close

နယ်ခြားစောင့်အရာရှိ

close

December 5, 2021

မောင်တော နယ်ခြားစောင့်အရာရှိတစ်ဦး လက်နက်နှင့်အတူ ထွက်ပြေး၊ စစ်ကြောင်းနှစ်ခုခွဲ ရှာဖွေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားနယ်စပ် ဝေလာတောင် ကျေးရွာအနီး မိုင်တိုင်အမှတ် ၄၃ အောင်ဇူစခန်းမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်အရာရှိတစ်ဦး နိုဝင်ဘာလ ၃၀ ရက်နေ့က လက်နက်တွေနဲ့အတူ ထွက်ပြေးသွားပြီး ဒီဇင်ဘာလ ၅ ရက် ဒီကနေ့ မနက်အထိ ရှာမတွေ့သေးဘူးလို့  အမည်မဖော်လိုသူ ရဲအရာရှိက ပြောပါတယ်။ 

ထွက်ပြေးသွားသူဟာ ဒုရဲအုပ် ကိုကြည်ထွန်း ကိုယ်ပိုင်အမှတ် လ-၂၁၉၁၄၄ ဖြစ်ပြီး မိခင်တပ်ရင်းမှာ နခခ(၆) အင်းဒင်နယ်မြေစခန်းကနေ ခမောင်းဆိပ်မြို့နယ်ခွဲအနီး အောင်ဇူစခန်းမှာ ယာယီတာဝန်ကျနေစဥ် စစ်ကြောင်းထွက်မယ့်အချိန် နာရီဝက်လောက်အလိုမှာ ထွက်ပြေးသွားတာလည်း ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက “ထွက်ပြေးတာက နိုဝင်ဘာ ၃၀ ရက်နေ့ ၊ဒီနေ့အထိ ရှာမတွေ့သေးဘူး။ စစ်ကြောင်း၂ ခုခွဲပြီး လိုက်ရှာနေကြတယ်။ လက်နက်တွေပါ ပါသွားတာကို” လို့ ပြောပါတယ်။ 

အဲဒီ နယ်ခြားစောင့်အရာရှိ ထွက်ပြေးသွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး သူ့ကို တင်ဆောင်ခဲ့တဲ့ ဆိုက်ကယ် ကယ်ရီသမားရဲ့ အစ်ကိုဖြစ်သူကို ခမောင်းဆိပ်နယ်ခြားစောင့်စခန်းမှ ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၆ နာရီကျော်လောက်မှာ ဖမ်းဆီးသွားခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ရာ သက်ဆိုင်မှု မရှိတာကြောင့် ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်း ပြန်လွှတ်ပေးခဲ့​တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

မင်းခမောက်ဒေသခံတစ်ဦးက “ဆိုင်ကယ် ကယ်ရီသမား၊ သူက ဝေလာတောင်နဲ့ မောင်တောကို ဆိုင်ကယ်အငှားလိုက်နေတာ။ သူ မောင်တောကိုအပြန်မှာ နယ်ခြားစောင့်ဒုရဲအုပ်က ဆိုင်ကယ်ငှားပြီး မောင်တောမြို့ လိုက်ပို့ခိုင်းတာ။ ထွက်ပြေးတာလား၊ ကိစ္စနဲ့သွားတာလား ဘယ်သိပါမလဲ၊ ဆိုင်ကယ်သမား ရှာမရလို့ အစ်ကိုဖြစ်သူကို ဖမ်းတာ။ သူတို့မှာ ဘာအပြစ်မှမရှိဘူး” လို့ ပြောပါတယ်။  

ပို့ဆောင်ပေးခဲ့သူ ဆိုင်ကယ် ကယ်ရီသမားမှာတော့ ဖမ်းဆီးမှာကို ​စိုးရိမ်ပြီး ရှောင်တိမ်းနေရ​ပါတယ်။ 

အောင်ဇူးနယ်ခြားစောင့်စခန်းမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့် ဒုရဲအုပ်ကြည်ထွန်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ဖြစ်ပြီး တာဝန် မထမ်းဆောင်ချင်တော့တဲ့အတွက် ထွက်ပြေးတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။

2 mins Ago

March 16, 2020

ပျောက်ဆုံးနေသည့် နယ်ခြားစောင့်အရာရှိ ဆင်နင်းခံရသေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း သုပဏ္ဏက ကျေးရွာအုပ်စု-ဘောင်းရွာက ပျောက်ဆုံးနေတဲ့ နယ်ခြားစောင့်အရာရှိတဦး ဆင်နင်းခံရပြီး သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ မြိုအမျိုးသမီး ၂ ဦးကို မတ်လ ၁၄ ရက်နေ့က ရွာသူရွာသားတွေနဲ့ နယ်မြေခံနယ်ခြားစောင့်တပ်တွေ တောနင်းလိုက်ရှာကြစဉ် လူစုကွဲပြီး ပျောက်ကျန်ခဲ့တဲ့ အမှတ် ၅ နယ်မြေစခန်းမှ အရာရှိကို မတ် ၁၅ ရက် ညနေပိုင်းမှာ တောစပ်ချောင်းအနီး ဆင်နင်းခံရပြီး သေဆုံးနေတာ တွေ့ရှိခဲ့တာလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးက အတည်ပြုပြောပါတယ်။ သေဆုံးသူမှာ နယ်မြေ ၁ အောင်သပြေစခန်းမှ ဒုရဲအုပ်ကျော်ဦးလှိုင်ဖြစ်ပြီး အလောင်းကို မောင်တောဆေးရုံ ပို့ဆောင်စစ်ဆေးပြီး ဒီနေ့ နေ့လယ်ပိုင်း မောင်တောသုဿန်မှာ သင်္ဂြိုဟ်သွားမယ်လို့ အောင်သပြေစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်း ဘောင်းရွာမှ မြိုလူမျိုး အမျိုးသမီး ၃ ဦး ရွာအနီး တောင်ယာကို မတ်လ ၁၃ ရက်နေ့ ညနေပိုင်း ဟင်းသွားရှာစဉ် ပျောက်ဆုံးသွားတဲ့အတွက် သက်ဆိုင်ရာနယ်မြေ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ရွာသူရွာသားတွေ လိုက်ရှာဖွေခဲ့ကြပြီး ကျေးရွာနဲ့ တမိုင်ကျော်ဝေးတဲ့ ယာခင်းအတွင်း သေဆုံးနေသူတဦးကို ည ၈ နာရီကျော်လောက် တွေ့ရှိရပြီး ကျန်အမျိုးသမီး ၂ ဦးကတော့ ဒီနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ လင်းလက်
2 years Ago
Up