close

နယ်စည်းမခြားဆရာဝန်များအဖွဲ့

close

December 12, 2022

ရွှေ့ပြောင်းအခြေချသူ ၅၀၀ ကျော်ပါသည့် သင်္ဘော ၂ စီးကို အီတလီ ဆိုက်ကပ်ခွင့်ပြု

လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်ကွယ်မယ်လို့ ကြေညာထားတဲ့ အီတလီနိုင်ငံမှာ ရွှေ့ပြောင်းအခြေချသူ ၅၀၀ ကျော်ပါတဲ့ ပရဟိတကယ်ဆယ်ရေးသင်္ဘော ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်မှာ နိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်ပြုခဲ့ပါတယ်။

ဆိုရွားတဲ့ ရာသီဥတုအခြေအနေအောက်က ပင်လယ်ထဲမှာ ရက်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရတဲ့ သည်ဂျီယိုဘားရန့်သင်္ဘောကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ကြီးကြပ်နေပါတယ်။

ရွှေ့ပြောင်းအခြေချသူ ၂၄၈ ဦး ပါဝင်လာတဲ့ ဒီသင်္ဘောက ကမ်ပါနီယား အနောက်တောင်ဒေသမှာရှိတဲ့ ဆယ်လာနိုမြို့မှာ ဆိုက်ကပ်နိုင်ခဲ့တာလို့ MSF က ပြောပါတယ်။

အီတလီအာဏာပိုင်တွေက ခွင့်ပြုချက်ပေးဖို့ သဘောတူပြီးတဲ့နောက် နိုင်ငံရဲ့ တခြားတဖက်ခြမ်းမှာ ပရဟိတအဖွဲ့ SOS Humanity က ပြေးဆွဲပေးခဲ့တဲ့ နောက်ထပ် ကယ်ဆယ်ရေးသင်္ဘောတစီးလည်း ဆိပ်ကမ်းမြို့တော် ဘာရီမှာ ဆိုက်ကပ်လာခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အလွန်ကြမ်းတမ်းပြီး ၃ မီတာမြင့်တဲ့ ပင်လယ်လှိုင်းတွေ၊ လေပြင်းတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ရွှေ့ပြောင်းအခြေချသူ ၂၆၁ ဦး လိုက်ပါလာတဲ့ ဒီသင်္ဘောဆိုက်ကပ်မှုကို SOS Humanity အဖွဲ့က တွစ်တာကတဆင့် အတည်ပြုပါတယ်။

မြေထဲပင်လယ်ဒေသက ရွှေ့ပြောင်းအခြေချသူတွေ ပါဝင်လာတဲ့ ပရဟိတလှေတွေကနေ အကူအညီတောင်းခံမှုကို တုံ့ပြန်ရာမှာ ဝန်ကြီးချုပ် ဂျီအော်ဂျီရာ မယ်လိုနီ ဦးဆောင်တဲ့ အီတလီ အစိုးရသစ်အတွက် စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ အီတလီနိုင်ငံဘက်က လှည့်ပြန်ခိုင်းခဲ့တဲ့ လှေတစီးကို ပြင်သစ်နိုင်ငံက လက်ခံခဲ့တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်ခဲ့ပါသေးတယ်။

အီတလီ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကတော့ ဒီသင်္ဘောနှစ်စင်းကို ဆိုက်ကပ်ခွင့်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ လူဝင်မှုကြီးကြပ်ရေး မူဝါဒ အပြောင်းအလဲကို ကိုယ်စားပြုတာမဟုတ်ဘဲ ဆိုးရွားတဲ့ရာသီအောက်က ရွှေ့ပြောင်းအခြေချသူတွေ ကြုံလာရနိုင်တဲ့ အန္တရာယ်အပေါ်မှာ အခြေခံဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ဒီပရဟိတသင်္ဘောတွေဟာ ရွှေ့ပြောင်းအခြေချသူတွေ အီတလီနိုင်ငံထဲ ရောက်ရှိလာပြီး စီးပွားရေးအရ လူကုန်ကူးတဲ့သူတွေလက်ထဲ ရောက်ဖို့ ပိုလွယ်အောင် လုပ်နေတာမျိုး ဖြစ်နေတယ်လို့ အဲ့ဒီသတင်းရင်းမြစ်က စွပ်စွဲပါတယ်။

ဝန်ကြီးဌာနကတော့ အီတလီနိုင်ငံရဲ့ နယ်စပ်ဒေသတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ လူမှောင်ခိုကူးတဲ့ဖြစ်ရပ်တွေ ရပ်တန့်သွားအောင် စည်းမျဉ်းအသစ်တွေချမှတ်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

15 mins Ago

September 13, 2020

မောင်တောခရိုင် လူနာသစ် ၆ ဦးတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့က ဝန်ထမ်း ၃ ဦးပါဝင်

ရခိုင်ပြည်နယ်​ မောင်တောခရိုင်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၆ ဦးထဲမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဝန်ထမ်း ၃ ဦး ပါဝင်တယ်လို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်နဲ့ မနေ့ည ထုတ်ပြန်တဲ့ လူနာသစ် ၃၅၁ ဦး စာရင်းထဲမှာ မောင်တောမြို့က  ၁ ဦးနဲ့ ဘူးသီးတောင်မြို့က ၅ ဦး ပါဝင်တာပါ။ ဦးရွှေလှအောင်က “မနေ့ကတွေ့တဲ့ ၅ ဦးထဲမှာ နယ်စည်းမထား ဆရာဝန်အဖွဲ့က ဝန်ထမ်း ၃ ဦး ပါတယ်။ တဦးက စပီးဘုတ်မောင်းတဲ့သူ၊ နောက် ၂ ဦးက ရုံးဝန်ထမ်းတွေ ဖြစ်တယ်။ အခု သူတို့ရုံးတွေ Lock down ချထားတယ်။” ဘူသီးတောင်မှာ တွေ့တဲ့ နောက် ၂ ဦးကတော့ အရပ်သားတွေဖြစ်ပြီး သူတို့နေအိမ်တွေကို Lock down ချထားတယ်လို့  ဦးရွှေလှအောင်က ဆိုပါတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့က လူ ၁၀ ဦးရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တွေကို စစ်ဆေးရာ မှာ  ၃ ဦး ရောဂါပိုးတွေ့ရှိခဲ့တာလို့ သိရပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံမှာ ကိုဗစ် Positive လူနာ ၇ ယောက် ဆေးကုသမှုခံနေပါတယ်။ မောင်တောမြို့က ကိုဗစ်-၁၉ လူနာသစ်ဟာ အရင်က ရောဂါပိုးတွေ့ပြီး ဆေးရုံတက်ခဲ့တဲ့ မိသားစုထဲက ကျန်ခဲ့သူ ၁ ဦးဖြစ်ကာ အသွားအလာကန့်သတ်ထားပြီး စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ပါဝင်လာတာ ဖြစ်ပါတယ်။ လက်ရှိ မောင်တောပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ Positive လူနာ ၅ ဦး ဆေးကုသမှု ခံယူနေ​ပါတယ်။ လင်းလက်
2 years Ago
Up