ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ ဒီဇင်ဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်သွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက ငြိမ်သွားတော့ အပျက်အစီးများတဲ့ ကုန်းသာရွာကလွဲရင် ကျန်တဲ့ရွာတွေ အကုန်နေရပ်ပြန်သွားကြပြီ။ နမ့်ဆန်မြို့ခံတွေကလည်း စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်” လို့ နမ့်ဆန်မြို့ခံတဦးက ပြောပါတယ်။
တအာင်း(ပလောင်)ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာဘက်ကို ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ပြီး လေကြောင်းကပါ တိုက်ခိုက်လာတာကြောင့် TNLA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
တိုက်ပွဲတွေကြောင့် ကုန်းသာ၊ မန်လုံ၊ ဟူးမန်း၊ ပိန်းလုံ၊ ပန်အလောတ်၊ တာလတ်ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး နမ့်ဆန်မြို့ဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြပြီဆိုပေမယ့် တိုက်ပွဲအတွင်း အပျက်အစီးများခဲ့တဲ့ ကုန်သာကျေးရွာက ပြည်သူတွေ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
“ကုန်းသာရွာက ဘုန်းကြီးကျောင်းကော၊ စာသင်ကျောင်းကော လူနေအိမ်တွေကို အားလုံးနီးပါး ကျည်ထိမှန်ပျက်စီးတာတွေရှိတယ်။ လုံး၀ မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေလည်းရှိသလို အိမ်တိုင်းလိုလိုလည်း ကျည်ထိထားတာတွေရှိတယ်။ ဒီတော့ အဲ့ဒီရွာက ပြည်သူတွေကတော့ နမ့်ဆန်မှာပဲ ဆက်နေနေသေးတယ်။ နေအိမ်တွေ ဘာတွေပြင်ပြီးမှ ပြန်ကြမယ်ပြောတယ်။ အားလုံးကလည်း ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းကူညီနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့တဲ့ ကုန်းသာရွာကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်ဖို့ ပြည်တွင်း ပြည်ပ တအာင်း(ပလောင်) လူမျိုးစုတွေအပြင် အခြားသော ပြည်သူတွေကလည်း ထောက်ပံ့ငွေတွေ ထည့်ဝင်လှူဒါန်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကုန်းသာဘုန်းကြီးကျောင်းနဲ့ လူနေအိမ်ခြေ ၅၀ ကျော် ပျက်စီးခဲ့ရပါတယ်။
ဒီဇင်ဘာ ၇ ရက် ပထမအကြိမ် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကုန်းသာရွာဦးဘုန်းကြီးကျောင်းကိုရွာသားတွေက ဒီဇင်ဘာ ၁၂ ရက်မှာ သန့်ရှင်းရေးသွားလုပ်စဉ် နောက်ထပ်ဗုံးကြဲခံရပြီး ရွာသား ၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ညီအစ်ကို နှစ်ယောက်လုံး ဆုံးရှုံးခဲ့ရတဲ့ ဟူးမန်းရွာသား ဦးချစ်မောင်က ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးထိပြီးသေဆုံးသွားတဲ့ နှစ်ယောက်လုံးက ကျနော့်အစ်ကိုနဲ့ ကျနော့်ညီတွေပါဗျာ။ အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ ဟူးမန်းရွာသား ၁၀ ယောက်ကျော် သန့်ရှင်းရေးသွားလုပ်ကြတယ်။ မနက် ၉ နာရီခွဲ လောက်မှာ လေယာဉ်ပျံလာပြီး ဗုံးကြဲသွားတာ။ ကျနော့်အစ်ကို ဦးကျော်လှက လည်ပင်းမှာဒဏ်ရာရပြီး အဲဒီမှာပွဲချင်းပြီးပဲ။ ညီလေးအိုက်အောင်က နောက်စေ့မှာဒဏ်ရာရတယ်။ သူ့ကို မြို့သစ်ရွာ တိုက်နယ်ဆေးရုံပို့ပေးပြီး ၁၃ ရက်မနက် ၆ နာရီကျော်မှာ ဆုံးသွားတယ်ခင်ဗျာ။”
နောက်ထပ်ရွာသား နှစ်ယောက်ဖြစ်တဲ့ ဦးလှချစ်နဲ့ ဦးအုန်းမောင်တို့တလည်း ခြေသလုံး ၊ ပေါင်နဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရခဲ့လို့ နမ့်ဆန်မှာသွားရောက် ဆေးကုသမှုခံယူနေရပါတယ်။
ဒီဇင်ဘာ ၇ ရက်တိုက်ပွဲကြောင့် တောင်ယာထဲမှာအလုပ်သွားလုပ်နေတဲ့ ကုန်းသာရွာသားတွေဟာ အိမ်ကိုမပြန်ရဲတော့ဘဲ တောထဲမှာ ပုန်းရှောင်နေခဲ့ကြောင်း သက်ကြီးရွယ်အို လူကြီးကလေးတွေပါ အယောက် ၄၀ ကျော်ရှိပြီး တောထဲမှာ အငတ်ငတ်အပြတ်ပြတ်နေခဲ့ရာမှာ သေနတ်သံတွေငြိမ်သွားမှ မနေ့ကမှ ရွာကို ပြန်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ရွာကိုပြန်ရောက်ချိန်မှာ သူတို့အိမ်တွေ မီးရှို့ခံရ ၊ ဖျက်ဆီးခံရလို့ နေစရာမရှိတော့ဘဲ နမ့်ဆန် ဇယန်းကြီးဟိုနမ့်ကျောင်းတိုက်မှာလာပြီးခိုလှုံဖို့အကြောင်းကြားထားတယ်လို့ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား ဒီဇင်ဘာ ၇ ရက်မှ ၁၂ ရက်ထိဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် ကုန်းသာ၊ ဟူးမန်း၊ မန့်လုံ၊ ဗြိန်းလုံ၊ တာလဲ့ အစရှိတဲ့ကျေးရွာတွေက ပြည်သူ ၂၀၀၀ နီးပါး စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ခုရက်ပိုင်းတွင်း တိုက်ပွဲငြိမ်သက်နေတာကြောင့် ရွာသား ၅၀၀ လောက်က နေအိမ်တွေနဲ့ အလုပ်အကိုင်တွေကို စိတ်မချလို့ပြန်သွားကြပြီး ဇယန်းကြီးကျောင်းတိုက်မှာ နောက်ထပ် ၇၀၀ ကျော် ကျန်သေးတယ်လို စစ်ဘေးရှောင်ကူညီနေတဲ့ သံဃာတစ်ပါးက ဒီဗွီဘီကို မိန့်ကြားသွားပါတယ်။