close

နယ်စပ်ခြံစည်းရိုး

close

March 16, 2023

စစ်ရှောင်များ နေရပ်ပြန်ပြီးနောက် ထိုင်းနိုင်ငံက နယ်စပ်ခြံစည်းရိုးများခတ်ပြီး လုံခြုံရေး တိုးမြှင့်

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းရွာက စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်လာကြပြီးနောက် ထိုင်းနိုင်ငံဘက်က နယ်စပ်တလျှောက် ခြံစည်းရိုးတွေခတ်ထားကာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝိုင်ဒင်းကျေးရွာ အပါအဝင် ရှမ်းကိုးရွာက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို ဒေသခံ ၁ဝဝ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အဆိုပါ စစ်ရှောင်သူတွေ နေရပ်ပြန်လာကြပြီးနောက်မှာ အခုလို လုံခြုံရေးတွေ တိုးမြှင့်လိုက်တာ  ဖြစ်ပါတယ်။

ကော့သောင်းခရိုင်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ထားတယ်လို့လည်း ထိုင်းနိုင်ငံ အမှတ်-၁၂ ခြေမြန်တပ်ရင်းကနေ ထုတ်ပြန်ထားပါသေးတယ်။

ဒေသခံပြည်သူတဦးက “စစ်ကောင်စီဘက်က သူတို့တာဝန်ယူနိုင်မယ် ဆိုပြီးတော့ သွားညှိနှိုင်းပြီး ပြန်ခေါ်လာကြတာပါ” လို့ ပြောပါတယ်။

‌စစ်ဘေးရှောင်‌ပြည်သူတွေ ပြီးခဲ့တဲ့အပတ်တည်းက နေရပ်ကို ပြန်ရောက်ရှိလာတယ်လို့ သိရပြီး စစ်ကောင်စီဘက်က ထိုင်းနိုင်ငံဘက် အရာရှိတွေနဲ့ သဘောတူညီမှုတွေယူပြီး နေရပ်ကို ပြန်ခေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းကိုးရွာထဲက ဝိုင်ဒင်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေး ထိန်းချုပ်နယ်မြေအဖြစ် တရားဝင်ကြေညာလိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သာလွန်အင်အား အသုံးပြုကာ စစ်ကြောင်းထိုး တိုက်ခိုက်လာတဲ့အတွက် စစ်‌ရေးအရှိန် မြင့်မားနေတယ်လို့ သိရပါတယ်။

34 seconds Ago

November 3, 2022

ပိုလန်က ရုရှားနှင့်ထိစပ်နေသည့် နယ်စပ်တွင် ခြံစည်းရိုးဆောက်မည်

ပိုလန်ဟာ ရုရှားရဲ့ ကလီနင်ဂရက်နဲ့ ထိစပ်နေတဲ့ နယ်မြေမှာ သံဆူးဘလိတ်ကြိုး ခြံစည်းရိုးတခု ဆောက်မယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။

အဲဒီနေရာဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လမ်းကြောင်းတခု ဖြစ်လာနိုင်မှာကို စိုးရိမ်မှုတွေ ရှိနေတာပါ။

အမြင့် ၈ ပေနဲ့ အနက် ၉ ပေကျော်ရှိတဲ့ ယာယီနယ်စပ်စည်းရိုး တည်ဆောက်တာကို ချက်ချင်း စတင်တော့မယ်လို့ မာရီရူဇ် ဘလာ့စ်ဇကာ့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတို့က လေကြောင်းခရီးစဉ်တွေအတွက် ကလီနင်ဂရက်ဒ် အော့ဘ်လာ့စ်ဒေသမှာ လေဆိပ်ဖွင့်လိုက်ပြီဆိုတဲ့သတင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလို့ ဒီနယ်စပ်ကို ပိတ်လိုက်ပြီးတော့ ကလီနင်ဂရက်ဒ် အော့ဘ်လာ့စ်နဲ့ ပိုလန်နယ်စပ်မှာ လုံခြုံရေးခိုင်မာစေမယ့် အစီအမံတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သူက ပြောပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် တင်းမာမှုတွေ မြင့်တက်လာတာနဲ့အတူ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကိုလည်း သူက ကိုးကားပြောဆိုပါတယ်။

ကလီနင်ဂရက် နယ်စပ်စည်းရိုးဟာ ပြီးခဲ့တဲ့နှစ်က ပိုလန်နိုင်ငံနဲ့ ဘီလာရုစ်နယ်စပ်တလျှောက် တည်ဆောက်ခဲ့တဲ့ စည်းရိုးနဲ့ ဆင်တူတယ်လို့ ဘလာ့စ်ဇကာ့စ်က ပြောကြားခဲ့ပါတယ်။

4 months Ago
Up