close

နမ္မတီးမြို့

close

November 30, 2022

နမ္မတီးမြို့တွင် နေအိမ် ၂ လုံးမီးလောင်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက နေအိမ်နှစ်လုံး မီးလောင်ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

မြို့မ ရွှေဝါရပ်ကွက်မှာ လျှပ်စစ်အိုးတည်ထားရာက လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး နှစ်ထပ်တိုက် အိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကာ အိမ်ရှင်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူတဦးက “လျှပ်စစ်အိုးအနားမှာ လူမရှိဘဲ တည်ထားခဲ့တာ။ မီးလောင်နေလို့ အခန်းတံခါးဖွင့်လိုက်တာ မီးဟပ်ပြီး အိမ်ရှင်ရဲ့ ကျောကုန်းနဲ့ ဆံပင်မှာ မီးလောင်ဒဏ်ရာ ရသွားတယ်။ နောက်ပြီး အသက် ၇၀ ကျော်လောက်ရှိတဲ့ အဘွားတဦးလည်း မီးခိုးမွှန်ပြီး မူးလဲသွားတယ်။ နေအိမ်နှစ်လုံး မီးလောင်သွားတယ်။ ဒဏ်ရာရရှိသူတွေကို နမ္မတီးမြို့နယ်က လူမှုကူညီရေးကားတွေနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်” လို့ ပြောပါတယ်။

နမ္မတီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နေအိမ်တလုံး မီးလောင်မှုဖြစ်ပွားပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဓာတ်ပုံ - လူမှုကူညီရေးအသင်း

2 mins Ago

August 25, 2021

နမ္မတီးမြို့ ကဆုန့် စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး စတင်တွေ့ရှိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ လမ်ဘရော့ယန် (လမ်းခွ) ကျေးရွာရှိ ကဆုန့် စစ်ရှောင်စခန်းမှာ ဩဂုတ် ၂၃ ရက်နေ့က စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ပထမဆုံးစတင် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းအား လွန်ခဲ့တဲ့ ၁လ ကျော်ခန့်က စတင်ပြီး အသွားအလာ ကန့်သတ်ခဲ့ကာ အခုအခါ နေမကောင်းသူရှိလာကြောင့် ၂၅ ဦးကို စစ်ဆေးကြည့်ရာ အမျိုးသမီး ၆ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိတာလို့ စစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။

"စစ်ရှောင်စခန်းမှာ ပထမဆုံးစတွေ့တာပဲ ကိုဗစ် လက္ခဏာ ပြလို့စစ်တာ၊  အသက် ၂၀ ကနေ  ၄၀ နှစ်အတွင်းသူတွေပါတယ်။ အဲ့ဒီအထဲမှာ ကိုယ်ဝန်ဆောင်နဲ့ နို့စို့အရွယ်ကလေးလည်းပါဝင်တယ်။" 

ကိုဗစ်-၁၉ စတင်တွေ့ရှိခဲ့တဲ့ စစ်ရှောင်စခန်းမှာ အသွားအလာ ကန့်သတ်ထားတာကြောင့် အစားအသောက် ဆေးဝါးတွေ ခက်ခဲနေပြီး ကိုဗစ်ပိုးတွေ့ရှိသူတွေကိုတော့ နမ္မတီးဆေးရုံမှာ သီးသန့်ထား စောင့်ကြည့်ကုသပေးနေပါတယ်။

ဩဂုတ် ၂၄ ရက်နေ့ကတော့ စစ်ရှောင်စခန်းအတွင်း ထပ်မံစစ်ဆေးတာ မလုပ်ဖြစ်ဘူးလို့ တာဝန်ခံက ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၀၀ ကျော်နဲ့ လူဦးရေ ၈ဝဝ ကျော် နေထိုင်ကြပြီး  ကိုဗစ်ကာလ အသွားအလာ ကန့်သတ်ထားတဲ့အတွက် အစားအသောက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

1 year Ago
Up