close

နယ်စပ်ဖြတ်ကျော်

close

April 25, 2023

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ သွားရောက်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ဆွေးနွေး

ထိုင်းအစိုးရ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဒွန်းပရမတ် ဝိနိုင်းနဲ့ အဖွဲ့ဟာပြီးခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ မီးခိုးမြူတွေလျှော့ချရေး ကိစ္စ ဆွေးနွေးခဲ့တယ်လို့ Workpoint today ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၂၁ ရက်က အဆိုပါတွေ့ဆုံပွဲမှာ ထိုင်း-မြန်မာ-လာအို နယ်စပ်ဒေသတွင်း မီးခိုးမြူတွေလျှော့ချရေးကိစ္စ အပါအဝင် ထိုင်း-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လူမှောင်ခိုကုန်ကူးမှု တားဆီးရေး၊ တရားမဝင် မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုရောင်းဝယ်မှု နှိမ်နင်းရေးတွေပါ ဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။

နေပြည်တော်တွေ့ဆုံပွဲမှာ ထိုင်းဘက်က နိုင်ငံခြားရေးရာ အတိုင်ပင်ခံ နန်းဖိမွန်း ကန်ကျနရတ်တန ကလည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နှစ်နိုင်ငံနယ်စပ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အာဆီယံအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေးစင်တာ AHA Centre ဖွင့်လှစ်ခဲ့တဲ့ကိစ္စတွေ ဖြည့်စွက်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာတဲ့ တိုက်ပွဲရှောင် ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးခဲ့တဲ့အကြောင်းပါ ပြောဆိုခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီပြန်ကြားရေဘက်ကတော့ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် လူကုန်ကူးမှုတွေ၊ မူးယစ်ကုန်သွယ်မှုတွေနဲ့ လက်နက်ကုန်သွယ်မှုတွေ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့  သတင်းထုတ်ပြန်ထားပါတယ်။

ဒီလဆန်းပိုင်းကလည်း ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားဟာ လာအိုနိုင်ငံနဲ့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့အတူ အွန်လိုင်းပေါ်ကနေ ဆွေးနွေးရာမှာ တောမီးလောင်မှု တားဆီးရေး၊ တောင်ယာမီးရှို့မှု လျှော့ချရေးအတွက် တောင်သူလယ်သမားတွေကို ကုန်းတွင်းစိုက်ပျိုးရေး ထောက်ပံ့ကူညီရေး၊ လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ပြီး အသေးစား ဇီဝဓာတ်ငွေ့ထုတ်လုပ်ဖို့၊ စွန့်ပစ်ပစ္စည်းတွေကို လူ့အသုံးအဆောင်ပစ္စည်းတွေအဖြစ် ရီဆိုင်ကယ် ပြန်လည်ထုတ်လုပ်နိုင်ဖို့ နည်းလမ်းရှာဖွေတာတွေလည်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအကြီးအကဲတို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ အကြမ်းဖက်မှုတွေလည်း ဖြစ်နေဆဲပဲလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးရတဲ့ ပြည်သူတွေ ရှိနေပြီး ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ဘက်ကိုလည်း မြန်မာဘက်က စစ်ဘေးရှောင် ၁၂,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်းလည်း  ဖော်ပြထားပါတယ်။

5 mins Ago

March 11, 2023

တရားမဝင် နယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံသား ၁၈ ဦး ပထုံဌာနီခရိုင်တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရဲ့ အဝေးပြေးကားလမ်းမပေါ်မှာ သတ်မှတ်ကီလို ကျော်လွန် မောင်းနှင်လာတဲ့ အံစာတုံးအမျိုးအစား ကားတစီးကို မတ် ၉ ရက်က တာဝန်ကျ ယာဥ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ တရားမဝင်မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကီလိုကျော်မောင်းနှင်လို့ စစ်ဆေးရာကနေ ​လူ ၁၈ ဦး ပြည့်ကျပ်စွာ လိုက်ပါလာတာကို တွေ့ရတဲ့အတွက် စစ်ဆေးရာမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

ယာဉ်ထိန်းရဲတွေက စစ်ဆေးရာမှာ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်ခဲ့တာဖြစ်ပြီး ပွဲစားခ တယောက်ကို ဘတ် ၂၈,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ စံခို့ရဲစခန်းကိုပို့​ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၃၀၀ နီးပါးလောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

မတ် ၈ ရက်ကလည်း ကော့သောင်း-ရနောင်း- ရေလမ်းကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး နဲ့ လမ်းပြ ၃ ဦးကို နရာထိဝါ့ခရိုင်ထဲမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

1 month Ago
Up