ကချင်ပြည်နယ်၊ နန်းမားမြို့မှာ စက်တင်ဘာ ၈ ရက် ညနေပိုင်းက လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အား အလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လျှပ်စစ်အင်ဂျင်နီယာရုံးမှာ မီးကြိုးပြင်ဆင်သူ ကိုကျော်ကျာ်နဲ့ ကိုအောင်ဆန်းဝင်းတို့ နှစ်ဦးဖြစ်တယ်လို့ လျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"ကျော်ကျော်နဲ့ အောင်ဆန်းဝင်းဆိုပြီး နာမည်အတိအကျနဲ့လာရှတာ ။ စစ်ကားသုံးစီးနဲ့ အင်အားအတော်များများ သုံးပြီးလာဖမ်းသွားတယ်" လို့ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးဟာ လျှပ်စစ်ရုံးဝန်းအတွင်း နေထိုင်ကြသူတွေဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ် လက်ရှိ သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထိမ်းသိမ်းထားတယ်ဆိုတာ မသိရှိရသေးပါဘူး။
နန်းမားမြို့နယ်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညှင်း လူမှုကူညီရေးအသင်း က ဒေါ်ခင်မာလင်း အပါအဝင် ပြည်သူ ၇ နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ်းမားမြို့ ညောင်ပင်သာရွာမှာ စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်သုံးဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးခဲ့ပါတယ်။
ညောင်ပင်သာကျေးရွာရှိ မြင့်မြတ်စေတနာဆီဆိုင်အနီးမှာ အမည်မသိအဖွဲ့က ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တဲ့အတွက် နမ်းမား ပြည်သူ့စစ်ခေါင်းဆောင် ချစ်ကိုနဲ့ ပြည့်သူ့စစ်အဖွဲ့ဝင် ထွန်းထွန်းတို့ သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ပြည်သူ့စစ်ခေါင်းဆောင် ချစ်ကိုက ဗိုက်ကို မှန်တယ်။ သူက အရင်က စစ်မှုထမ်းဟောင်းပဲ။ ထွန်းထွန်းလည်း ထိတယ်။ နှစ်ယောက်စလုံးသေတယ်။ စိုးလွင်က ဒဏ်ရာရတယ်။ သူတို့ ဘက်ကလည်း ပြန်ပစ်တယ်။ နှစ်ဘက်စလုံး ပစ်ကြတာပဲ။"
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူ တစ်ဦးတို့ကို မိုးညှင်းပြည်သူ့ဆးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
နမ်းမားမြို့မှာ ဇွန် ၁ ရက် မနက်ပိုင်းကလည်း အုပ်ချုပ်ရေးမှူးဟောင်း နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်တဲ့ ဦးအေးမင်း သေနတ်နဲ့ ပစ်သတ် ခံခဲ့ရပါတယ်။