အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟန်တန်ရပ်ကွက် အောက်ပိုင်းမှာ ဧပြီ ၁၈ ရက်က ယာဉ်ရပ်နားစခန်းပြိုကျလို့ လူတဦးထက်မနည်း သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
ယာဉ်ရပ်နားစခန်းရဲ့ ဘေးကပ်လျက် လူနေအဆောက်အအုံတခုမှာ အစည်းအဝေးတက်နေတဲ့ မျက်မြင်သက်သေ အန်ဒရူး ရှိုမဲန်က ပြိုကျတဲ့အကြောင်း ဆိုရှယ်မီဒီယာကနေတဆင့် မသိရှိရမီ ဆူညံသံ ဥဩသံတွေ ကြားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် အမိုးပေါ်ကိုသွားပြီး အပျက်အစီးတွေကို သူက ကြည့်ခဲ့တာပါ။ ကားဂိုဒေါင်ထဲမှာ သူ့အစည်းအဝေးကို လာတက်သူတွေရဲ့ ကားတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လေးထပ်ရှိပြီး ပြိုကျခဲ့တဲ့ ယာဉ်ရပ်နားစခန်းဟာ ပေ့စ်တက္ကသိုလ်နဲ့ နယူးယောက် စတော့အိတ်ချိန်း အဆောက်အဦတို့နားမှာ ရှိပါတယ်။
ဒီဖြစ်ရပ်ကြောင့် အဆောက်အဦထဲက အလုပ်သမားတဦး သေဆုံးပြီး တခြားလူ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တမင်ကြံစည်လုပ်ဆောင်တဲ့ ဖြစ်ရပ်အဖြစ် သံသယမရှိကြပါဘူး။ နောက်ထပ် သေဆုံး ဒဏ်ရာရသူ ရှိမရှိ ရှာနိုင်ဖို့ အဆောက်အဦ အခြေအနေက မတည်ငြိမ်တဲ့အတွက် ပြိုကျတဲ့ အပျက်အစီးတွေကို အရေးပေါ် အရာရှိတွေက စက်ရုပ်လက်တံတွေသုံးပြီး ဖယ်ရှားခဲ့ပါတယ်။
7. 270 killed, 2,600 injured in Sudan's violence: WHO
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မန်ဟန်တန်မြို့နယ်က တရုတ်တန်းရပ်ကွက်မှာ တရုတ် လျှို့ဝှက်ရဲစခန်းတစ်ခုကို စီမံဆောင်ရွက်ထားတယ်လို့ စွပ်စွဲခံထားရတဲ့ နယူးယောက်မြို့ခံနှစ်ဦးကို အမေရိကန်တရား ဥပဒေစိုးမိုးရေးအရာရှိတွေက ဖမ်းဆီးလိုက်တယ်လို့ ဘရွတ်ကလင်းမြို့က ထိပ်တန်းအစိုးရရှေ့နေက ဧပြီ ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အသက် ၆၁ နှစ်အရွယ် လျိုကျန်းဝမ့်နဲ့ အသက် ၅၉ နှစ်အရွယ် ချန်ကျင်းဖျင်တို့ဟာ အမေရိကန် အာဏာပိုင်တွေကို အသိမပေးဘဲ တရုတ်အစိုးရရဲ့ အေးဂျင့်အဖြစ် အလုပ်လုပ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ တရားမျှတမှုကို နှောင့်ယှက်မှုတို့နဲ့ တရားရင်ဆိုင်နေရတယ်လို့ အစိုးရရှေ့နေတွေက ပြောခဲ့ ပါတယ်။
သူတို့ကို တနင်္လာနေ့နှောင်းပိုင်းမှာ ဘရွတ်ကလင်းက ဗဟိုတရားရုံးမှာ ရုံးထုတ် ခဲ့ပါတယ်။ ဘရွတ်ကလင်းက ထိပ်တန်းအစိုးရရှေ့နေ ဘရွန်ပိစ်က "နယူးယောက်မြို့လယ်မှာ လျှို့ဝှက်ရဲစခန်းတစ်ခု တည်ထောင်ခြင်းအားဖြင့် အမေရိကန်အစိုးရရဲ့ အချုပ်အခြာအာဏာကို တရုတ်အစိုးရက ထင်ထင်ရှားရှား ချိုးဖောက်ခဲ့တာကို ဒီတရားစွဲဆိုမှုက ဖော်ပြ နေပါတယ်"လို့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံကနေ ထွက်ပြေးလာသူလို့ ယူဆရတဲ့ လူတစ်ဦးကို အိမ်ပြန်ဖို့ လူမျိုးနွယ်စုက စည်းရုံးရေးကြိုးပမ်းခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ အဲဒီလူဟာ နှောင့်ယှက်ခြိမ်းခြောက် ခံရတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ တရုတ်အစိုးရဟာ ကယ်လီဖိုးနီးယားမှာနေတဲ့ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူလို့ ယူဆရသူတစ်ဦးကို ရှာဖို့လူမျိုးနွယ်ကို အကူအညီတောင်းခဲ့တယ်လို့ အမေရိကန်အစိုးရရှေ့နေတွေက ပြောပါတယ်။
သူတို့နှစ်ဦး စုံစမ်းစစ်ဆေးခံနေရပြီဆိုတာ သိပြီးတဲ့နောက် တရုတ်အစိုးရအရာရှိ တစ်ဦးနဲ့ အဆက်အသွယ်တွေကိုဖြတ်ခဲ့တာ ဝန်ခံခဲ့တယ်လို့ FBI က အစိုးရရှေ့နေ တွေကို ပြောပါတယ်။