စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ ကန့်သတ်ချက်ကြောင့် နယ်စပ်လမ်းကြောင်းကတဆင့် တရုတ်ပြည်ဈေးကွက်ဆီ တင်ပို့ နေတဲ့ ဆန်ကုန်သည်တွေဟာ ဆန် တအိတ် ရောင်းချလိုက်တိုင်း မြန်မာငွေ ၁၁,၀၀၀ ကျပ် ဆုံးရှုံးရတော့မယ်လို့ ကုန်သည်တွေက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတဆင့် တဖက်နိုင်ငံသို့ ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေ တင်ပို့ရောင်းချရာက ရရှိတဲ့ ပို့ကုန်ရဝင်ငွေ(နိုင်ငံခြားသုံးငွေ)ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ မြန်မာကျပ်ငွေ လဲလှယ်ခြင်း မပြုစေဘဲ ပို့ကုန်တင်ပို့သူတွေကို ရာနှုန်းပြည့် ထုတ်ယူ အသုံးပြုခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ကစပြီး ခွင့်ပြုပေးထားတဲ့ ကင်းလွတ်ခွင့်ကို ကန့်သတ်လိုက်တဲ့အကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။
အဆိုပါ သတ်မှတ်ချက်အရ ပို့ကုန်တင်ပို့မှု ဆောင်ရွက်ရာမှာ ကုန်စည်အလိုက် မျှတမှု ရှိစေရေးနဲ့ ပြည်ပသို့ တင်ပို့တဲ့ အဓိက ပို့ကုန်ပစ္စည်းတွေအပေါ် တပြေးညီ ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှတဆင့် တဖက် နိုင်ငံသို့ ဆန် နဲ့ ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှ ရရှိတဲ့ နိုင်ငံခြားသုံးငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှစပြီး ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမယ် လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်တဲ့ ကန့်သတ်ချက်ကြောင့် နယ်စပ်လမ်းကြောင်းကတဆင့် ဆန်တင်ပို့ ရောင်းချနေတဲ့ ကုန်သည်တွေ အားလုံး ဆန် တအိတ် ရောင်းချလိုက်တိုင်း မြန်မာငွေ ၁၁,၀၀၀ ကျပ် ဆုံးရှုံးမှုနဲ့ ကြုံတွေ့ ရတော့မယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
မူဆယ်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တဦးက “မတ်လ ၁ ရက်နေ့ကစပြီးတော့ ပြည်ပပို့ကုန်ရငွေထဲက တန်ဖိုး ၆၅ ရာခိုင်နှုန်း ကို ဗဟိုဘဏ်သတ်မှတ်တဲ့ဈေးနှုန်းနဲ့ လဲလှယ် ရမယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနှုန်းနဲ့ လဲလှယ် နိုင်တယ်ပေါ့။ ဒါပေမဲ့ ကုန်သည်တွေအဖို့ ဘာနစ်နာစေလဲ ဆိုတော့ အခုအခြေအနေမှာ ဆန်တအိတ် ရောင်းလို့ရှိရင် တရုတ်ငွေ ယွမ် ၁၀၀ ရတယ်။ အဲ့ဒီ့ တရုတ်ငွေ ယွမ် ၁၀၀ ကို ဒီကနေ့ ပြင်ပပေါက်ဈေးက ၁ ယွမ် ကို ၄၂၆ ကျပ် နှုန်းနဲ့ အပြည့် လဲလှယ်လို့ ရသေးတယ်။ ဒါပေမဲ့ မတ်လ ၁ ရက်နေ့ ကစပြီး အန်ကယ်လ်တို့က တရုတ်နိုင်ငံဆီ ဆန်ရောင်းလိုက်တဲ့အခါမှာ ယွမ် ၁၀၀ ရရင် ၆၅ ယွမ် ကို ဗဟိုဘဏ်သတ်မှတ် ဈေး ၃၀၂ ကျပ်နဲ့ လဲလှယ်ပေးရမယ်။ ကျန်တဲ့ ၃၅ ယွမ် ကိုတော့ ၄၂၆ ကျပ်နဲ့ လဲလှယ်ခွင့်ရမယ်။ ဒီ့တော့ အတိုချုပ်ပြောရရင် ဘာတွေ နစ်နာစေလဲဆိုရင် ဆန်တအိတ် ရောင်းတိုင်း၊ရောင်းတိုင်း ကုန်သည်ဖက်က မြန်မာငွေ ၁၁,၀၀၀ ကျပ် ဆုံးရှုံး နစ်နာ သွားရပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ဒီဆုံးရှုံးနစ်နာမှုဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ကုန်သည်တွေအပေါ် ဖိအား ရှိလာစေပြီး နောက်ဆက်တွဲ ဆိုးကျိုးက နယ်စပ်ကုန်သွယ်ရေးကိုပါ ထိခိုက်မှု ရှိလာနိုင်တာပါ။
