close

နယူးမက္ကဆီကိုပြည်နယ်

close

January 18, 2023

နယူးမက္ကဆီကိုပြည်နယ် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ၁ ဦး ပစ်ခတ်မှုဖြင့် ဖမ်းဆီးခံရ

အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း နယူးမက္ကဆီကိုပြည်နယ်က အောက်လွှတ်တော်ရွေးကောက်ပွဲ နှစ်ကြိမ်ရှုံးထားတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဆောလမွန်ပန်ညာကို ဇန်နဝါရီ ၁၆ ရက်မှာ ဖမ်းဆီးလိုက်ပြီး ပြည်နယ်ရွေးကောက်ခံအရာရှိ ၄ ယောက်ရဲ့ နေအိမ်တွေကို လတ်တလော ပစ်ခတ်မှုတွေမှာ စီစဉ်ကြိုးကိုင်မှုနဲ့ စွပ်စွဲထားကြောင်း အယ်လ်ဘတ်ကာကီ ရဲဌာနက ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် ဆောလမွန်ပန်ညာဟာ ဒီမိုကရက်တွေဖြစ်တဲ့ ခရိုင်ကော်မရှင်နာ ၂ ဦးနဲ့ ပြည်နယ်ဥပဒေပြု လွှတ်တော်အမတ် ၂ ဦးတို့ကို သူတို့ရဲ့နေအိမ်တွေမှာ ပစ်သတ်လိုက်ဖို့ တခြားလူ ၄ ယောက်ကို အခကြေးငွေပေးပြီး ပူးပေါင်းကြံစည်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တချို့သေနတ်ပစ်ချက်တွေကို ပန်ညာက ပစ်ခတ်ခဲ့ကြောင်း အထောက်အထားတွေ ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။

ပန်ညာဟာ နိုဝင်ဘာလတုန်းက ပြည်နယ် အောက်လွှတ်တော်အတွက် မဲ ၇၃ ရာခိုင်နှုန်းကျော် ရရှိထားတဲ့ လက်ရှိ ဒီမိုကရက်အမတ်ကို ရှုံးနိမ့်ခဲ့တာပါ။

သူဟာ  နိုဝင်ဘာ ၁၅ ရက်က “Make America Great Again” စာတန်းပါ အင်္ကျီကို ဝတ်ထားပြီး “Trump 2024” အလံနဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်လိုပဲ သူလည်း ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံကြောင်း မက်ဆေ့ချ်တွေကို တွစ်တာမှာ သူကိုယ်တိုင် ဓာတ်ပုံတင်ထားခဲ့ပါတယ်။

ဒီပစ်ခတ်မှုတွေမှာ နောက်ထပ်လူတွေကို စွဲချက်တင်သွားမှာဖြစ်ပြီး သံသယရှိသူတချို့ကို ဖမ်းဆီးထားကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်က ခရိုင်ကော်မရှင်နာတဦးရဲ့ နေအိမ်ကို သေနတ်နဲ့ ၈ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၁ ရက်မှာတော့ တခြားကော်မရှင်နာရဲ့ နေအိမ်ကို ကျည်ဆန် ၁၂ ချက်ကျော်လောက် ထိမှန်ခဲ့ကြောင်း အယ်လ်ဘတ်ကာကီဂျာနယ်က ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၃ ရက်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးရဲ့ နေအိမ်ကို ပစ်ခတ်ခဲ့ရာမှာ သူ့ရဲ့ ၁၀ နှစ်အရွယ် သမီးငယ်လေးရဲ့ အိပ်ခန်းကိုဖြတ်ပြီး ကျည် ၃ တောင့် ဝင်သွားကြောင်းလည်း ဖော်ပြထားပါတယ်။

4 mins Ago

October 8, 2019

နယူးမက္ကဆီကိုပြည်နယ်တွင် ရောင်စုံမိုးပျံပူဖောင်းပွဲတော် ကျင်းပ

အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အယ်လ်ဘူခါကီမြို့မှာ ကျင်းပတဲ့ မိုးပျံပူဖောင်းပွဲတော် ဒုတိယမြောက်နေ့ အောက်တိုဘာ ၆ ရက်နေ့မှာ ကောင်းကင်တခုလုံး ရောင်စုံ မိုးပျံပူဖောင်းတွေနဲ့ ပြည့်နေပါတယ်။ ပွဲတော် စတဲ့ ပထမနေ့ အောက်တိုဘာ ၅ ရက်နေ့မှာ  မိုးပျံပူဖောင်းတွေ အုပ်စုလိုက် လွှတ်တင်ဖို့ စီစဉ်ခဲ့ပေမယ့် မြူတွေ ထူထပ်နေတာကြောင့် အစီအစဉ်ဖျက်ခဲ့ရပါတယ်။ အဲဒီမိုးပျံပူဖောင်းပွဲတော်ကို အောက်တိုဘာ ၁၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ပွဲတော်ကို သောင်းချီတဲ့ ပွဲကြည့်ပရိသတ်တွေ လာရောက် အားပေးကြမယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
3 years Ago
Up