး ၃ ဦး၊ ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုသူ မျက်မြင်တဦးက "မျက်နှာချင်းဆိုင် ကားမောင်းလာပြီး ဗုံးဗစ်ထည့်သွားတာ" လို့ ပြောပါတယ်။
ဒီဗွီဘီက ရရှိတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဗုံးပစ်ခံရတဲ့ကား မီးလောင်သွားပြီး လူတဦး ခြေတောက်ပြတ်ဒဏ်ရာရရှိထားတာ တွေ့ရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ၂ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ပြင်းထန်ဒဏ်ရာရတဲ့ ၂ ဦးထဲက ခြေထောက်ပြတ်သွားတဲ့ ဆရာဝန် ၁ ဦးက ဆေးရုံမှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ဗိုလ်ကြီး ၃ ယောက် နဲ့ ဗိုလ်မှူး ၁ ယောက်။ ပစ္စည်းလာဝယ်တာ။ အဲဒီ စခန်းသစ်ထဲက မောင်းလာတဲ့ကားပဲလေ။ အဲနားရောက်မှ ပေါက်ကွဲသွားတာ။"
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကားအောက်မှာ ရီမုတ်ဗုံး ပါလာတယ် ယူဆရတယ်လို့ သူကဆိုပါတယ်။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် နမ့်ခမ်းမြို့အတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေး ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနယ်မြေမှာတော့ စစ်တပ်၊ စစ်တပ်လက်ပအာက်ခံ ပြည်သူ့စစ်အဖွဲ့များ၊ TNLA, KIA, SSPP, PDF တို့ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် မကြာခဏ ပေါက်ကွဲမှု ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာရှိတဲ့ မူးယစ်ဆေးဝါး လက်လီရောင်းဝယ်သုံးစွဲနေတဲ့နေရာတခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အခုရက်ပိုင်းအတွင်း ဝင်ရောက် ရှင်းလင်းခဲ့ပါတယ်။
နမ့်ခမ်းမြို့နားက လယ်ကွင်းပြင်မှာ တဲအိမ်ငယ်တွေကို တောင်ပေါ်စျေးလို စီတန်းဆောက်လုပ်ပြီး မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေတဲ့ နေရာတခုကို ဇူလိုင်လကုန်ပိုင်းကနေ သြဂုတ် ၅ ရက်အထိ TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်ရှင်းလင်းရာမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းဝယ်သူ တယောက်နဲ့ သုံးစွဲသူ ၁၁၆ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးရောင်းချသုံးစွဲတဲ့နေရာဟာ စစ်ကောင်စီတပ် လက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အဲ့ဒီနေရာဟာ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခဲ့တဲ့နော တခုဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့လည်း လာရောက်သုံးစွဲတာတွေကို တွေ့မြင်နေရတယ်လို့ မျက်မြင်မြို့ခံတွေက ဆိုပါတယ်။