မူဆယ်နယ်စပ်ကုန်သည်များအသင်းမှ လုပ်ငန်းရှင်တဦးကလဲ “ကုန်သည်တွေအနေနဲ့ ရေရှည် ခံနိုင်ရည် ရှိဖို့ဆိုတာက ပြည်တွင်းမှာ ဆန်ဈေး ကျမှ ရမယ်။ ဆန်ဈေးကလဲ တအိတ်ကို ၁၁,၀၀၀ လောက် ဈေးကျမှပဲ တရုတ် ပြည်ဈေးကွက်ကို တင်ပို့နိုင်မယ်။ တကယ်လို့ ပြည်တွင်းမှာ ဆန်ဈေး မကျရင်တော့ ကျနော်တို့ ကုန်သည်တွေအနေနဲ့ တရုတ်ပြည်ဈေးကွက်ဆီ တင်ပို့ဖို့ ဆိုတာက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဘာလို့လဲဆို ပြည်တွင်း ဆန်ဈေး ကျမှပဲ ဒီဈေးနှုန်း ကွာဟမှုကို ပြန်ပြီး တော့ ဖာထေးနိုင်မှာလေ။ ပြည်တွင်းမှာ ဆန်ဈေး မကျလို့ ကုန်သည်တွေလဲ တွက်ခြေ မကိုက်လို့ မပို့တဲ့အခါ နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်မှု ရှိလာနိုင်တယ်။ နောက်ဆက်တွဲကတော့ အဆင်မပြေမှုတွေ ဆုံးရှုံးမှုတွေ ရှိလာမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာဆိုရင်လဲ တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ အခုနှစ် ဖေဖော်ဝါရီလဆန်းကစပြီး နေ့စဉ် ကုန်ကားစီးရေ သုံးရာကျော် ပုံမှန်ဝင်ရောက်မှုရှိလာတဲ့အတွက် တိုးတက်မှု ရှိလာပါတယ်။ ဒါပေမဲ့ ကိုဗစ် မတိုင်မီ နဲ့ စစ်အာဏာ မသိမ်းမီကာလ အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ခန့် ကျဆင်းမှု ရှိနေပါသေးတယ်။
မူဆယ် အခြေစိုက်ကုန်သည်တွေက “ကိုဗစ် မဖြစ်ခင် ကာလတုန်းက မြန်မာဘက်အခြမ်းက တနေ့ကို ကုန်ကားအစီးရေ အနည်းဆုံး ငါးရာနဲ့ ခြောက်ရာ သွားခဲ့တာလေ။ ဒါပေမဲ့ အားလုံး သိတဲ့အတိုင်းပဲ။ မြန်မာပြည်မှာ ကိုဗစ်ဖြစ်တယ်။ ပြီးတော့ စစ်တပ်က အာဏာသိမ်းတာ ကြုံခဲ့ရတယ်။ အဆိုးဆုံးအခြေအနေကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကိုဗစ် တတိယလှိုင်းဖြစ်ခဲ့တဲ့ ၂၀၂၁ ဇူလှိုင်မှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးက လုံးဝ ရပ်တန့်သလောက် ဖြစ်သွားခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဟာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၆၈ ဒသမ ၄၁ သန်း ရရှိခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၁၂၆ ဒသမ ၉၆ သန်းသာ ရှိတဲ့အတွက် ကုန်သွယ်မှုပမာဏက ထက်ဝက်ခန့် လျှော့ကျသွားပါတယ်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ရှိတာကြောင့် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပြီး အရှေ့မြောက် စီးပွားရေး တံခါးပေါက် တခုလည်း ဖြစ်ပါတယ်။
မြန်မာနယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်ပြီး နွားလာယူတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦး ဖေဖော်ဝါရီ ၂၅ ရက်က မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေဆီက သိရပါတယ်။
ဒဏ်ရာရရှိသွားသူမှာ အသက် ၂၅ နှစ် ဂူလန်အက္ကဘာ ဖြစ်ပြီး ဘယ်ဘက်ခြေကျင်းဝတ် နေရာအနှံ့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် အရေးပေါ်ဆေးကုသပေးပြီး ကော့ဇ်ဘဇားဆေးရုံကို ဆက်လက်ပို့ဆောင်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
နယ်စပ်နေ ဒုက္ခသည်တဦးက "မြန်မာဘက်က နွားကုန်သည်တွေက ဘင်္ဂလာဒေ့ရှ်ဘက်က နွားကုန်သည်တွေနဲ့ ချိတ်ပြီး အမြဲတမ်း နွားခိုးသွင်းနေကြတာ။ မြန်မာဘက်က နယ်ခြားစောင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) ကို ငွေပေးရသလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကိုလည်း ငွေပေးကြရတယ်။ အခု မိုင်းနင်းမိတာက နွားထိန်းတဲ့သူပါ။ နွားတွေကို သာမန်လူတွေ ထိန်းမရဘူး။ ကျွမ်းကျင်တဲ့သူမှ ထိန်းလို့ရတာ" လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေများပြီး အမဲသား လိုအပ်တာကြောင့် မြန်မာဘက်မှ နွားတွေကို ရခိုင်ပြည်နယ်မြေပုံ၊ မာန်အောင် စတဲ့ ဒေသတွေကနေ ရေတပ်ကို လာဘ်ငွေပေးကာ နွားမှောင်ခို စက်လှေတွေနဲ့ တင်ပို့လေ့ရှိပါတယ်။
ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောဘက်ကလည်း ကုန်းကြောင်း နွားမှောင်ခိုလမ်းကြောင်းနဲ့ ဘင်္ဂလားဘက်ကို အမြဲတမ်းတင်ပို့လေ့ရှိတယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီနယ်စပ်နဲ့ ကပ်နေတဲ့ မြန်မာဘက်ခြမ်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ထိုင်းဘက်က နယ်စပ်လုံခြုံရေးတိုးမြှင့်ချထားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားဖော်ပြပါတယ်။
