ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္တုတူးဖော်ရေးနယ်မြေအတွင်းမှာ အခြေချနေထိုင်ပြီး မူးယစ်းဆေးဝါးသုံးစွဲနေကြသူ ခန့်မှန်းခြေ ၁၆ ယောက်ကို လက်နက်ကိုင်လူတစုက အောက်ဘိုဘာ ၁၇ ရက် ညနေပိုင်းက ဝင်ရောက်ဖမ်းဆီးပြီး ကားနဲ့ တင်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကထံကသိရပါတယ်။
“ဘယ်အဖွဲ့ကလည်းတော့ မသိဘူး။ လက်နက်တွေနဲ့ လာဖမ်းပြီး ကားပေါ်တင်သွားတယ်။ ဆေးသမား အားလုံး ၁၆ ယောက်လို့တော့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နမ္မတူမြို့မှာ နေ့စဥ် မူးယစ်းဆေးဝါးသုံးစွဲသူ ၂၀၀ ကျော်ရှိနေပြီး ဘောတွင်းဒေသမှာတော့ ရာဂဏန်းနီးပါး ရှိနေပါတယ်။
နမ္မတူမြို့ဒေသခံတဦးက “မူးယစ်းဆေးဝါးက နမ္မတူကော ဘော်တွင်းမှာပါ အခြေအနေဆိုးနေပြီ။ အခုလို ဝင်ဖမ်းသွားတာကို ကျေးဇူးတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့ကမှန်းမသိရဘဲ လက်နက်တွေနဲ့ လာဖမ်းသွားတယ်ဆိုတော့ ကျနော်တို့နေရာကို အချိန်မရွေး ဝင်ထွက်လာနိုင်လို့ ပြည်သူလူထုလုံခြုံရေးအတွက်တော့ စိုးရိမ်မိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာလည်း ဘော်တွင်းကျေးရွာအုပ်ချုပ်ရေးတဦးကို နမ္မတူ-ဘော်တွင်း သွားလမ်းမှာ လက်နက်ကိုင်တစုက ဖမ်းဆီးသွားတာ အခုထိ အဆက်အသွယ်မရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“ပြီးခဲ့တဲ့နှစ်က ဘော်တွင်းအုပ်ကြီး ဘော်တွင်းကနေ နမ္မတူမြို့ကိုသွားတာ လမ်းမှာ လက်နက်ကိုင်တစုက ဖမ်းခေါ်သွားတာ။ အခုထိ အဆက်အသွယ်မရတော့ဘူး၊ သေသလား၊ ရှင်သလား မသိတော့ဘူး”လို့ ဆိုပါတယ်။
ဘော်တွင်းသတ္တုတွင်းနယ်မြေမှာ စစ်ကောင်စီရဲ့ အခြေချစခန်းရှိပြီး လက်အောက်ခံ ရဲတပ်ဖွဲ့စခန်းတခုလည်း ရှိပါတယ်။ နမ္မတူမြို့နဲ့ ဘော်တွင်းသတ္တုတူးဖော်နယ်မြေကြားမှာရှိတဲ့ ဆင်လီရွာကို စစ်ကောင်စီတပ်က စတင်စစ်ကြောင်းထိုးတဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ရဲစခန်းကို ရုပ်သိမ်းသွားပါတယ်။
“ဘော်တွင်းအဝင်ထိပ် တောင်ကုန်းမှာ စစ်တပ်ထိုင်တာတယ်။ ရဲစခန်းလည်း ဘော်တွင်းမှာရှိတယ်။ ဆင်လီရွာဘက် တိုက်ပွဲဖြစ်တော့ ရဲစခန်းက ရဲတွေအကုန်လုံး နမ္မတူဘက် ပြေးသွားကြတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်လူတစုက ဆေးသုံးတဲ့သူတွေကို ဝင်ဖမ်းသွားတာပဲ။ ရဲနဲ့ စစ်တပ်က မဖမ်းလို့ သူတို့ လာဖမ်းသွားတာဖြစ်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘော်တွင်းသတ္တုတွင်းနယ်မြေက မူးယစ်ဆေးသုံးစွဲသူတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ဖမ်းဆီးသွားတယ်ဆိုတာကို အတည်ပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်ပါတယ်။