မြန်မာစစ်တပ်နဲ့ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေတစ်နာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး မနက်အစောပိုင်း ၆နာရီခွဲလောက်က စတင်ကာ ထိုင်းဘက်ကနေ သေနတ်သံတွေ ကြားခဲ့ရသလို မြန်မာနိုင်ငံဘက်အခြမ်း ဘုရားသုံးဆူဘက်ကနေ မီးတောက်တွေ မီးခိုးတွေ ထွက်လာတာကို လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။
မီးတောက်နဲ့ မီးခိုးတွေထွက်ပေါ်လာရာနေရာဟာ ဆန်ခလာဘူရီနယ်မြေမှာရှိတဲ့ ဘုရားသုံးဆူဖြတ်လမ်းနဲ့ မီတာ ၂၀၀ လောက်ဝေးတဲ့ ဘုရားသုံးဆူခရိုင်ရုံးနဲ့ ရဲစခန်းရှိရာနေရာက ဖြစ်မယ်လို့ ကနဦးခန့်မှန်းထားကြပါတယ်။
ထိုင်းအထူးတပ်ဖွဲ့ရဲ့ လက်ထောက်တပ်မှူးက နယ်စပ်တစ်လျှောက်မှာ သတိအပြည့်နဲ့ စောင့်ကြည့်နေဖို့ ထိုင်းစစ်သားတွေကို အမိန့်ပေးထားခဲ့သလို အဲဒီဒေသတဝိုက်က အရပ်သားတွေကိုလည်းလုံခြုံရေးဂိတ်ကိုဖြတ်ကျော်ခွင့်မပေးတော့ဘဲ ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ မြန်မာစစ်တပ်ကအစောပိုင်းမှာဖမ်းဆီးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ရဲ့ ရဲဘော်တွေကို ဘုရားသုံးဆူ ရဲစခန်းကနေ ပြန်လည်ကယ်တင်ဖို့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့ကြတာဖြစ်တယ်လို့ သတင်းရစ်မြစ်တစ်ခုက ပြောတယ်လို့ဆိုပါတယ်။
ရဲဘော်တွေကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီး ရဲစခန်းရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးကို မီးရှို့လိုက်ကြတယ်လို့ Bangkok Post သတင်းရေးပါတယ်။
အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့စခန်းရှိရာကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး အခြေအနေဟာပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့တယ်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲကြောင့် မြန်မာဘက်ကနေ ထိုင်းဘက်ကို ပြေးလာသူမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
စနေနေ့ မွန်းလွဲပိုင်းမှာ ဘုရာသုံးဆူ နယ်မြေမှာ အားလုံးပုံမှန်ပြန်လည် လည်ပတ်နေခဲ့ကြပေမဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကတော့ သတိအပြည့်နဲ့စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ ဆန်ခလာဘူရီ နယ်မြေအုပ်ချုပ်ရေးမှူးက သူ့ရဲ့လက်ထောက်ကို နယ်စပ်တစ်လျှောက်စစ်ဆေးဖို့နဲ့ အခြေအနေကို စောင့်ကြည့်ဖို့ တာဝန်ပေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရဲစခန်းကို ဖေဖော်ဝါရီလ ၂၅ ရက် မနက် ၅ နာရီလောက်က နဂါးနီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့အပြန် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနီစစ်ကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။
ရဲစခန်းကို မီးရှို့ပြီးအပြန် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါးနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီရဲ့တပ်စခန်းတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိမရှိ မသိရဘဲ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတော့ ၁ ယောက်ကျဆုံး ၂ ယောက် ဒဏ်ရာရတယ်လို့ နဂါးနီစစ်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ဘုရားသုံးဆူမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ဘုရားသုံးဆူမြို့တွင်းမှာလည်း တပ်တွေဖြန့်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် မြို့တွင်းတိုက်ပွဲတွေထပ်မံဖြစ်ပွားလာမှာကို မြို့ခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။
Ref: Bangkok Post