နမ္မတူမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်(TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ အခြေချလှုပ်ရှားနေပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ထဲမှာ ကျောင်းဆရာမ ၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားတာတွေ့ရှိရပြီး သူတို့နဲ့ ထိစပ်တဲ့ ပညာရေးဝန်ထမ်း၊ ကျောင်းသား ကျောင်းသူတွေနဲ့ မိဘတွေအားလုံး အသွားအလာကန့်သတ်နေနေရပါတယ်။
အဆိုပါဆရာမတွေဟာ မြေပြန့်ဒေသကနေ နမ္မတူမြို့နယ် ကျေးရွာမူလတန်းကျောင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာကာ လောလောဆယ် နယ်မြေမအေးချမ်းတာကြောင့် နမ္မတူ အလက (၂) ကျောင်းမှာ တာဝန်ထမ်းဆောင်နေကြတာပါ။
ဆရာမတွေဟာ အနံ့မရလို့ နမ္မတူဆေးရုံမှာ ဆေးစစ်ရာက ဇွန်လ ၁၆ ရက်နေ့မှာ ပိုးတွေ့ကြောင်းအဖြေထွက်တာလို့ ကိုဗစ်-၁၉ အရေးကူညီဆောင်ရွက်ပေးနေတဲ့ နမ္မတူမေတ္တာရှင်လူမှုကူညီရေးအသင်းမှ ကိုချစ်မွှေးက ဒီဗွီဘီကို ပြောပါတယ်။
“ဆရာမတွေက မြေပြန့် မိတ္ထီလာ၊ ပခုက္ကူကနေ လားရှိုး၊ လားရှိုးကနေ နမ္မတူ အဲလို ဆင့်ကဲဆင့်ကဲကားစီးပြီးရောက်လာတာ၊ ရွာမှာ အခြေအနေအရ ကျောင်းတွေမဖွင့်နိုင်သေးတော့ အလက ၂ မှာယာယီတွဲဘက်ထားထားတယ်၊ ဆရာမတွေက အနံ့မရလို့ဆိုပြီး ၅ ယောက်ကို ဆေးစစ်လိုက်တာမှာ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ၃ ယောက် ပိုးတွေ့တယ်လို့ အဖြေထွက်တယ်ခင်ဗျ၊ နမ္မတူဆေးရုံမှာဘဲ မြို့နယ်ဆရာဝန်ကြီးကစစ်ပေးတာပါခင်ဗျ၊ ၂ ယောက်မှာ ၁ ယောက်က ကိုဗစ်ကာကွယ်ဆေးထိုးထားတယ်၊ ၁ ယောက်က မထိုးထားဘူး၊ ကျန်းမာရေးအခြေအနေ ကတော့ ကောင်းပါတယ်၊ လူကောင်းပုံစံအတိုင်းဘဲ၊ ဘာလက္ခဏာမှမပြသေးပါဘူး”။
ပိုးတွေ့တဲ့ ဆရာမတွေနဲ့ နီးစပ်ထိတွေ့မှုရှိခဲ့တဲ့ အလက ၂ က ဆရာဆရာမတွေ၊ ကျောင်းထဲက တခြားဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူ ၃၃ ယောက်နဲ့ မိဘအုပ်ထိန်းသူတွေကို နေအိမ်မှာ ကွာရန်တင်းလုပ်ပြီး အသွားအလာကန့်သတ်ထားတယ်လို့ သူကဆက်ပြောပါတယ်။
နမ္မတူမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈ ယောက်ရှိခဲ့ပြီး နမ္မတူဆေးရုံကြီးမှာဘဲ ကုသပျောက်ကင်းလို့ ဆေးရုံဆင်းကုန်ပြီလို့ ဆိုပါတယ်။